spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် ထိခိုက်တဲ့ ရဲဘော်(၈)ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း PNLA ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းတွေနဲ့ ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် ရဲဘော်အချို့ဟာ ဓာတုဗုံးထိခိုက်မှုကြောင့် ခံစားနေကြရတယ်လို့ ဒီကနေ့မတ်လ ၈ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က အသိပေး ထုတ်ပြန်ထားပါတယ်။

ဓာတုအဆိပ်ငွေ့ဗုံး ထိခိုက်မှုကြောင့် မူးဝေတာ၊ အရေပြားယားယံတာနဲ့ စိတ်အတက်အကျမြန်တာ စတဲ့ ပုံစံတူလက္ခဏာတွေကို ခံစားနေကြတဲ့ ရဲ‌ဘော်အချို့ကို ဆေးဝါးကုသပေးနေပြီး ရဲဘော် ၈ ဦးက ကုသမှု ခံယူနေကြဆဲဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဲ့ဒီ အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တာပေါ့နော်။ အဲ့တာ ရူရှိုက်မိတဲ့ ရဲဘော်တွေထိခိုက်တဲ့ ရဲဘော်တွေက ခံစားရတဲ့ ဝေဒနာတွေက ပုံစံတူတွေ ဖြစ်တယ်ပေါ့နော်။ ပြီးတော့ မူးဝေတာ အရေပြားယားယံတာ စိတ်အတက်အကျ မြန်တာ အောက်ဆီဂျင်ကျတာပေါ့နော်။ အဲ့လိုမျိုးတွေ ပုံစံတူခံစားကြရတာပေါ့နော်။ အဲ့တာကို ကျနော်တို့က အခုထိ ဆေးဝါးကုသပေးနေရဆဲဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ရဲဘော်လည်းပါတယ်ပေါ့နော်။ ကျနော်တို့ရဲဘော် ၈ ဦးကတော့ အခုထိ ကုသမှုခံယူနေဆဲပဲဖြစ်ပါတယ်” လို့ (PNLA) ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဓတ်ပုံ – PNLA Facebook

အဆိုပါ ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တဲ့နေရာမှာ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုနဲ့ တိုက်ပွဲဖြစ်ပွားခြင်းတွေမရှိဘဲ စစ်ကောင်စီဖက်မှ တဖက်သတ် တိုက်ခိုက်မှု ပြုလုပ်တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့အပေါင်းအပါတွေဟာ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ပြီး စစ်တိုက်ကာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေလည်း ပြုလုပ်နေတယ်လို့ PNLA ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ဘယ်စစ်တပ်ကမှ အမျိုးသားဝတ်စုံဝတ်ပြီး စစ်မတိုက်ဘူးပေါ့နော်။ အခုက ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ပြီး ပအိုဝ်းဒေသကို ပြန်လည် ပျက်စီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်တယ်ဆိုတာက စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်ပေါ့နော်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ယမန်နေ့ မတ်လ ၇ ရက်နေ့မှာလည်း စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်အတွင်းကို လက်နက်ကြီး ၊ ဒရုန်းတွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၆ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေ့ရက်တွေမှာလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်တမင်တိုက်ခိုက်နေပြီး လူနေအိမ်တွေအပြင် ဘာသာရေးအဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှုများတယ်လို့ PNLA ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

spot_img
spot_img

Recent posts