spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNPP ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှေ့လုပ်ငန်းစဉ်အဖြစ် ကရင်နီပြည်အတွင်း စစ်ကောင်စီရဲ့ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှတ်တမ်းပြုစုပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ငန်းတွေကို ချမှတ်အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ၁၄ကြိမ်မြောက်ပါတီကွန်ကရက်အပြီးမှာ ထုတ်ပြန်လိုက်ပါတယ်။

ပါတီကွန်ကရက်မှ ရွေးချယ်တင်မြှောက်ခံရတဲ့ ပါတီဥက္ကဌ ခူဦးရယ်က “တစ်ခုပဲ ကျနော်တို့ ပြောလို့ရတာကတော့ လောလောလတ်လတ်မှာ ကျနော်တို့ ဒီ ၂၀၂၁ခုနှစ်မှာ ဆိုးဆိုးဝါးဝါးပေါ့ဗျ။ ကျယ်ကျယ်လောင်လောင် ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားနေရာအနှံ့ ဖြစ်ပျက်နေတာပေါ့။ အထူးသဖြင့်ကတော့ ကျနော်တို့ ကရင်နီပြည်မှာ ဖြစ်နေတဲ့ အရာကိုတော့ ကျနော်တို့ ဦးစားပေးအနေနဲ့ ကျနော်တို့ လုပ်သွားဖို့ရှိပါတယ်။ ဒီအတွက်လည်း ကျနော်တို့ လုပ်ငန်း ကော်မတီကိုလည်း ကျနော်တို့ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ရရှိလာတဲ့ သတင်းအချက်လက်တွေကိုပေါ့နော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရော ဒီမြန်မာတစ်နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပါ ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကတော့ ကျနော်တို့ နိုင်ငံရေး စစ်ရေး ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ ယှဉ်တွဲပြီးတော့ အဓိက ဦးစားပေးလုပ်ငန်းတစ်ခုအနေနဲ့ ကျနော်တို့ ကောက်ခါငင်ခါ ချက်ချင်းလုပ်ဆောင်သွားမယ့် ဦးစားပေးလုပ်ငန်းပဲ ဖြစ်ပါတယ်။” လို့ ကန္တာရဝတီတိုင်း(မ်)နဲ့တွေ့ဆုံမေးမြန်းမှုမှာ ပြောသွားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၁၄ကြိမ်မြောက်ပါတီကွန်ကရက်ကို ကရင်နီပြည်ဒေသတစ်နေရာမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီဗဟိုကော်မတီများ၊ ပါတီအရံဗဟိုကော်မတီများ ရွေးချယ်တင်မြှောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းအတည်ပြုခဲ့ပြီး ဥက္ကဌအဖြစ် ခူဦးရယ် ရွေးချယ်တင်မြှောက်ခံရတာပဲ ဖြစ်ပါတယ်။

ကွန်ကရက်အပြီး ကြားကာလမှာ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် အခြားသောဘဝတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံအတွင်း အခြားသောအင်အားစုများနဲ့ အတူကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးချမှတ်ခဲ့ပါတယ်။

အဆိုပါ ကွန်ကရက်မှာ ပါတီဥက္ကဌတစ်ဦး၊ ပါတီဗဟိုကော်မတီဝင် (၁၈)ဦး၊ ပါတီအရံဗဟိုကော်မတီ ၇ ဦးတို့ကို ပါတီဝင်လျို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ပါတီကွန်ကရက်မှ ပါတီဥက္ကဌအဖြစ် ခူဦးရယ်၊ ပါတီဒုတိယဥက္ကဌအဖြစ် အေဘယ်တွိဒ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး (၁)အဖြစ် ခူဒယ်နီယာ၊ အတွင်းရေးမှူး (၂)အဖြစ် အောင်ဆန်းမြင့်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် စောခဲလေ၊ ခူတော်ရယ်(အက်စ်)၊ ခူညေးရယ်၊ စောလုသာသန်း တို့ကို အသီးသီးရွေးချယ်ခဲ့ကြပါတယ်။

ပါတီကွန်ကရက်မှာ သက်တမ်း ၄နှစ်တာအတွင်းဆောင်ရွက်ခဲ့တဲ့ပါတီနဲ့ အစိုးရရဲ့လုပ်ငန်းအစီရင်ခံစာများ၊ ကြားကာလဖွဲ့စည်းခဲ့တဲ့ပါတီရေးရာကော်မတီနဲ့ ကရင်နီပြည်အစိုးရ ဌာနဆိုင်ရာ အစီရင်ခံစာတွေကို တင်သွင်းအတည်ပြုခြင်း၊ ပါတီရဲ့အခြေခံမူလမ်းစဉ်နဲ့ဖွဲ့စည်းပုံဥပဒေ၊ ကရင်နီပြည်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနည်းဥပဒေတွေကို သုံးသပ်ပြင်ဆင်ခြင်းများအပြင် ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts