spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ CDM ပြုလုပ်ကြဖို့ CDM ရဲတပ်သားတွေ တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်သားတွေအနေနဲ့ ပြည်သူနဲ့တစ်သားတည်းရပ်တည်ပြီး CDM ပြုလုပ်ကြဖို့ကို CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်သားတွေကနေ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

ကရင်နီပြည်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲစခန်းတွေကနေ လက်နက်နဲ့အတူ CDM ပြုလုပ်လာသူတွေရဲ့ စကားသံကို KNDF က ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘောလခဲမြို့မရဲစခန်းကနေ CDM ပြုလုပ်ခဲ့တဲ့ ရဲမေဝတ်မှုန်ဖူးက အခုလို ပြောဆိုထားပါတယ်။

“ကိုယ့်ရဲ့ရွေးချယ်မှုပဲလေ ရွေးချယ်မှုမှန်ကန်ဖို့ပဲလိုတယ်ပေါ့နော။ ကိုယ်ရွေးချယ်လိုက်တဲ့အပေါ်မှာလည်း ဘယ်တော့မှနောင်တမရဘူးပေါ့ ။ ဆက်ပြီးတော့ ထွက်လာချင်တဲ့သူရှိရင် ထွက်လာခဲ့ပါ။ ပြည်သူလူထုကိုလည်း နောက်ကျမှထွက်လာရတဲ့အတွက် အများကြီးတောင်းပန်ချင်တယ်ပေါ့နော။ ညီမ ထွက်ချင်တာတော့ကြာပါပြီ ညီမ ကလေး ငယ်သေးလို့ပါ။ အဲ့ဒါလေးပြောချင်ပါတယ်။”လို့ ရဲမေဝတ်မှုန်ဖူးက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်းက မြို့မရဲစခန်း နဲ့ ခရိုင် ရဲစခန်းကနေ KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်တဲ့ ရဲတပ်သား ၇ ဦးအထိ ရှိခဲ့ပါတယ်။ သူတို့တွေကို လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးထားပြီး ခံစားခွင့်ဆုကြေးကိုလည်း ပေးအပ်ထားတယ်လို့ KNDF က ပြောဆိုထားပါတယ်။

ကရင်နီပြည်မှာ စစ်ရေးအရှိန် ပိုမိုပြင်းထန်လာနေတာကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထပ်မံဖိတ်ခေါ် တိုက်တွန်းပါတယ်။ CDM ပြုလုပ်လာသူတွေကိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချမှုကို ပြည့်ဝစွာ အာမခံတယ်လို့ KNDF က ဆိုပါတယ်။

“ကျနော် စစ်အာဏာရှင်အောက်မှာ မနေချင်တာလည်းပါတယ်။ ကျနော်က ကယားတိုင်းရင်းသားပဲလေ တိုင်းရင်းသားဖက်မှာလည်း ပါဝင်ချင်တာကြာပြီ။ အခြေအနေကြောင့် မိသားစုကြောင့် နေနေရတယ်။ အဲ့မှာမနေချင်တော့ဘူးဆိုပြီး ဆုံးဖြတ်ချက်ချပြီး ထွက်လာလိုက်တယ်။ နောင်လာနောင်သား၊ သားသမီး၊ တိုင်းရင်းသားအားလုံးအတွက်ပေါ့ ဆုံးဖြတ်ပြီးထွက်လာလိုက်တယ်။ မနေချင်တာလည်းကြာပါပြီ စစ်အာဏာရှင်လက်အောက်မှာ အခုက အခွင့်အရေးရလို့ ထွက်လာလိုက်တာ။ ဟိုဖက် ပြောတာက သတင်းအမှားတွေပါ ဆန့်ကျင်ဖက်တွေပြောနေတာ။ ဒီဖက်က အားလုံးအဆင်ပြေတယ် အစစအရာရာကြိုဆိုတယ်။ အားလုံးအဆင်ပြေတယ်။” လို့ KNDF ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ CDM ရဲတပ်သား ညေးရယ်က ပြောဆိုထားတာပါ။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်က CDM ဌာနမှာ CDM ပြုလုပ်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ၊ တပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts