spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီဟာ လူမျိုးတုံးသတ်ဖြတ်မှုပုံစံအထိ ကျူးလွန်နေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှတ်ချက်ပြု

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်မီးရှို့ဖျက်ဆီးမှု ပိုမိုများပြားလာတဲ့အပြင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်လာတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုပုံစံထိ ကျူးလွန်နေပြီဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က မှတ်ချက်ပြုထားပါတယ်။

မိမိဒေသ၊ မိမိနေအိမ်မှာ ဆက်နေလို့မရအောင် မီးရှို့ဖျက်ဆီးတာ၊ စားနပ်ရိက္ခာပြန်ယူတဲ့သူတွေကို ဖမ်းဆီးပြီးသတ်ဖြတ်တာတွေက ကြာလာလျှင် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကြုံတွေ့ရနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ဒေသမှာဆက်နေလို့မရအောင် ပြန်လာရင်လည်း နေစရာမရှိ စားစရာမရှိပေါ့နော။ ပြေးရင်လည်း ဒီအတိုင်းပဲဆက်နေမယ်ဆိုရင်လည်း ခုနပြောသလို ကျန်းမာရေးရှုထောင့် ငတ်မွတ်ခေါင်းပါးမှုရှုထောင့်ကနေ ခံရမယ်ဆိုရင် ကျနော်တို့သေဆုံးမှု အန္တရာယ်ကိုလည်း ကျနော်တို့ကြုံတွေ့ရမယ်။ အဲ့တော့ ခုနကပြောသလို ပြန်လာလို့မရအောင်လည်းလုပ်တယ် နေလို့မရအောင်လည်းလုပ်တယ်ပေါ့နော။ ပြန်လို့မရအောင်လုပ်တယ်ဆိုတာ ခုနကပြောသလို အိမ်တွေမီးရှို့တာရှိတယ်။ ဖျက်ဆီးတာရှိတယ်။ မိုင်းတွေထောင်တာရှိတယ်။ စားနပ်ရိက္ခာပြန်ယူလို့မရအောင်လုပ်တယ်။ ပြန်လာမယ်ဆိုရင် သတ်ဖြတ်တာရှိတယ်ပေါ့နော။ အဲ့ဒီဟာက ကရင်နီမျိုးနွယ်စုအပေါ်မှာ သူတို့က လူမျိုးတုံးသတ်ဖြတ်မှုပုံစံတစ်ခုထိ ကျူးလွန်နေပြီလားလို့တောင်မှ ကျနော်တို့မှတ်ချက်ပြုနိုင်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

အိမ်တစ်လုံးဆောက်နိုင်ဖို့အတွက် သွေး၊ ချွေးအများကြီး ပေးဆပ်ပြီးဆောက်လုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးရင်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုပြုတာကြောင့် စိတ်နာကြောင်း၊ နေအိမ်မီးရှို့ခံရပေမယ့်လည်း စစ်ပွဲပြီးသွားရင် ကိုယ့်ခြံဝန်းမှာ တဲအီမ်တစ်လုံးပြန်ဆောက်ပြီး နေထိုင်မယ်လို့ ဒီးမော့ဆိုမြို့နယ်မှ နေအိမ်မီးရှို့ခံရတဲ့ ဒေါ်သိန်းဆွေက ပြောပါတယ်။

“ဘယ်လိုပြောရမလဲ တိုက်ပွဲဆို မြန်မြန်ဖြစ်၊ မြန်မြန်ပြီး၊ မြန်မြန်နားအေး၊ အဲ့မျိုးပဲ ဖြစ်စေချင်တယ်။ ကိုယ့်အိမ်ကိုယ်လည်း ပြန်နေချင်တယ်ပေါ့နော။ တကယ်လို့များ အိုးမရှိ အိမ်မရှိ ပြန်မလာဘူးဆိုရင်လည်း ကိုယ့်ဒေသမှမဟုတ်တာ သူများနားမှာနေရတာ ကိုယ့်အိမ်လောက်တော့ အဆင်မပြေဘူးလေ။ ဒါကြောင့်မလို့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲမြန်မြန်ပြီးသွားလို့ရှိရင် ကျမတို့ အိမ် ကျမတို့ခြံနဲ့ပြန်နေရအောင် တဲအိမ်တစ်လုံးတော့ ဆောက်နေရမယ်လို့ အဲ့မျိုးပဲ စိတ်ထဲမှာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော ဝဋ်ကြွေးလို့ပဲစဉ်းစားတယ်။ ဝဋ်ကြွေးလို့ပဲ သတ်မှတ်ရတော့မှာပေါ့လို့။ နောက်တစ်ကယ်လို့များ ဝဋ်ကြွေးပဲ နှစ်ခါ ပြောရင်တော့ တစ်ရွာလုံးအဲ့လိုမျိုးတောင် ဖြစ်တယ်ဆို မကြုံဖူးတော့ အဲ့ဒါစိတ်နာတယ်။ တကယ်ကိုရင်နာခဲ့ရတယ်။”လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံပျက်စီးမှု ၁၀လုံး၊ အရပ်သားနေအိမ်ပျက်စီးတာ ၆၄၉လုံးရှိနေပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သာလွန်တဲ့လက်နက်ကြီးပစ်ခတ်မှု၊ အတွဲလိုက်ဒုံးပစ်ခတ်မှု၊ လေကြောင်းပစ်ကူတိုက်ခိုက်မှုအပြင် မြေပြင်မှာ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့မှ နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတစ်ဦးက “ဒီလို ကျနော်တို့ရွာ မီးရှို့ခံရတယ်ပေါ့နော။ ကျနော်အိမ်မီးရှို့ခံရတာ စစ်ကောင်စီပေါ့နော။ စစ်ကောင်စီကမီးရှို့တယ်။ ရွာထဲမှာရှိတဲ့သူကိုလည်း မတရားသတ်တယ်ပေါ့နော။ သူတို့ကို မြန်မာမြေပေါ်မှာ ကရင်နီမြေပေါ်မှာမရှိစေချင်ဘူး။ အာဏာရှင်စနစ်ကို ကျနော်တို့ခေတ်မှာပဲ အဆုံးသတ်စေချင်တယ်ပေါ့ဗျား။ ဒါမှပဲ လာမယ့် ကျနော်တို့အနာဂတ် ဘဝတွေက အဆင်ပြေပြေနဲ့နေနိုင်မှာပေါ့။”လို့ ဆိုပါတယ်။

မတ်လ ၁၄ရက်နေ့ မနက်အစောပိုင်းမှာ ဒီးမော့ဆိုအရှေ့ခြမ်းရှိ အရပ်သားရှိရာနေရာကို လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေကြောင့် လူထိခိုက်မှုအပြင် နေအိမ်၊ ကျေးရွာဆေးပေးခန်းလည်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထားပါတယ်။

spot_img
spot_img

Recent posts