spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ ဒေါဆီးအီစာသင်ကျောင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၉ ဦး ရှိပြီး စိုးရိမ်ရသူ နှစ်ဦးရှိ

ကန္တာရ၀တီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၅ ရက်နေ့က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒေါဆီးအီ အလယ်တန်းကျောင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၉ ဦးအထိရှိနေပြီး စိုးရိမ်ရသူ နှစ်ဦးရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အစပိုင်းကတော့ ၉ ယောက်ထိတယ်ပေါ့နော။ နောက်ပိုင်းကတော့ တစ်ရက် နှစ်ရက်နေတော့ပြန်ကြည့်တော့ ပြန်စုတဲ့ချိန်မှာ ၂၉ ယောက်။ အဲဒီ ၂၉ ယောက်ထဲမှာမှ စိုးရိမ်ရတဲ့အခြေနေက ၂ ယောက်ဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ကျောင်းသားလေးဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ကျောင်းသား ၄ ဦးကို ဖေဖော်၀ါရီလ ၆ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။

စိုးရိမ်ရတဲ့ ကျောင်းသား ၂ ဦးဟာ လတ်တလောမှာ ဆေးကုသမှုခံယူနေရပြီး ကျန်တဲ့ ကျောင်းသား ၂၇ ဦးကို နေအိမ်အတွင်းမှာ ကုသမှုခံယူထားရတယ်လို့ ကျောင်းသားမိဘထံကနေ သိရပါတယ်။

တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် ကျောင်းသားမိဘတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြရပြီး ကျောင်းဆက်မပို့ရဲတော့တဲ့အထိ ဖြစ်သွားကြရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတစ်ဦးကလည်း အခုလို ပြောပါတယ်။

“မပို့တော့ဘူး။ အရေးတော်ပုံမအောင်မချင်းတော့ ဘယ်မှ မပို့တော့ဘူး။ ပညာမတတ်ချင်နေ။ အိမ်မှာပဲ အေးဆေးနေခိုင်းချင်တယ်။ ကိုယ့်မှာပဲ နေခိုင်းချင်တယ်”လို့ သူက ပြောပါတယ်။

လတ်တလောမှာတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေါဆီးအီ အလယ်တန်းစာသင်ကျောင်းကို ရက်အကန့်အသတ်မရှိပိတ်ထားတယ်လို့ ကျောင်းတာ၀န်ခံ ဆရာမတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေရဲ့ စာသင်ကျောင်း၂ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းအများစုကိုလည်း ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

spot_img
spot_img