spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဆင်ရေးဆောင်ရွက်နေစဥ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ထပ်မံတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁၁.၁၁ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့ခံတွေကို နေရပ်ကို ခေတ္တစွန့်ခွာ ရှောင်တိမ်းပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေက ထပ်မံတောင်းဆိုထားပါတယ်။

မြို့တွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်နေတာပါ။

တိမ်းရှောင်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ ထပ်မံတိမ်းရှောင်ပေးကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။

“ရှောင်ဖို့ အခြေအနေ၊ အခွင့်အရေး ရသေးရင် အမြန်ဆုံး ရှောင်လိုက်ကြပါ။ တစ်သက်သာ ငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့၊ မျှတတဲ့ လူမှုအသိုက်အဝန်းသစ် ဖြစ်လာဖို့ ခေတ္တ စွန့်ခွာလိုက်ပါ” လို့ စစ်ရေးချုပ် ခူးရီးဒူ က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားပါတယ်။

မြို့ပြစစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက စတင်လာခဲ့ပြီး ဒီကနေ့ဟာ ၇ ရက်မြောက်နေ့အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၁၁ ရက်နေ့ကတည်း တိမ်းရှောင်နေကြသူလည်း ရှိနေပြီး စစ်ကောင်စီတပ်ကတော့ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ လမ်းတွေကိုတော့ ပိတ်ထားပြီး ဖြတ်သွားတဲ့ အရပ်သားတွေကို ပစ်ခတ်တာတွေကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့က အရပ်သားတချို့ သေဆုံးခဲ့တာရှိပါတယ်။

လက်ရှိမှာတော့ တိမ်းရှောင်သူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟတိတ အသင်းအဖွဲ့တွေလည်း ရှိနေပြီး ကိုယ်ပိုင်အစီအစဥ်နဲ့ တိမ်းရှောင်ကြသူတွေလည်း ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့တော့ အများကြီး ရှောင်ကြပြီ။ စိတ်မကောင်းစွာဘဲ မြို့ကို စွန့်ခွာကြတာ။ အမြန်ဆုံး ပြန်ငြိမ်းချမ်းပြီး အမြန်ပြန်လာရဖို့ ဆုတောင်းပါတယ်။ အားလုံးလည်း ဘေးကင်းကြဖို့ဘဲ ဆုတောင်းပေးပါတယ်။” လို့ ဒီကနေ့မှာ တိမ်းရှောင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့က ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးတာတွေ ရှိသလို အရပ်သား ၅ဝ နဲ့အထက် သေဆုံးမှုတွေ ရှိလာတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ သိရှိရပါတယ်။ စာရင်းအတိအကျကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

“မရှောင်ဘူးလို့ တွေးထားတာ။ မရတော့ဘူး။ ပတ်ရမ်းပြီး ပစ်တာ။ သေသူသေ၊ အိမ်တွေလည်း အကုန်ထိတာ။ ရှောင်လိုက်ရင်လည်း ကိုယ်ကူညီရာ ရမလားလို့ တွေးမိတာဘဲလေ။ ဆုတောင်းပြီး ရှောင်နေတာ။” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ပြစစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်က နေ့စဥ်လေကြောင်းသုံး တိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီးတွေကိုလည်း ရမ်းသန်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးကလည်း မြို့ပြစစ်ဆင်ရေးဟာ ပျက်စီးနစ်နာမှုတွေ များပြားမှာကို သိထားပေမယ့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ဆင်နွှဲရတာကြောင့် ဘေးလွတ်ရာကို ယာယီ တိမ်းရှောင်ပေးကြဖို့နဲ့ မကြာခင်မှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတက်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တိုက်တွန်းပြောကြားထားပါတယ်။

spot_img
spot_img

Recent posts