spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲအတွင်းက စစ်တပ်မြို့တော် ဘောလခဲ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ထဲက ဘောလခဲခရိုင် ဘောလခဲမြို့ကို ကရင်နီ လူထုတွေက “စစ်တပ်မြို့တော်” လို့ သမုတ်ခေါ်ဝေါ်လေ့ရှိကြပါတယ်။ အကြောင်းရင်းကတော့ ဘောလခဲမြို့ရဲ့ ပတ်ပတ်လည်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေဝန်းရံနေသလို၊ မြို့တွင်းမှာဆိုရင်လည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်မိသားစုဝင် အများအပြား နေထိုင်တာကြောင့်ပါ။

အခုလက်ရှိ အာဏာသိမ်းမှု နှစ်နှစ်ခွဲကာလ အထိလည်း ဘောလခဲမြို့ကို စစ်တပ်က ချုပ်ကိုင်ထားဆဲပါ။ ဘောလခဲမြို့နယ်ထဲက ကျေးရွာနေ ပြည်သူတွေကတော့ ရာနှုန်းပြည့် စစ်ဘေးရှောင်နေကြပြီး၊ မြို့ပေါ်ရပ်ကွက်တွေမှာတော့ လူဦးရေ ထက်ဝက်ခန့်သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

ဘောလခဲမြို့နယ်ရဲ့ လူဦးရေဟာ ၂၀၁၈ ခုနှစ် မတ်လအထိ မြို့နယ်အုပ်ချုပ်ရေးက ထုတ်ပြန်ထားတဲ့ စာရင်းအရ ရှစ်ထောင်ဝန်းကျင်ရှိပြီး၊ ဘောလခဲမြို့ပေါ်မှာ နေထိုင်သူ နှစ်ထောင်ကျော်ရှိကာ ဘောလခဲကျေးလက်ဒေသမှာ လေးထောင်ကျော်နဲ့၊ ရွာသစ်မြို့ပေါ်မှာ နှစ်ထောင်ကျော် နေထိုင်တယ်လို့ သိရှိရပါတယ်။

ဘောလခဲမြို့တွင်းမှာ ကျန်ရှိခဲ့တဲ့ ငါးဆယ်ရာခိုင်နှုန်းသော လူဦးရေတွေဟာလည်း မြို့အဝင်အထွက် သွားလာနိုင်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်ရရှိမှသာ သွားလာနိုင်ကြတာ ဖြစ်ပါတယ်။ ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပေမည့် ဘယ်နေရာကို ပစ်တာ၊ ဘာတွေကို ထိခိုက်သွားတာ စတာတွေကိုလည်း မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတတ်သာလို့သာ နေနေရတဲ့ မြို့ပေါ်က ကျန်ရှိလူဦးရေတွေဟာလည်း ရေရှည်မှာ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းကြရမလဲဆိုတာကိုတော့ တွေးပူရုံသာ တတ်နိုင်ကြပါတယ်။ တောင်ယာလုပ်ဖို့ကိုလည်း စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုဧရိယာတွေမှာသာ သွားရောက်လုပ်ကိုင်ခွင့်ရှိတာကြောင့် သူတို့ (စစ်ကောင်စီတပ်) ခွင့်ပြုဧရိယာထက် ကျော်လွန်တဲ့နေရာတွေမှာသာ တောင်ယာပိုင်ဆိုင်ကြသူတွေက လုပ်ကိုင်စားသောက်လို့ မရကြပြန်ပါဘူး။

ဘောလခဲမြို့နေ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ နဲ့ ကုန်စျေးနှုန်း

မနက်မိုးလင်းလို့ လွယ်အိတ်လေးတလုံး စလွယ်သိုင်း၊ ဓားသေးလေးတချောင်း ခါးကြားညှပ်ပြီး ဟောင်းနွမ်းတဲ့ တရုတ်ဘီးဆိုင်ကယ်တစီးကို စက်နိုးပြီး မြို့ပြင်ထွက်မယ်ဆိုရင် သူတို့
( စစ်ကောင်စီတပ် ) ရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားရပြီး ခွင့်ပြုချက်ရမှသာ ထွက်ခွင့်ရှိတာပါ။

ညနေစောင်း အလုပ်ပြီးလို့ ပင်ပန်းပြီး နားခိုစရာနေအိမ်လေးကိုပြန်ဖို့ မြို့ထဲပြန်ဝင်လာချိန်မှာလည်း သူတို့ (စစ်ကောင်စီတပ်) ရဲ့ တားဆီးမေးမြန်းမှုကို တဖန်ပြန်လည်ဖြေကြားရပါတယ်။ လူတဦးရဲ့ တန်ဖိုးကြီးမားတဲ့ နေ့ရက်တိုင်းကို လွတ်လပ်မှုမရှိပဲ၊ သူတို့ ( စစ်ကောင်စီတပ် ) ရဲ့ ခွင့်ပြုချက်နဲ့ ရှင်သန်ဖြတ်သန်းနေကြရတာပါ။

“ခွင့်တောင်းရတာပေါ့။ မြို့ပြင်ထွက်တယ်ဆိုရင် သူတို့ကို ခွင့်တောင်းရတယ်။ ပြီးတော့ ပေးမသွားရင်တော့ မသွားရဘူးပေါ့။ ပေးသွားလို့ရှိရင်တော့ သွားရတယ်ပေါ့။” လို့ ဒေသခံတဦးက စစ်ကောင်စီတပ်ရဲ့ ချုပ်ကိုင်ထားပုံကို ပြောပြလာတာပါ။

တနည်းအားဖြင့် သူတို့ ( စစ်ကောင်စီတပ် ) ချုပ်ကိုင်ထားတဲ့ နယ်မြေမှာ ရှင်သန်နေရတာကြောင့်၊ ဘောလခဲမြို့နေ ဒေသခံတွေဟာ ကိုယ်ပိုင်တဲ့နေ့ရက်တွေတိုင်း သူတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိတယ် ဆိုတာကို စစ်ကောင်စီတပ်တွေဆီမှာ ငြင်းချက်ထုတ်ခွင့်မရကြသလို၊ ငြင်းချက်လည်းမထုတ်ရဲကြပါဘူး။

မြို့တွင်းမှာကျန်ခဲ့တဲ့ ငါးဆယ်ရာခိုင်နှုန်းသော လူထုတွေဟာ တခြားသော စစ်ဘေးရှောင်တွေလိုမျိုး တိမ်းရှောင်ချင်ကြပေမည့် စစ်ကောင်စီတပ်က တိမ်းရှောင်ခွင့်မပေးတော့တာကတကြောင်း ၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ လူထုတွေဟာ မြောက်များစွာသောအခက်အခဲ၊ စိန်ခေါ်မှုတွေအပြင် အသက်အန္တရာယ်တွေဟာလည်း နေ့စဉ်နဲ့အမျှ ကျရောက်လာနိုင်တာကြောင့် တိမ်းရှောင်လိုစိတ်မရှိတော့တာက တကြောင်းနဲ့၊ မနေချင်ပေမည့် နေရပ်မှာပဲနေပြီး နေအိမ်မှာပဲသေမယ်ဆိုတဲ့ စိတ်နဲ့မတိမ်းရှောင်ကြတော့တာဖြစ်တယ်လို့ ဘောလခဲမြို့ပေါ်မှာနေတဲ့ ဒေသခံတဦးက သူတို့ရဲ့ ဖြစ်ရပ်အမှန်ကို စိတ်မကောင်းစွာ ဖွင့်ပြောလာတာပါ။

“ကလေးတွေကော၊ သက်ကြီးပိုင်းတွေကော။ တချို့ကျတော့လည်း မသွားချင် မလာချင်ကြဘူးကော။ သေမှသေလည်း ဒီမှာပဲ သေမယ်ဆိုတဲ့လူတွေလည်း ရှိတော့လည်း သွားဖို့ခက်ခဲတာပေါ့။ ဟိုမှာရောက်ရင် ဘာစား ဘာသောက်မလဲ ကြိုတင်တွေးတော့ ငတ်လည်း ဒီမှာလည်းငတ်မယ်။ သေလည်းဒီမှာလည်းသေမယ် ဆိုတဲ့ လူတွေလည်း ရှိတာကော။ အမှန်ကလည်း ဒီမှာက နေလို့မရတဲ့ မပျော်တော့တဲ့ထဲမှာ ပါတာပေါ့။” လို့ ဘောလခဲ မြို့နေ ဒေသခံတဦးက ပြောပြလာတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာနေ့စဉ် တိုက်ပွဲတွေဖြစ်နေပြီး၊ စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်စနစ်တွေ ကျင့်သုံးနေတာကြောင့် ဘောလခဲမြို့ကိုလည်း ကုန်ပစ္စည်းတွေမရောက်လာတော့ပါဘူး။ ကုန်စည်စီးဆင်းမှု လုံးဝပြတ်တောက်သွားတာဖြစ်တဲ့အတွက် လက်ကျန်ပစ္စည်းတွေဟာလည်း အဆမတန်စျေးတက်တာတွေနဲ့ကြုံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်သုံးဆီတွေလည်း ပြတ်လပ်နေပြီး လူထုတွေကတော့ သိုလှောင်ထားတာတွေနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ စက်သုံးဆီထက် စားစရာဆန်တွေ ပြတ်လပ်မသွားဖို့ကိုပဲ ဘောလခဲမြို့နေ ဒေသခံတွေက မျှော်လင့်နေကြရပါတယ်။

“ကြုံတော့ ကြုံရတာပေါ့။ စက်သုံးဆီဆိုလို့ရှိရင် နည်းနည်းခံသာသေးတယ်။ စားဖို့ ဆန်ဆိုလို့ရှိရင်တော့ တအားအရေးကြီးတာပေါ့။ ဒါပေမယ့် တအားကြီး ပြတ်လပ်တာတော့ မရှိသေးဘူး။ မရ ရတဲ့နည်းနဲ့ ကြိုတင်ရှာကြတာပေ့ါ။ ကြောက်လည်း သွားရတာပဲ။ စျေးကြီးလည်း ဝယ်ရတာပဲ အဲ့လိုပေါ့။” လို့ ဒေသခံတဦးက ကုန်စျေးနှုန်း၊ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ပြောတာပါ။

ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ

ဘောလခဲမြို့ပေါ်မှာတော့ လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စစ်ကောင်စီရဲ့ ဆေးရုံတရုံ ရှိနေပါသေးတယ်။ အရပ်သားတွေအနေနဲ့ အဲ့ဒီဆေးရုံကို သွားဖို့ လိုအပ်လာရင် ရပ်ကွက်ထောက်ခံစာပါမှ ဝင်ခွင့်ရှိတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ရပ်ကွက်ထောက်ခံစာပါရင်တောင်မှ ဆေးရုံက လက်ခံကုသတဲ့အချိန်ဖြစ်မှသာ ဝင်ခွင့် ရှိတာဖြစ်တယ်လို့ သိရပါတယ်။
အချိန်အကန့်အသတ်နဲ့ လက်ခံတဲ့အတွက် သူတို့လက်ခံတဲ့အချိန်မဟုတ်ရင် အရပ်သားတွေအနေနဲ့ ကျန်းမာရေးပြဿနာ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ ကုသခွင့်မရရှိပဲ နေအိမ်မှာသာ အဆင်ပြေသလို ဖြေရှင်းရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ အသက်ငါးနှစ်အောက် ကလေးငယ်တဦးဟာ ဖျားနာပြီး စစ်ဆေးရုံကို သွားရောက်ပြသဖို့ ရပ်ကွက်ထောက်ခံစာကို ရရှိခဲ့ပေမည့် လက်ခံကုသချိန် မဟုတ်တာကြောင့် အချိန်မီဆေးကုသနိုင်ခြင်းမရှိဘဲ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။

“ငါးနှစ်အောက်ကလေး ရှိမယ်။ ကလေးက ဖျားမှန်းနာမှန်းတော့ သိတယ်။ ဒါပေမယ့် ကိုယ့်ဖာသာကို အိမ်ထဲမှာပဲ ဆေးကု၊ ဆေးဝါးတွေလည်း မရှိ။ အပြင်မှာလည်း ဆေးဝါးမရှိဘူးကော။ အဲ့ဒါ စစ်ဆေးရုံသွားမယ်ဆိုတော့လည်း အချိန်အကန့်အသတ်လည်း ရှိတော့ အဲ့ဒါနဲ့ ကလေး ဆုံးသွားရတာပေါ့။ တကယ်လို့ အချိန်မီသာ ဆေးခန်းတွေ ရှိမယ်ဆိုရင် အဲ့ကလေးက မဆုံးနိုင်ဘူး။ အချိန်မီဆေးခန်းလည်း မပို့နိုင်။ ပြီးတော့စစ်ဆေးရုံပို့ဖို့ဆိုလည်း ရပ်ကွက်ထောက်ခံစာတွေ ဘာတွေ ယူပြီးရင်လည်း သူ့အချိန်နဲ့သူ ဝင်ရတာပေါ့။ ညဆိုလည်း မသွားရ။ မနက်အစောကြီးဆိုလည်း မသွားရ မဝင်ရဆိုတော့ ကလေး ဆုံးသွားတာပေါ့။ ဖြစ်တာက မိခင်လည်းသိတယ်။ ကလေးက နေမကောင်းတာကို။ ဒါပေမယ့် ဆေးဝါးလည်းမရှိတော့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိ။ စစ်ဆေးရုံသွားဖို့ ထောက်ခံချက်တွေလည်း ယူတော့ ညလည်း မဝင်ရဆိုတော့ နောက်ရက်လည်း မနက်အစောကြီးမှာ ဆုံးသွားတာပေါ့။” လို့ ဒေသခံတဦးက အသက်ဆုံးရှုံးလိုက်ရတဲ့ ကလေးငယ်ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြလာတာ ဖြစ်ပါတယ်။

ပညာရေး နဲ့ ဆက်သွယ်ရေး

လက်ရှိမှာတော့ ဘောလခဲမြို့ပေါ်မှာ စာသင်ကျောင်းဖွင့်လှစ်ထားပေမည့် လုံခြုံရေးအခြေအနေအရ အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဟာလည်း တခြားသောပညာသင်ယူစရာ နေရာမရှိတာကြောင့် စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ပညာသင်ယူနေကြပြီး ဆရာ၊ ဆရာမတွေလည်း လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

“ရာနှုန်းပြည့်တော့ မလည်ပတ်တော့ဘူးပဲ။ ကလေးတွေလည်း ရှိတော့၊ ဆရာမတွေလည်း မလုံလောက်ဘူးလေ။ ရှိတဲ့ဆရာမတွေနဲ့ပဲစာသင် ကလေးတွေလည်း ကျောင်းတက်။ ဒါပေမဲ့ နေ့တပိုင်းတက်တာများတယ်။ နေ့တပိုင်းပဲ ဖွင့်တာပေါ့ကျောင်းက။ ဆရာမလည်း မလုံလောက်ဘူးကော။ သူတို့လည်း ကြောက်လို့ ရှောင်နေရတာများတော့ ဒီမြို့ထဲဆိုရင် ဆရာမတွေက မလုံလောက်တော့ဘူးလေ။ ရှိတဲ့ဆရာမတွေက သင်ပေးပေါ့။ နေ့တပိုင်းလောက်ပဲဖွင့်။ ဒီလိုမျိုး အခြေအနေဆိုးတဲ့အချိန်ဆိုလို့ရှိရင် ကျောင်းမဖွင့်တော့ဘူး။ ပိတ်လိုက်ရတယ်။ အဲ့လိုမျိုးပေါ့။” လို့ ဒေသခံတဦး ပြောပါတယ်။

စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပေမယ့် ဘောလခဲမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ ကြားရတဲ့အခါ မကြာခဏ ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ ကရင်နီပြည်မှာ စစ်အာဏာရှင်ကို မလိုလားတာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး ( CDM ) ကို ပြုလုပ်တဲ့ ဝန်ထမ်းတွေ အမြောက်အများရှိနေတာကြောင့် စစ်ကောင်စီတပ်က ချုပ်ကိုင်ထားနိုင်တဲ့ မြို့ပေါ်တွေမှာလည်း လူထုဝန်ဆောင်မှုယန္တရားတွေ လည်ပတ်နိုင်ခြင်း အပြည့်အဝမရှိတော့တာပါ။

စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ပြီး စာသင်ကျောင်းတွေ ဖွင့်လှစ်နေနိုင်တဲ့ လွိုင်ကော်မြို့မှာတောင် စာသင်ကြားပေးမည့် ဆရာ၊ ဆရာမတွေ မလုံလောက်တာကြောင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေကနေ မူလတန်းတွေကို ပြန်လည်သင်ကြားပေးနေရတယ် ဆိုတဲ့ဖြစ်စဉ်ကိုလည်း လွိုင်ကော်မြို့ပေါ်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားမိဘတွေဆီကနေ သိရှိရပါတယ်။ လူဦးရေအနည်းငယ်သာ ကျန်ရှိနေတော့တဲ့ ဘောလခဲမြို့ပေါ်မှာ လူထုဝန်ဆောင်မှုယန္တရားအပြည့်အဝ မလည်ပတ်နိုင်တော့ဘူးဆိုတာက သေချာသလောက်ပါဘဲ။

ဘောလခဲမြို့ပေါ်မှာတော့ MPT မြန်မာ့ဆက်သွယ်ရေးလိုင်း ရရှိနေသေးပေမည့် စစ်ကောင်စီတပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေတာကြောင့်၊ ဘယ်အချိန်ပြတ်ပြီး ဘယ်လိုဖြစ်မယ်ဆိုတာကို မသိနိုင်သလို၊ ရတလှည့် မရတလှည့်နဲ့ပဲ အင်တာနက်ဆက်သွယ်ရေးကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ အင်တာနက်ဆက်သွယ်ရေးလိုင်းအပြင် ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတာတွေကိုတော့ မကြာခဏ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆက်သွယ်ရေးကတော့ သူ့ဟာ လိုင်းက ရချင်တဲ့အချိန်ရတယ်။ သူ့ဖာသာသူ ပျက်ချင်တဲ့အချိန် ပျက်တာပဲ။ တခါတလေဆို အင်တာနက်လိုင်းတွေ မရဘူး။ ဖုန်းလိုင်းရတယ်။ ဖုန်းလိုင်းရပေမဲ့ စကားပြောရင်လည်း ပြတ်တောက်ပြတ်တောက်နဲ့ ပြောရတယ်။ ဒါပေမယ့်လည်း မရတာ များပါတယ်။ ပျက်သွားတာ များတာပေါ့။” လို့ ဒေသခံတဦးက ပြောပါတယ်။

တိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်များ

တိုင်းရင်းသားတိုင်း မျိုးနွယ်စုတိုင်းမှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ရိုးရာပွဲတော်တွေ၊ မဖြစ်မနေ တန်ဖိုးထား ကျင်းပရတဲ့ ရိုးရာပွဲတော်တွေ ရှိပါတယ်။ ဘောလခဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာလည်း သူတို့ရဲ့ ရိုးရာပွဲတော်တွေကို အမြတ်တနိုး တန်ဖိုးထားပြီး ကျင်းပလေ့ရှိပါတယ်။ ဘောလခဲ မြို့ပေါ်ရပ်ကွက်မှာတော့ ဗမာ၊ ကယား၊ ရှမ်း၊ ယင်းတလဲ စတဲ့ လူမျိုးစုတွေက အများစု နေထိုင်ကြပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရိုးရာပွဲတော်တွေကို အစဉ်အလာမပျက် ကျင်းပလာကြပေမည့် ရိုးရာပွဲတော်နဲ့ တူညီအောင် မကျင်းပနိုင်တော့ဘဲ၊ ပပျောက်မသွားအောင် အဖြစ်သဘောမျှသာ ဆောင်ရွက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရိုးရာပွဲတော်တွေကို ကျင်းပတဲ့အခါ စစ်ကောင်စီတပ်ကို အသိပေးခွင့်တောင်းရပြီး သူတို့ခွင့်ပြုမှသာ ပြုလုပ်ရသလို၊ အချိန်အကန့်အသတ်အရသော်လည်းကောင်း လုံခြုံရေးအရသော်လည်းကောင်း ကြောက်လန့်စွာနဲ့သာ ရိုးရာပွဲတော်ကို ကျင်းပနေရတယ်လို့ ဘောလခဲဒေသခံ ယင်းတလဲလူမျိုးတဦးက ပြောပါတယ်။

“လုပ်တော့မယ်ဆိုရင်လည်း ကိုယ်လည်း သိပ်မလုပ်ရဲဘူးလေ။ သူတို့ကို ခွင့်တောင်းတာပေါ့။ ခွင့်တင်ရတာပေါ့။ ပြီးတော့ အဲ့မှာ သူတို့က ခွင့်ပြုလာရင် အဖြစ်သဘောလောက်ပဲပေါ့။ အဖြစ်လောက်ပဲ လုပ်မယ် အဲ့လိုမျိုးတွေပေါ့။ အရင်အကြောင်းကြားရတာပေါ့။ တံခွန်တိုင်ပွဲတို့ ဒီးကူပွဲတို့ဆိုရင် သေနတ်ဖောက်ရတာကော။ အခုဆိုရင် လုပ်လို့ မရတော့ဘူးလေ အဲ့လိုမျိုးက။ သူတို့ ခွင့်တောင်းပြီးတော့ သူတို့လည်း ခွင့်ပြုမှပဲ အဖြစ်လုပ်ရတာပေါ့။ အဖြစ်ဆိုရင် ဗုံ၊ မောင်း နည်းနည်းတီးပြီးတော့မှ ဖြစ်သလိုပဲ လုပ်၊ လုပ်ပြီးတော့ ပြန်သိမ်းပေါ့။” လို့ ယင်းတလဲ လူမျိုးတဦးက ရိုးရာပွဲတော်တွေ ကျင်းပရပုံကို ရှင်းပြတာဖြစ်ပါတယ်။

ကရင်နီပြည်က တိုင်းရင်းသားမျိုးနွယ်စု အသီးသီးမှာ တန်ဖိုးထားပြီး အစဉ်အလာမပြတ် ကျင်းပရတဲ့ ပွဲတော်တွေ ရှိပါတယ်။ ရိုးရာပွဲတော်တွေ ကျင်းပတဲ့အခါ ရပ်ဝေး၊ ရပ်နီးက မိတ်ဆွေတွေ ဧည့်သည်တော်တွေကို ဖိတ်ကြားပြီး ကျေးရွာကိုယ်စီက ပျော်ရွှင်စွာကျင်းပကြရသလို၊ တနှစ်ကို တကြိမ် လူမျိုးစုတွေက စုပေါင်းပြီးကျင်းပတဲ့ စုပေါင်းပွဲတော်တွေကိုလည်း ကျင်းပလေ့ရှိကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အဲ့ဒီလိုပွဲတော်တွေကို လွတ်လပ်စွာ ကျင်းပခွင့်မရရှိကြတော့ဘဲ ရောက်တဲ့နေရာကနေသာ အဖြစ်သဘော ကျင်းပနိုင်ကြတော့တာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေကြတဲ့ လူထုတွေဟာလည်း မိမိတို့ရဲ့ ရိုးရာကို တန်ဖိုးထားသလို မပပျောက်စေရေးအတွက် စစ်ဘေးရှောင်စခန်းတွေမှာ အကျဉ်းချုပ်အားဖြင့် ကျင်းပပြုလုပ်တာတွေလည်း ပြုလုပ်လေ့ရှိကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ သုံးသပ်ချက်

ဘောလခဲခရိုင်မှာ ဘောလခဲမြို့ဟာ စစ်ရေးအရာ အချက်အချာကျတဲ့မြို့ ဖြစ်တာကြောင့် အရပ်သားလူထုတွေကို ချုပ်ကိုင်ထားတာဟာ မြို့ပေါ်မှာ လူထုတွေကျန်ရှိနေစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ မြို့ပေါ်မှာ အရပ်သားလူထု မကျန်ရှိတော့ရင် သူတို့အတွက် စိုးရိမ်စရာဖြစ်တာကြောင့် အရပ်သားလူထုတွေဟာ ထပ်မံတိမ်းရှောင်သွားမှာကို စိုးရိမ်တဲ့အပြင် မြို့တွင်းက သတင်းအချက်အလက်တွေဟာ အပြင်ကို ရောက်သွားမှာကို စိုးရိမ်တာကြောင့် မြို့အဝင်အထွက်ကို ချုပ်ကိုင် စစ်ဆေးတာ ဖြစ်နိုင်တယ်လို့ ကရင်နီပြည်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှုး – ၂ ဦးဗညားက သုံးသပ်ပြောဆိုထားပါတယ်။

“သူတို့ကတော့ ဘောလခဲမြို့ မကျအောင်ပေ့ါနော။ ထိန်းချုပ်တဲ့နည်းအရ ဘောလခဲမြို့ မကျအောင် အမျိုးမျိုးနဲ့ သူကတော့ ကြိုးစားနေမှာပဲ။ အဲ့ဒီမှာက အခုလိုမျိုး လူထုတွေရဲ့ အဝင်အထွက်ကိုလည်း သူတို့က ထိန်းချုပ်တယ်။ အရင်တုန်းက ရှောင်ဖို့အတွက် ကြိုးစားတဲ့အချိန်မှာလည်း ပေးမရှောင်ဘူး။ ရှောင်တဲ့လူတွေကို လိုက်ပစ်တာလည်း ရှိတာပေါ့နော။ အခုကလည်း တိုက်ပွဲက နည်းနည်းငြိမ်တယ်ဆိုပေမည့်လည်း သေချာတာ တခုကတော့ လူထုတွေကို အပြင်ထွက်ပြီးတော့မှ သူတို့ဆီမှာ လူမရှိတော့ မြို့ကျမှာ သူတို့အရမ်းစိုးရိမ်တယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က လူကျန်နေသေးတယ် သူတို့အတွက်က လူသားဒိုင်းအဖြစ်က အချိန်မရွေး သုံးလို့ရတယ်။ လူမကျန်တော့ဘူးဆိုရင် သူတို့သီးသန့်ကြီး ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ပစ်မှတ်က ပိုရှင်းတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အခြားတဖက်မှာ ကြည့်မယ်ဆိုရင် သူတို့ရဲ့မြို့တွင်း သတင်းအချက်အလက်တွေကို အပြင်ကို မထွက်နိုင်အောင် ဒီလိုမျိုး အချက်အလက်တွေကို သိမ်းဆည်းနိုင်ဖို့အတွက်၊ သို့တည်းမဟုတ် ဖုန်းနဲ့မဟုတ်ရင်တောင် အပြင်ထွက်ရင် နှုတ်အားဖြင့်လည်း အချက်အလက်တွေ ရှဲလို့ရတာကိုး။ သတင်းအချက်အလက်တွေလည်း အပြင်ကို မရောက်အောင် ဆိုပြီးတော့မှ ထိန်းချုပ်တဲ့ ပုံစံတခုလို့လည်း ကျနော်တို့ ပြောလို့ရပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်တဲ့နေရာဟာ မြို့တွင်းနေရာတွေဖြစ်တဲ့ လွိုင်ကော်နဲ့ ဘောလခဲ မြို့ တွင်းပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ ကျန်တဲ့မြို့တွေမှာတော့ စစ်ဇုန် ဖြစ်သွားကြပြီး လူထုတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ရွာသစ်မြို့တွင်းမှာတော့ ငါးရာဝန်းကျင်သော လူဦးရေဟာ မြို့ပြင်ကို ထွက်ခွင့်မရရှိတော့ဘဲ စစ်ကောင်စီတပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ပိတ်မိနေကြဆဲဖြစ်ပါတယ်။ ဖားဆောင်းမြို့တွင်းလည်း အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်ပဲ အနည်းငယ်သော လူဦးရေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီးမော့ဆို၊ ဖရူဆို မြို့တွင်းမှာတော့ လူသူကင်းမဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တလှည့်၊ စစ်ကောင်စီတပ်က တလှည့် နေရာယူထားကြပါတယ်။

ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ပြည်သူတွေရဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို စီမံနိုင်ရမှာဖြစ်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ဖန်တီးပေးနိုင်ရမှာဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားတဲ့ မြို့တွေဟာ ထိန်းချုပ်ထားတာမဟုတ်ဘဲ စစ်ပွဲဇုန်တွေ ဖြစ်နေတာကြောင့် လူထုတွေကို အချိန်မရွေး အသုံးပြုနိုင်အောင် ချုပ်ကိုင်ထားခြင်းသာ သူက ဆက်လက်ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတဲ့ လူသားဖြစ်ခြင်း အခွင့်အရေးတွေအပြင် စစ်ပွဲကြောင့် ကရင်နီ – ရှမ်းနယ်စပ်နဲ့ ကရင်နီပြည်တွင်းက လူဦးရေ နှစ်သိန်းခုနှစ်သောင်းနဲ့အထက်ဟာ တောတောင်တွေထဲကို တိမ်းရှောင်နေကြရပြီး၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ပူပန်နေရသလို မြို့ပေါ်တွေမှာ တိမ်းရှောင်နေရသူတွေဟာလည်း စစ်ကောင်စီတပ်ရဲ့ ချုပ်ကိုင်မှုကို နေ့စဉ်ထိတ်လန့်နေကြရဦးမှာပါပဲ။

spot_img
spot_img

Recent posts