spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

စစ်ပြေးနဲ့ မူးယစ်မှု ဖြင့် ပြစ်ဒဏ်ကျနေသည့် အကျဉ်းသား ၁၁ ဦးလွတ်ငြိမ်းချမ်းသာခွင့်ရ၊ နိုင်ငံရေးအကျဉ်းသားမပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့ ( ဧပြီလ ၁၇ ရက်နေ့) မနက် ၁၀ နာရီအချိန်မှာ စစ်ကောင်စီက လွိုင်ကော်အကျဉ်းထောင်ကနေ စစ်ပြေးမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသူတွေထဲမှာ အမျိုးသားတွေသာဖြစ်ကြပြီး တပ်မတော်အက်ဥပဒေ ( ၆ ) ဦး၊ ရဲစည်းကမ်းအက် ( ၃ ) ဦးနဲ့ မူးယစ်ပုဒ်မ ( ၂ ) ဦး တို့ဖြစ်ကြပါတယ်။ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သူတွေထဲ မူးယစ်ပုဒ်မတွေဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ၁၁ နှစ် အထိ ချမှတ်ခံရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အထဲမှာ နိုင်ငံရေးအမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေမပါဘူးလို့ သိရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်မလားဆိုပြီး လာရောက်စောင့်နေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ များပြားခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားမပါဝင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ လွိုင်ကော်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားမိခင်တစ်ဦးက ပြောပါတယ်။

“ညကဆို အိပ်လို့တောင် မပျော်ဘူး။ ငါ့သားလေးကို တွေ့ရင် ဘယ်လိုကြိုရမလဲ။ ပြေးဖက်ရမလား။ ငိုမိမှာလား။ ဘယ်လိုပုံစံနဲ့ တွေ့ရမလဲဆိုပြီးတော့ ကြိုရင်ခုန်ထားတာ။ လွတ်မယ်လို့ ယုံကြည်ထားတာလေ။ မပါလာတော့ ရင်ထဲမှာ ခံစားရတာပေါ့။” လို့ သူ့ရဲ့ ရင်တွင်းခံစားချက်ကို ပြောပြပါတယ်။

စစ်ကောင်စီက မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းသူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထောင်ချတဲ့ အရပ်သားပြည်သူ ၁၇၉ ယောက်ရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီကနေ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၁ ဦးအပါအဝင် စုစုပေါင်း အကျဉ်းသား ၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts