spot_imgspot_imgspot_imgspot_img
Tuesday, May 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ပွဲကြားက ဆာလောင်မှုနဲ့ ငိုကြွေးသံများ

မူဖလစ်စတာ (ကန္တာရဝတီတိုင်း(မ်))

အာဏာသိမ်း ၂ နှစ်တာ ကာလလွန်လာချိန်မှာ ကရင်နီပြည်ရှိ စစ်ရှောင်ပြည်သူတွေက ငတ်မွတ်တဲ့အခြေနေတစ်ရပ်ရောက်ဖို့ ခြေလှမ်းသာသာလေးပဲလိုနေတော့တာပါ။

စားစရာ ရိက္ခာမလုံလောက်မှုကြောင့် “ထမင်း”တောင်နှပ်မှန်အောင်မစားရသူ ၊ ထမင်းမြိန်အောင်စားဖို့ “ဟင်းချိုရည်”တောင် မသောက်နိုင်တော့သူ ၊ ဟင်းတစ်ပွဲကိုအရသာပြည့်စေတဲ့ ” ဆား” ကိုတောင် လိုသလောက် မစားနိုင်တော့သူ စသဖြင့် စစ်ရှောင်စခန်းတစ်ခုမှာ အနည်းဆုံး ၅မိသားစုစီ ရှိတာကိုတွေ့နေရပါတယ်။

နွေဦးရာသီရောက်လာပြီဖြစ်လို့ တောထဲက စစ်ရှောင်စခန်း၀န်းကျင်မှာ တလူလူထနေတဲ့ဖုန် ၊ တစ်ဖြုတ်ဖြုတ် ကျနေတဲ့သစ်ရွက်ခြောက်တွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ဖြုတ်ဖြုတ်ကျနေတဲ့ သစ်ရွက်တွေကို ထိုင်ငေးရင်း ရှေ့လျှောက် ဘာစားမလဲ တွေးရင်းမှိုင်နေကြတဲ့စစ်ဘေးရှောင် မြင်ကွင်းက ရင်ထဲမချိတင်ကဲ ၀မ်းနည်းစေပါတယ်။

” မင်းအောင်လှိုင်က ဘာလို့ပြည်သူတွေကို ဒီလိုလုပ်တာလဲ ” ဦးနဲကို ရဲ့ရင်ထဲကလာတဲ့ စကားဖြစ်ပါတယ်။ ဦးနဲကို တို့ မိသားစုမှာ မိသားစုဝင် ၅ယောက်အတွက် တနေ့လုံးစာ အတွက် ဆန် ၄ ဘူးကိုသာ လောက်ငှအောင် ချက်စားကြရပါတယ်။ ဟင်းစားအတွက်မဆိုထားနဲ့ အဓိကစားတဲ့ ဆန်ကိုတောင် ဝလင်အောင် မစားနိုင်တော့တဲ့ အနေအထားဖြစ်ပါတယ်။

” မနက် ၂ခွက် ညနေ၂ခွက်ချက်စားတယ်။ နေ့လည်စာမစားရဘူး။ မိသားစုက ၅ ယောက်ရှိတယ်ပေါ့ ။ ဖြစ်နိုင်ရင် ဆန်လေးပဲဖြစ်ဖြစ်ကူပေးပါအုံး ” လို့ ဦးနဲကိုက မျက်ရည်ကျရင်း ပြောလာပါတယ်။

အသက်၆၀ ရှိပြီဖြစ်လို့ သူများနည်းတူ အလုပ်မလုပ်နိုင်တော့လို့ မိသားစု စား၀တ်နေရေးကို ဦးနဲကို တစ်ယောက် အမြဲတွေးပူနေရပါတယ်။

ဒီလိုအတွေးတွေက ညည အိပ်မပျော်နိုင်တဲ့အထိ နှိပ်စက်နေတယ်လို့ ဆိုပါတယ်။

ဦးနဲကို တို့ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင်နေကြတာပဲဖြစ်ပါတယ်။ ဦးနဲကိုတို့ လိုပဲ ဘဝတူ စစ်ဘေးရှောင်နေသူတွေဟာ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း တနေ့ထက်တနေ့ပိုမိုခက်ခဲလာပါတယ်။

ကြက်သွန်တစ်မွှာ၊ ဆီတစ်စေ့ကအစ ၀ယ်နေရတဲ့ အလုပ်အကိုင်မရှိ၊ ၀င်ငွေမရှိ တဲ့ စစ်ရှောင်အများစုက ထမင်းကို နှပ်မှန်အောင် မစားရက်ကြပါဘူး။ ဒီကြားထဲမှာ ကုန်စျေးနှုန်းက ရွှေစျေးလိုဖြစ်နေသည့်အလား။ တစ်ချိန်တစ်ခါတုန်းက ရွှေကို တော်ရုံ မဝယ်နိုင်ကြသလို အခုခါမှာတော့ ကိုယ်စားဖို့ ဆန်နဲ့ ဟင်းစားတွေကိုတောင် ကိုယ်မ၀ယ်နိုင်ကြတဲ့အခြေနေတစ်ရပ်ပါ။

အာဏာမသိမ်းမီ ကာလတုန်းက ကိုယ့်အိမ်နဲ့ကိုယ်ယာနဲ့ နေနေရသူတွေ၊ ကိုယ်ပိုင်လယ်စိုက် ၊ သစ်သီး၀လံအစုံနဲ့ ဥယာဥ်ခြံစိုက်စားခဲ့တဲ့သူတို့အတွက် စားဖို့သောက်ဖို့ကိစ္စက “ထမင်းစား ရေသောက် ” ပဲ။ ဒါပေမဲ့လည်း အခုများကျတော့ စားရေးသောက်ရေးကြောင့် စိတ်ကျရောဂါ ဖြစ်လာတာဟာ စစ်ရှောင်တွေကြားက မဆန်းတော့တဲ့ အမှန်တရား တစ်ခုဖြစ်လာပါတယ်။

” ပိုက်ဆံသာရမယ်ဆိုရင် ကလေးကိုတောင်ရောင်းစား လိုက်ချင်တယ် ” ဒေါ်ဘယ်ညာမီးနာ ဒီးမူ ရဲ့မျက်ရည်ကြားက ရင်းတွင်းပေါက်ကွဲသံပါ။

ဒေါ်ဘယ်ညာမီးနာ ဒီးမူ တယောက် သားသမီးတွေကို မဝရေစာတွေ နေ့တိုင်းစားနေရတာကိုကြည့်ပြီး မချိတင်ကဲ ဖြစ်ပြီး ပြောထွက်လာတာပါ။

ဒေါ်ဘယ်ညာမီးနာ ဒီးမူတို့ရဲ့ မိသားစု ထမင်းဝိုင်းမှာ ဟင်းဆိုတာမရှိပါဘူး။ ထမင်းကို ဆား၊ငရုတ်တွေနဲ့ ရောနယ်ပြီး ထမင်းကိုဟင်းလုပ်စားနေကြရသူတွေပါ။

” ထမင်းကိုချက် ချက်ပြီးတော့ နဲနဲအရည်ခမ်းပြီဆိုရင် အဲ့ထမင်းကိုခူးပြီးတော့ ဟင်းအိုးထဲပြန်ထည့်။ ပြန်ထည့်ပြီး ဆား၊ငရုတ်နဲနဲထည့်။ ထည့်ပြီးတော့ ထမင်းစားပြီးအဲ့ဟင်းကို ဆန်ပြုတ်ဟင်းနဲ့ပဲလုပ် အဲ့လိုမျိုး။ တခါတလေ နေ့လည်ကျတော့ အဲ့ဟင်းကို ထမင်းနဲ့ပဲ။ ထမင်းအဖြစ်နဲ့ပဲ ထမင်းကမစားတော့ပဲနဲ့ အဲ့ဟင်းကိုပဲစားတယ်” လို့ ဒေါ်ဘယ်ညာမီးနာ ဒီးမူကပြောပါတယ်။

အလုပ်မရှိ ၊ ၀င်ငွေမရှိ တဲ့ ဒေါ်ဘယ်ညာမီးနာဒီးမူရဲ့ ရင်တွင်းအပူက တစ်နေ့တစ်နေ့ သူ့ကိုရူးစေလောက်တယ်တဲ့လေ။ သားသမီး ၃ ယောက်ရှိပြီး သူတို့လေးတွေကလည်း စားစရာဟင်းမရှိလို့ ထမင်းလည်းပုံမှန် မစားကြရတော့ပါဘူး။

ရွက်ဟောင်းကြွေတဲ့ နွေရာသီမှာ ဟင်းရွက်စိမ်းတွေ တောထဲထွက်ရှာ စားသောက်ဖို့က မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ ဒါ့ကြောင့်လည်း စားဖို့သောက်ဖို့အတွက် စိတ်ပူပန်နေရုံကလွှဲရင် ဘာမှမတတ်နိုင်ကြတော့တဲ့ အခြေအနေရောက်နေပါပြီ။

ပုံမှန်မစားသောက်ခြင်းရဲ့အကျိုးဆက်က အစာအိမ်ထိလာနိုင်လို့ ဒေါ်ဘယ်ညာမီးနာဒီးမူက မိသားစုကျန်းမာရေးအတွက် ထပ်ဆင့်ပူနေရပြန်တာကို ဘေးကနေ အထင်းသားမြင်နေရပါတယ်။ သူ့ရဲ့အပူသံသရာ လည်နေတာ မစဲနိုင်တော့ပါဘူး။

သားသမီးတွေ မငတ်စေချင်တဲ့စိတ်နဲ့ ဒေါ်ဘယ်ညာမီးနာဒီမူတစ်ယောက် “ပိုက်ဆံအတွက် ကလေးတွေကိုရရင် ရောင်းလိုက်ချင်တယ်” ဆိုတဲ့ စကားက နုတ်ကနေ ရွတ်ကနဲ့ ထွက်လိုက်မိပေမယ့် သူမ အင်မတန်ချစ်ရတဲ့ သားသမီးတွေကို ဘယ်သောအခါမှ ငွေနဲ့ လဲပစ်နိုင်မှာမဟုတ်ပါဘူး။

အချိန်တွေကြာလာတာနဲ့အမျှ အပူတွေ ထပ်ဆင့်ဖြစ်လာတဲ့ စစ်ရှောင်တွေက စစ်ကြောင့်သေရင်သေ သို့မှမဟုတ်ရင် ငတ်ပြီးသေကြမှာပါ။ ငတ်ပြီးသေတာထက် စစ်ကြောင့်သေတာ ခံသာတယ် ဆိုတာအားလုံးရဲ့ခေါင်းထဲမှာ ရှိနေပေမဲ့ ဒါဟာမလွဲသာ ကြုံလာရတော့မယ့် ကိန်းဆိုက်နေပြီလား။

လက်တစ်ထွာသာသာရှိတဲ့ ၀မ်းစာပြေလည်ဖို့ စစ်ရှောင်တစ်ချို့က ပါလာတဲ့ ဆိုင်ကယ်၊ ကား တွေရောင်းချပြီး စား၀တ်နေရေးပြေလည်အောင် ဖြေရှင်းနေရပါတယ်။

ဘားမှမရှိတဲ့ စစ်ဘေးရှောင်တွေကတော့ တစ်နေ့နေ့မှာ သူတို့ဆီကို အလှူရှင်တွေရောက်လာရင် ပြန်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဆန်တွေကို ကျေးရွာဒေသခံတွေဆီက ချေးငှားစားနေကြတယ်လို့ ဆိုကြပါတယ်။

” ကိုယ့်မှာဆန်တစ်စေ့ နှစ်စေ့ရှိသေးတယ်။ လုံလောက်သေးတယ် တစ်ရက် နှစ်ရက် ဆိုတော့ ကျွေးလိုက်မယ်။ မရှိရင်တော့ရှိတဲ့လူဆီပဲ အသနားခံပြီးသွားတောင်းမယ်။ ကျမဒါပဲလုပ်နိုင်တယ်ထင်တယ်။ မတောင်းရဲလည်းမတတ်နိုင်ဘူး။ ဘယ်သူ့ဆန်ရှိသေးလဲ ရှိရင်ကျွေးပါ ဆို အဲတာမျိုးပဲ လိုက်တောင်းမှရတော့မယ်ပေါ့။ ကလေးလည်းသနားတယ်လေးနော ” လို့ ကလေး ၃ ယောက် မိခင် ဒေါ်ဘယ်နာဒဲတာက အခုလိုရင်ဖွင့်လာပါတယ်။

စစ်ရှောင်အများစုရဲ့ စိတ်ကျရောဂါ ဖြစ်ရခြင်း အရင်းမြစ်က အခြေခံစား၀တ်နေရေး ခက်ခဲမှုတွေက အဓိကကျတဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒီအရေးက လူတစ်ယောက်ကို မအိပ်နိုင်၊ မစားနိုင်အောင် နှိပ်စက်နေတာကြောင့်ပါ။

စစ်ရှောင်အများစုရဲ့ ပူလောင်သောကတွေက သူတို့ရဲ့စိတ်ထဲမှာ မသိမသာလေး ပုန်းလျှိုနေတတ်တာကို သူတို့ကိုယ်တိုင်က သတိထားမိပုံမရပါဘူး။ သူတို့ရင်ဆိုင်နေရတဲ့ ဒုက္ခအခက်အခဲကို ခရေစေ့တွင်းကျ နှိုက်မေးတဲ့အခါမှာ အောင်းနေတတ်တဲ့ သူတို့ရဲ့သောကအပူလုံးက မျက်ရည်အဖြစ် ကျလာပါတယ်။

စစ်ရှောင်နေရာတချို့က စစ်ရှောင်မိသားစုတချို့တွေမှာ ထောက်ပံ့မှု လုံလောက်မှု မရရှိတော့တာတွေ၊ မစိုက်ပျိုးနိုင်တော့တာတွေ၊ စစ်ရှောင်ကာလ ကြာလာတာတွေကြောင့် ရိက္ခာပြတ်လပ်နေတာတွေလည်း ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့ ဒီ IDPs စခန်းတော်တော်များများမှာ စားနပ်ရိက္ခာလိုအပ်မှုက မိုင်းနတ်(-)ပြနေပါတယ်။ စားနပ်ရိက္ခာပံ့ပိုးနိုင်တဲ့ အစုအဖွဲ့တွေ တဖြည်းဖြည်းနည်းလာတယ်။ အထူးသဖြင့် ဆန်ပေါ့နော။ ပံ့ပိုးနိုင်တဲ့ အစုအဖွဲ့တွေနည်းလာတယ်။ ဝင်ငွေတွေလည်း နည်းလာတယ်။ ထောက်ပံ့မှုအပေါ်လည်း မူတည်တယ်။ နောက်သွားလာမှုလည်း မူတည်တယ်။ စျေးနှုန်းလည်း မူတည်တယ်။“ လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်ခံ (KSCC) လူသားချင်း စာနာထောက်ထားမှု ကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။

တစ်ယောက်တစ်မျိုး မရိုးအောင် ညည်းတွားနေကြတဲ့ထဲမှာမှ တူတာတစ်ခုကတော့ ” စားဖို့မရှိတော့ဘူး ” ၊ “အိမ်လွမ်းတယ်” “အိမ်မှာသာနေရရင် ဒီလိုခက်ခဲတဲ့ဘ၀ကို ကြုံတွေ့ရမှာမဟုတ်ဘူး” ဆိုတာပါပဲ။ ဒီစကားတွေကို စစ်ဘေးရှောင်တိုင်းရဲ့ နှုတ်ဖျားဆီက တစ်တွတ်တွတ်ကြားနေရပါတယ်။

“ဘယ်လောက်ထိကြာကြာ ကျမတို့တောင့်ခံနိုင်အုံးမလဲမသိဘူး။ အဲလိုပေါ့နော။ ဘာဖြစ်လဲဆို ထောက်ပံ့တဲ့လူကလည်း ထောက်ပံ့ခဲ့တာများတော့ ထောက်ပံ့နိုင်အုံးမလား အဲလိုပေါ့။ အဲလိုလည်းစဥ်းမိတယ်ပေါ့နော။ ပြီးတော့ကျမတို့ကိုယ်တိုင်ကလည်း တောင့်ခံနိုင်အုံးမလား အဲလိုပေါ့နော” လို့ ကလေး ၃ ယောက်မိခင် ဒေါ်အာညေးဇယ်က ပြောပါတယ်။

ဒေါ်အာညေးဇယ်က CDM ၀န်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ပါလာတဲ့ဆိုင်ကယ်ရောင်း၊ ကားရောင်းပြီးစား၀တ်နေရေးပြေလည်အောင် လုပ်နေရသူပါ။ ဒါတွေကနေ ရလာတဲ့ငွေတွေဟာလည်း ဘယ်လောက်မှ ကြာကြာမခံလိုက်ပါဘူးတဲ့။

စစ်ဘေးရှောင်တွေက စား၀တ်နေရေးအဆင်မပြေတဲ့ခါ ယုတ်စွအဆုံး ခိုးတာ ၀ှက်တာ လုပ်လာနေတဲ့အဆင့်ထိရှိလာပါတယ်။ တချို့စစ်ဘေးရှောင်စခန်းတွေမှာ ဒေသခံ ရွာခံတွေရဲ့ စပါးကျီဖောက်ခံရတာတွေ အထိ ရှိလာတယ်လို့ စစ်ဘေးရှောင်တချို့တွေဆီက သိရပါတယ်။

ဒီကိစ္စက ဘယ်သူလုပ်မှန်း အတိအကျ မသိသေးပေမဲ့ သူများအရပ်ဒေသမှာ စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်တွေအဖို့တော့ သံသယ အဝင်ခံနေကြရပါတယ်။

စား၀တ်နေရေး ကျပ်တည်းလာတဲ့အခါမှာ လူတွေဟာ ကြံမိကြံရာ လုပ်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း စစ်ရှောင်တွေကြားမှာ ဒီလိုအဖြစ်တွေ ရှိလာရတာပါ။

အာဏာသိမ်း ၂ နှစ်ကျော်လာတဲ့ခါ စား၀တ်နေရေး အလွန်ကျပ်တည်းလာတဲ့ စစ်ဘေးရှောင်တွေကို နေရာတိုင်းမှာ မြေကြီးလက်ခတ်မလွဲ တွေ့နေရပါပြီ။ စစ်ဘေးရှောင်တွေအဖို့ကတော့ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ဘယ်လိုတွေ လုပ်ရကိုင်ရမယ်ဆိုတာကို တွေးကြံမရ ဖြစ်နေကြရပါတော့တယ်။

spot_img
spot_img