spot_imgspot_imgspot_imgspot_img
Tuesday, April 23, 2024
spot_imgspot_imgspot_imgspot_img

စစ်ပွဲနဲ့ ဝေးရာဆီ နေရပ်စွန့်ခွာလာတဲ့ ရွာသစ်ဒေသခံများ။

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

နောဖောမွန် ဟာ အသက် ၄၀ အရွယ် အမျိုးသမီးတဦးပါ။ သူမမှာ နှစ်နှစ်အရွယ် ကလေးငယ်တဦးရှိပြီး၊ ဇာတိကတော့ ဘောလခဲမြို့နယ် ရွာသစ်မြို့ ကဖြစ်ပါတယ်။ ဒါပေမဲ့ အခုသူမရောက်ရှိ နေထိုင်နေတဲ့ နေရာလေးကတော့ ဇာတိမြို့နဲ့ အတော်လေးအလှမ်းဝေးတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက တောတွင်းတနေရာပဲဖြစ်ပါတယ်။

သူမရဲ့ နေထိုင်ရာ ဇာတိမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့်၊ နောဖောမွန် တယောက် တခြားသော ရွာခံတွေနဲ့ အတူ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရတာပါ။

အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ တိုက်ပွဲတွေနဲ့ မစိမ်းတဲ့ နယ်မြေမှာ မွေးဖွားခဲ့သူဖြစ်ပြီး၊ ငယ်စဉ်ကတည်းက တိုက်ပွဲကြားမှာ ကြီးပြင်းလာရသူ ဖြစ်တာကြောင့် ပုံမှန်ဖြစ်နေကျ တိုက်ပွဲတွေဆိုရင် နောဖောမွန်တို့ ရွာခံတွေကမမှုပါဘူး။

ဒါပေမဲ့ ဒီတခါကတော့ မတူပါဘူး။ တိုက်ပွဲမှာ လက်နက်ငယ်တွေအပြင် လက်နက်ကြီးတွေကို အသုံးပြုတာ၊ လေယာဉ်တွေကိုပါသုံးပြီး လာရောက်ဗုံးကြဲတာကြောင့် အသက်ဘေးကလွတ်အောင် နေရပ်ကိုစွန့်ပြီး ထွက်ပြေးလာခဲ့ရပါတယ်။

နောဖောမွန်နဲ့ အတူ ထွက်ပြေးလာတဲ့ ရွာခံတွေထဲမှာ ကိုယ်ဝန်သည်တွေ၊ မျက်စိမမြင်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ ပါဝင်ပြီး၊ နောဖောမွန်တို့ လူအုပ်ဟာ ခြေဦးတည့်ရာ ထွက်ပြေးလာခဲ့ကြရတာပါ။

နှစ်နှစ်အရွယ်ကလေးငယ်က တဖက်၊ နောက် တဖက်မှာကတော့ ကလေးရဲ့လိုအပ်တဲ့ ပစ္စည်းတချို့ကို ကျော်ပိုးအိတ်ထဲထည့်ကာ နောဖောမွန်တို့ ခရီးနှင်ခဲ့ရတာပါ။ ဒါ့အပြင် မျက်စိမမြင်တဲ့ အဒေါ်ဖြစ်သူကိုပါ တွဲခေါ်နေရတာကြောင့် လမ်းခရီးက ပိုမိုကြန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။

” လမ်းဆိုရင်လည်း ကြမ်းမှကြမ်း မျက်မမြင် အဒေါ်လည်းပါတယ်။ သူ့ကိုဆို တွဲသွားရတယ်။ သူက မျက်စိမှ မမြင်တာရော တောင်ကိုက တအားဆင်းတဲ့ဟာလည်းရှိတယ်။ တက်တဲ့ဟာလည်းရှိတယ်။ ဖြည်းဖြည်းချင်း ဝိုင်းပြီးတော့ စောင့်သွားရတာပေါ့နော်။ အသက်ကြီးတဲ့လူ လမ်းမလျှောက်နိုင်တဲ့ အဖိုးအဘွားတွေဆိုလည်း အဲ့လိုပဲ တွဲသွားကြရတာပေါ့နော်” လို့ ခရီးလမ်းမှာ ကြုံတွေ့ရတဲ့ အခြေအနေကို နောဖောမွန်က ရှင်းပြပါတယ်။

ကြမ်းတမ်း ဝေးကွာလွန်းတဲ့ တောတောင်လမ်းခရီးကို ကျော်ဖြတ်လာရတဲ့ သူတို့အဖို့ ရိက္ခာပစ္စည်းတွေကို များများစားစား မသယ်ယူနိုင်ကြပါဘူး။ လမ်းခရီးက ကြမ်းတမ်းတဲ့အပြင်ကို ခရီးစဥ်တလျောက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ပြသာနာတွေကိုပါ ကြုံတွေ့လာခဲ့ကြရပါတယ်။ ခြင်တွေ ပေါများလွန်းတဲ့ တောနက်ထဲမှာ ခြင်ထောင်နဲ့မအိပ်စက်နိုင်တွေကြောင့်၊ ရာသီတုတ်ကွေးနဲ့ ဖျားနာတာတွေ၊ ယားယံတာတွေဖြစ်နေကြတယ်လို့ ဆိုပါတယ်။ နောဖောမွန်တို့လူစုထဲမှာ ကလေးငယ်တွေ အယောက် ( ၂၀ ) ခန့် ပါဝင်ပြီး ယားနာနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားနေကြတာကြောင့် ဆေးဝါးအကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“ပြီးတော့ ငါးနှစ်အောက်ကလေးတွေဆို စောင်တွေ များများစားစားမပါလာဘူး။ တချို့ကလေးတွေဆို သေးပေါက်ချတယ်။ တထည်ပဲ ပါလာတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ ဆေးဝါး၊ ယားတယ် ကျမတို့ ခြင်ကိုက် ဖြုတ်ကိုက်တော့ ခြင်ထောင်တွေဆို တလုံးလောက်ပဲ ယူလာမိတာကောနော်။ မနိုင်ဘူးလေ လာတဲ့ခရီးက သုံးပတ်ဆိုတော့၊ ခြင်ထောင်တွေလည်း မပါလာဘူး။ မပါလာတော့ အဲ့ရှိတဲ့ ခြင်ထောင်လေးတွေက ကလေးတွေကိုပဲ အိပ်ခိုင်းလိုက်တော့ ကျန်တဲ့လူတွေက ယားကုန်တယ်။ ခြင်၊ ဖြုတ်ကိုက်တော့ ယားကုန်တယ်” လို့ နောဖောမွန်ကပြောပါတယ်။

ဒီလိုနဲ့ ကြမ်းတမ်းလှတဲ့ တောတောင်တွေကြားထဲက သုံးပတ်ကြာအောင် ပင်ပန်းဆင်းရဲစွာနဲ့ ခရီးနှင်လာခဲ့တဲ့ နောဖောမွန်တို့ လူတစုဟာ အခုတော့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုကို ရောက်ရှိနေတာ တပတ်ကျော်ရှိနေပါပြီ။

ဒါပေမဲ့ အသက် နှစ်နှစ်ကျော်သာ ရှိသေးတဲ့ ကလေးငယ်ကို သယ်ပိုးကာ သုံးပတ်ကြာအောင် လမ်းလျှောက်လာခဲ့ရတဲ့ နောဖောမွန်တယောက် ကောင်းကင်ယံမှာ လေယာဉ်သံတွေကြားတိုင်း အထိတ်တလန့် ဖြစ်နေရဆဲပါ။

“ဒီလာရာ နေရာလေး ရောက်လာပြီ ဆိုပေမယ့်လည်း လေယာဥ်ပျံ ဝဲတာတွေလည်းရှိတာကော။ ဟိုမှာက မျက်မြင်ကိုယ်တွေ့ ရှိခဲ့ပြီကောနော်။ ဒီမှာထပ်ရောက်လာတော့ ငါတို့တွေ လွတ်မြောက်သွားပြီလား ဆိုတော့။ ရောက်လာလည်း လေယာဥ်က ဝဲနေတာတွေတွေ့တော့ ငါတို့အတွက်၊ ပြီးတော့ ငါတို့သားသမီးတွေ အတွက်ပေါ့နော်။” လို့ နောဖောမွန်ကပြောပါတယ်။
နောဖောမွန်တို့ ဇာတိရွာလေးမှာတော့ အိမ်ခြေ ၇၀ ခန့်ရှိတာပါ။ ဒါပေမဲ့ ဇာတိဒေသမှာ တိုက်ပွဲဖြစ်တော့ တကွဲတပြားပြေးကြရင်းနဲ့ ဒီစစ်ရှောင်စခန်းကို တချို့တဝက်ပဲရောက်လာပါသေးတယ်။

” ကျမတို့လာတဲ့အချိန်မှာ ဓားတွေ ပေါက်ပြားတွေ မပါဘူး။ မပါတော့ တယောက်၊ နှစ်ယောက်က ပါလာတဲ့ သံတူရွင်း ပြောရမှာပေါ့နော်။ အဲ့တာကို တယောက်ပြီးအောင်စောင့် တယောက်တူး ဝိုင်းတူးကူ။ အဲ့ နှစ်လက်ပဲပါလာတော့ ကြာတယ်လေ။ ဓားဆိုလည်း သူတို့ယူလာတဲ့ အသားလှီးဓားလေးတွေ ဓားမြှောင်လေးတွေပဲ ပါလာတော့ ဝါးခုတ်ဖို့ အဆင်မပြေဘူး။မပြေတော့ သူ့ဆီကငှား အဲ့လိုစောင့်နေရကြတော့ တော်တော်လေး ကြာတယ်” လို့ နောဖောမွန်ကပြောပါတယ်။

နောဖောမွန်တို့ လူစုထဲမှာ အများစုက အသက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ လက်ရှိနေရာသစ်မှာတော့ အခြေချနေထိုင်ဖို့ နေရာထိုင်ခင်းတွေကို ကိုယ်တိုင် ဆောက်လုပ်နေကြပြီ ဖြစ်ပေမဲ့၊ ရိက္ခာနဲ့ ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် စိုးရိမ်နေကြရဆဲဖြစ်ပါတယ်။

“ ကျမတို့သားတွေဆိုရင် ကျောင်းတက်ချင်လိုက်တာ၊ သူတို့တွေက စာတတ်ချင်တယ်လေ။ အဖော်တွေနဲ့ သူတို့နေချင်တယ်။ ကျမတို့က စိုးရိမ်တယ်လေ။ တချို့က ပြောတယ် အဲ့လို ကျောင်းနေနေတာဆို လေယာဥ်က ပိုပစ်ချတာ၊ တဦးစ နှစ်ဦးစ အဲ့လိုကြောက်အောင်ပြောကြတာပေါ့နော်။ ကျောင်းပို့ဖို့အတွက်ကိုလည်း ကျမတို့ စိုးရိမ်တယ်။” လို့ နောဖောမွန်က ပြောပါတယ်။

လက်ရှိမှာတော့ နောဖောမွန်တို့လို အသစ်ရောက်လာကြတဲ့ စစ်ရှောင်တွေအတွက် လူမှုကူညီရေးအသင်းအဖွဲ့ တွေက အမိုးအကာတွေ လာရောက်ကူညီတာတွေ ရှိနေပေမဲ့ လိုအပ်ချက်တော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts