spot_imgspot_imgspot_imgspot_img
Wednesday, April 24, 2024
spot_imgspot_imgspot_imgspot_img

စစ်ပွဲအကျိုးဆက် နဲ့ အမျိုးသမီးတွေရဲ့ စိတ်ဒဏ်ရာ

၂၀၂၃ခုနှစ် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အမျိုးသမီးများ။

လေးမြာ / ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန် နေတာကြောင့် နှစ်သိန်းခွဲသော ပြည်သူတွေဟာ စစ်ဘေးဒုက္ခသည်ဘဝနဲ့ နေထိုင်လာတာ နှစ် နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ ပြောကြားချက်အရ စစ်ဘေးရှောင် နှစ်သိန်းခွဲ ထဲမှာ ၇၅ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ နှစ်နှစ်ဝန်းကျင်အချိန်ကာလအတွင်းမှာ အခက်အခဲ စိန်ခေါ်မှုတွေကြားမှာ အသက်ဆက်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို အများဆုံးခံစားခဲ့ကြရသူတွေဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည် စခန်းမှာနေထိုင်နေရတဲ့ မိခင်အရွယ် အမျိုးသမီးတွေဟာ သားသမီးရှေ့ရေး ၊ မိသားစုရဲ့လုံခြုံရေး၊ စားဝတ်နေရေး နဲ့ ဝင်ငွေမရှိတဲ့ပြဿနာ စတဲ့ ဖိအားပေါင်းစုံ ကို ခါးစည်းခံနေကြရတာပါ။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတွေမှာလည်း ဒုက္ခတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“သက်ကြီးရွယ်အို အများစုက သူတို့အိမ်ကို သူတို့လွမ်းကြတယ်။ သူတို့အရင်က ရှိခဲ့တဲ့ အလုပ်အကိုင်ကို သူတို့သတိရတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ သူတို့သားသမီးတွေ သူတို့ဆုံးရှုံးရတဲ့ဟာတွေရှိတယ်။ မဆုံးရှုံးခဲ့သည့်တိုင်တောင်မှ ခုချိန်မှာ သူတို့သားသမီးတွေနဲ့ ဝေးနေရတယ်။ သူတို့ဟာသူတို့ပဲ ဖြစ်သလို နေထိုင်ရတဲ့ အတွက်ကြောင့်မို့လို့ စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေးကို အရမ်းကို ဆိုးဝါးလှတဲ့ အခြေအနေတခုကို သူတို့ကျရောက်နေတယ်။” လို့ ဦးဗညားကပြောပါတယ်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေ နေ့စဉ် ရင်ဆိုင်နေကြရတဲ့ ပြဿနာကတော့ မိသားစုအတွက် စားဝတ်နေရေးပြဿနာဖြစ်ပါတယ်။ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေတဲ့ ကရင်နီပြည်မှာ ဒုက္ခသည်တွေကို ရိက္ခာတွေ လုံလောက်အောင် ထောက်ပံ့မပေးနိုင်ပါဘူး။ စစ်ရှောင်နေရတာဖြစ်တဲ့အတွက်လည်း စိုက်ပျိုးလုပ်ကိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ များသောအားဖြင့် မိသားစုတခုရဲ့ ချက်ပြုတ်ရေးကို တာဝန်ယူထားရတဲ့ မိခင်တွေအဖို့ကတော့ တနေ့စာတနေ့စာ အတွက်ရင်မောနေမိမှာ အမှန်ပါပဲ။

ကန္တာရဝတီတိုင်း(မ်) ရဲ့သတင်းထောက် ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည်စခန်းတခုမှာတော့ ရိက္ခာတွေကို ချွေတာပြီး ထမင်းကို ဟင်းလုပ်ပြီးစားနေကြရတဲ့ မိသားစုတစ်စုကိုတွေ့ရှိခဲ့ရပါတယ်။ ဒီမိသားစုတခုတည်းမဟုတ်ပါဘူး။ အစာ အာဟာရ မပြည့်စုံမှုတွေကြောင့် ကြီးထွားဖွံ့ဖြိုးမှု နှောက်နှေးနေတဲ့ ကလေးငယ်တွေလည်းရှိနေပါတယ်။ ဒါ့ကြောင့်လည်း မိသားစုဝန် ထမ်းနေရတဲ့ မိခင်တွေအဖို့တော့ စိတ်ပိုင်းဆိုင်ရော ရုပ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ ပိုမိုများပြားလာတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

၂၀၂၃ခုနှစ် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အမျိုးသမီးများ။

‘’အစာအာဟာရ နေရာထိုင်ခင်း အဲဒါတော်တော်လေး ကြပ်တည်းတယ် ။ အထူးသဖြင့်ကတော့ ဒီအစာအာဟာရဆိုရင် လက်ရှိအချိန်အထိ မိခင်တွေ အများဆုံးက ချက်ပြုတ်ရတယ် စီမံရတယ် အဲဒီအတွက်ကြောင့်မို့လို့ နေ့တိုင်း အစားအသောက် အခြေအနေတွေကို သူတို့ပိုသိတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေ မပြည့်စုံမှုတွေ သက်ကြီးရွယ်အိုတွေအတွက် သူတို့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေ အဆုံးပေါ့နော်။ လိုအပ်တဲ့ အစားအာဟာရတွေ ကျနော်တို့ မရရှိနိုင်ဘူး။ နောက် လက်လှမ်းမှီဖို့က တအားကို နဲသွားတယ် ကူညီထောက်ပံ့မှုပိုင်းက နဲသွားတဲ့ခါ ဒီစိတ်ပိုင်းဆိုင်ရာအရကတော့ ကျနော်တို့ အားနည်းမှုတွေ အာဟာရပြတ်လက်မှုတွေ ဖြတ်တောက်မှု တွေ ကိုယ်ခန္ဓာကြီးထွားမှုတွေ နောက်ပြီးတော့မှ ဒီဖက်ရောဂါဘယဒဏ်ကို ခံနိုင်မှုတွေက ပိုကျဆင်းလာတာပေါ့နော် အဲဒါကိုတော့ အကြီးအကျယ်ဆုံးတစ်ခုအနေနဲ့ ကျနော်တို့ တွေ့ရတယ်။ ‘’ လို့ ဦးဗညားက ပြောပါတယ်။

အစာရေစာရှားပါးမှု အပြင် ရေရှားပါးမှုပြဿနာတွေကလည်း မိသားစု ရဲ့ ကျန်းမာရေးကို သက်ရောက်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရေရှားပါးမှုကြောင့် တကိုယ်ရေသန့်ရှင်းရေး အားနည်းလာပြီး ဝမ်းလျော၊ဝမ်းပျက် နဲ့ အခြားအရေပြားရောဂါဖြစ်ပွားမှုတွေကလည်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တွေ့ရပါတယ်။

ဒီလိုတစ်နေ့ တစ်နေ့ ရင်ဆိုင်နေရတဲ့ မိသားစုပြဿနာအပြင် နိုင်ငံရေးပဋိပက္ခ နောက်ဆက်တွဲပြဿနာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု အမြင့်ဆုံး ခံစားနေရတဲ့ အမျိုးသမီးတွေဟာ မိမိကိုယ်ကိုယ် မိမိ အဆုံးစီရင်တဲ့ အထိ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ အသက် (၄၀) ကျော် အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ တစ်နှစ်ကျော်ကာလအတွင်း ခံစားရတဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ကျန်းမာရေးချို့ယွင်းမှုတို့ကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဆိုပါအမျိုးသမီးမှာ အသက် (၂၁) နှစ်အရွယ် သားတစ်ဦးရှိပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဆုံးပါးသွားတာဖြစ်ပြီး အမေတစ်ခု သားတစ်ခု နဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရသူပါ။

အဆိုပါ ဘဝကိုအဆုံးစီရင်ခဲ့သူ အမျိုးသမီးလိုပဲ စစ်ဘေးဒုက္ခရောက်နေကြတဲ့ တချို့သောအမျိုးသမီးတွေဟာ လည်း စိတ်ပိုင်းဆိုင်ရာကုစားမှု မခံယူနိုင်ခဲ့တာကြောင့် မိမိကိုယ်မိမိ အဆုံးစီရင် သွားတာတွေရှိနေတယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) မှ အထွေထွေအတွေးရေးမှူး Alar က ပြောပါတယ်။

“မိသားစုဝင်ဆုံးရှုံးသွားတဲ့ခါမျိုးမှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ကုစားမှုတွေမလုပ်နိုင်တဲ့ အခါမှာ အရမ်းစိတ်ဓာတ်ကျပြီးတော့ ကိုယ့်ကိုယ်ကို sucide (အဆုံးစီရင်) လုပ်တယ်ဆိုတဲ့ ဟာမျိုး တွေလည်း ကျမတို့ကလည်း ကြားဖူးတဲ့ဟာမျိုးတွေတော့ ရှိတယ်ပေါ့နော။ ဆို‌တော့ အဓိက ကတော့ လက်ရှိကတော့ ကြုံတွေ့နေရတဲ့ အခြေအနေတွေပေါ်မှာ ကိုယ့်ရဲ့ ဒီစိတ်ပိုင်းဆိုင်ရာကို ဖွင့်ဟဖို့အခက်အခဲရှိတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာကြုံတွေ့နေရတဲ့ ပြဿနာတွေကို handle (ကိုင်တွယ်ဖြေရှင်းတာ) မလုပ်နိုင်တဲ့ အခြေအနေကြောင့်လို့ ကျမကတော့ မြင်တယ်ပေါ့လေ” လို့ Alar က ပြောပါတယ်။

ကရင်နီစစ်ရှောင်တွေထဲမှာတော့ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အမျိုးသမီးတွေရဲ့ စာရင်းကို အတိအကျ ပြုစုထားတာမရှိပေမယ့် မြေပြင်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုမှာ (၂) ဦးအထိ ရှိတယ် လို့ ဆိုပါတယ်။

ဒီလိုကိစ္စတွေဖြစ်ပွားမှုမရှိအောင် ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) မှ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေကို အဖွဲ့လိုက် ပြုလုပ်ပေးတာတွေရှိနေပေမယ့် စစ်ရှောင်တွေဟာ တစ်ဦးချင်းဆီ အနေနဲ့ စိတ်ပိုင်းဆိုင်ရာကုစားမှုကို လာရောက်ပြောဆိုတာတွေ မရှိဘူးလို့ Alar က ဆက်ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာခါကျတော့လေး ဒီစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှု ခံယူတယ်ဆိုတဲ့ဟာတွေကို လူထုတွေက သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ခါမှာ သူတို့ကတော့ သိပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကို သိပ်မခံစားရတဲ့အခါမျိုးမှာ သူတို့ သိပ်ပြီးတော ရင်မဖွင့်ရဲတဲ့ အနေအထားရှိတယ်ပေါ့။ “ လို့ သူမက ပြောပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေဟာ မိသားစုတာဝန်ကို ထမ်းထားရတဲ့ အမျိုးသမီးတွေနဲ့ စိတ်ခံစားမှု ထိခိုက်လွယ်တဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။

“သက်ကြီးရွယ်အိုတွေမှာဖြစ်တာပိုများတယ် တခြားနိုင်ငံမှာဆိုရင်တော့ပေါ့နော။ စိတ်ကျရောဂါ ဖြစ်တာပိုများတာကိုး။ ဒါပေမယ့် စစ်ရှောင်လူဦးရေမှာကျတော့ ဘယ်လိုပိုခံစားရလဲဆိုတော့ အိမ်ထောင်တာဝန်ထမ်းထားတဲ့သူမှာ ဖြစ်တတ်တယ်။ ပိုပြီး အမျိုးသမီးတွေမှာ ပိုဖြစ်တယ်” လို့ သူကပြောပါတယ်။

တဖက်မှာလည်း ဒီလို စိတ်ဒဏ်ရာရတာတွေ၊ စိတ်ဓာတ်ကျတာတွေကို ဆေးဝါးနဲ့ ကုသဖို့ ခက်ခဲတဲ့အတွက် နှစ်သိမ့်ဆွေးနွေးမှုနဲ့ သာ အကောင်းဆုံး ဖြစ်တယ်လို့ ဒေါက်တာပြည့်ဖြိုးကျော်က ဆက်ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ကုစားတဲ့ လုပ်ရှားမှုတွေကို အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေက ဦးဆောင်ပြီး လုပ်ဆောင်ပေးနေတာရှိပါတယ်။

၂၀၂၃ခုနှစ် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အမျိုးသမီးများ။

NUG ဆေးပေးခန်းတွေမှာလည်း အွန်လိုင်းကနေတစ်ဆင့် စိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုတွေ ရှိပေမယ့် ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အဆင်မပြေမှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကရင်နီစစ်ရှောင်ကတော့ လက်လှမ်းမမီ ခဲ့ပြန်ပါဘူး။

စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကို ထိရောက်စွာ ကုသနိုင်ဖို့ စစ်ရှောင်ကူညီသူတွေအနေနဲ့ ရိက္ခာတစ်ခုတည်းကို ပေးတာမျိုး မဟုတ်ဘဲ စစ်ရှောင်တွေ အားပေးနှစ်သိမ့်ဖို့ လိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရး ဒါရိုတ်တာ ဦးဗညားက တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ပရဟိတလုပ်နေတဲ့ အစုအဖွဲ့တွေဖြစ်စေ လူ့အခွင့်အရေးအဖွဲ့ လုပ်နေတဲ့အစုဖွဲ့တွေဖြစ်စေ ဘာပဲလုပ်လုပ်ပေါ့နော် စားနှပ်ရိက္ခာပေးရုံနဲ့ ကျနော်တို့ ပြီးတာ မဟုတ်ဘူး ဆိုတာသိစေလိုပါတယ်။ သူတို့တွေနဲ့ လူထုတွေနဲ့ အနီးကပ်ဆုံးသွားနေဖို့ လိုအပ်တယ်။ စကားပြောဆိုတာတွေ သူတို့ကို အားပေးနှစ်သိမ့်မှုတွေကို ပြောပေးတာမျိုးတွေ ပေါ့နော်။ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးတာ ကတော့ ရုပ်ပိုင်းဆိုင်ရာကို ဖြည့်ပေးပြီး စိတ်ပိုင်းဆိုင်ရာကိုတော့ ကျတော်တို့ပြောဖို့ လိုအပ်တယ် ပေါ့နော်”

spot_img
spot_img