ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))
“အိမ်ပြန်မရသေးဘူးလား ဆရာမ” လို့ ပြောအပြီး ဒေါ်ဘယ်ညာမီးနာဒီးမူတစ်ယောက် လူအများသူငါရှေ့ ဖြေမဆည်နိုင်တော့ဘဲ မျက်နှာကို လက်ဝါးကြီးအုပ်ပြီး ရှိုက်ကြီးတငင်နဲ့ ငိုကြွေးမိပါတော့တယ်။
အရာရာကို စိတ်ပူပန်နေရတဲ့ စစ်ရှောင်ဘဝကို ဖြတ်သန်းနေရတာ ၂ နှစ် ရှိနေပြီဖြစ်တာကြောင့် ထပ်မံဖြတ်သန်းရမယ့် ရှည်လျားတဲ့ဘဝကို အသက် ၄၀ အရွယ် ပိန်ပိန်ပါးပါး ဒေါ်ဘယ်ညာမီးနာဒီးမူ စိတ်ပျက်လက်ပျက် ညည်းညူအပြီး စိတ်တင်းထားရတဲ့ကြားက ငိုကြွေးခဲ့တာပါ။
ကိုယ်တိုင်ကလည်း အစာအိမ်ရောဂါအခံရှိနေပြီး ခင်ပွန်းဖြစ်သူကလည်း ခါးနာ၊ အကြီးဆုံးသားက အကြောဆွဲ၊ အငယ်ဆုံးသားလေးကလည်း မျက်စိမှုန် စတဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။
သူတို့ဟာ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ဇာတိဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလအတွင်းမှာ ပစ်ခတ်မှုတွေကြောင့် သူမ မိသားစုနဲ့အတူ ဒီးမော့ဆိုအနောက်ခြမ်းကို ထွက်ပြေးလာရပြီး ကြုံသလို နေထိုင်ရပါတော့တယ်။
ခေတ်ကောင်းစဉ်ကလည်း နေ့စဉ်းစားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ သူမအဖို့ လက်ရှိ စစ်ဘေးရှောင်ကာလမှာလည်း အလုပ်အကိုင်မဲ့၊ ဝင်ငွေမရှိ၊ လှူဒါန်းထောက်ပံ့တဲ့ ဆန်၊ ရိက္ခာခြောက်အနည်းငယ်နဲ့သာ နေ့စဉ် ဝမ်းရေးကို ဖြေရှင်းနေရတာပါ။
ဝင်ငွေမရှိတာကြောင့် ချွေတာရေးစနစ်ကို စစ်စရှောင်ကတည်းက ကျင့်သုံးခဲ့ရပါတယ်။
ဒေါ်ဘယ်ညာမိုးနာဒီးမူဟာ ချက်ထားတဲ့ ထမင်းကိုခူး တခြားဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီး ဟင်းအိုးထဲထည့်ကာ ဆား၊ငရုပ်၊နဲ့ ဟင်းခတ်မှုန့်တချို့ကို လိုသလိုထည့်ကာ ဆန်ပြုပ် ဟင်းချက်ပြီး ထမင်းကြမ်းနဲ့အတူ ပြန်စား ကြပါတယ်။
တစ်ခါတစ်ရံမှသာ အသားဟင်းစားနိုင်ပြီး နေ့ရက်တိုင်းလိုလို ဆန်ပြုတ်ကိုသာ စားနိုင်တာကြောင့် ကလေးတွေ အာဟာရချို့တဲ့တဲ့လက္ခဏာ ဖြစ်နေတယ်လို့ သူမက စိတ်မကောင်းစွာ ပြောပါတယ်။
“သူတို့အဲ့လိုစားရတာများနေတော့ ကလေးအငယ်တစ်ယောက်က မျက်စိမှောင်တာထက်ပိုမှောင်ပြီလို့ပြောတယ်။ အကြီးတစ်ယောက်က အကြောဆွဲလာတယ်လေ။ တချို့ကပြောတော့ အာဟာရများချို့တဲ့တာလားတဲ့ အ့လိုအကြောဆွဲသွားတော့တဲ့ အ့လိုပြောတယ်။” လို့ ဒေါ်ဘယ်ညာမီးနာဒီးမူက သူ့ သားသမီးတွေရဲ့ ရောဂါလက္ခဏာကို ပြောပါတယ်။
စစ်ရှောင်နေရတဲ့ ကာလအတွင်း တနေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့ အတွက် ဒေါ်ဘယ်ညာမီးနာဒီးမူ တို့လို အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသမီးတွေက နေ့စဉ် တွေးတောနေရတာပါ။
သားသမီးတွေနဲ့ အနီးကပ်ပိုနေကြရတဲ့ မိခင်တွေအဖို့ တနေ့တာ ဝမ်းဝနေတဲ့ ကလေးတွေကို တွေ့နေရရင်ကို ဝမ်းသာပီတိဖြစ်နေကြရသူတွေပါ။
“အစားအသောက်လုံလောက်ရင်တော့ ပျော်တယ် ဟင်းကောင်း ဆန်ကောင်းကောင်းရှိတဲ့ရက်မှာတော့ ပျော်တယ်။” လို့ သူမရဲ့ စစ်ရှောင်ကာလ အပျော်ဆုံးအချိန်ကို ညွှန်းပြပါတယ်။
ဒေါ်ဘယ်ညာမီးနာလိုပဲ စစ်ဘေးရှောင်နေရတဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်တယ်ဆီးနာကလည်း သူမရဲ့ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ပူပန်နေရသူပါ။
သူမ မိသားစုကလည်း အခြားသူငှာလို ထမင်းဟင်းကိုဝဝလင်လင် မစားသောက်နိုင်ပါဘူး။ မနက်နဲ့ ညနေ ၂နှပ်သာ စားသောက်ပြီး နေ့လည်စာကိုတော့ သားငယ် သမီးငယ်လေးတွေကို ဦးစွာကျွေးပြီး ထမင်းကျန်ဟင်းကျန်တွေကို သားသမီးအကြီးတွေက စားရပါတယ်။
ဒီးမော့ဆိုမြို့အနောက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ၈ ပေ ပတ်လည်သာရှိတဲ့ တဲအိမ်လေးမှာတော့ မိသားစု ကိုးယောက် အတူစုပြုံနေထိုင်ကြရပါတယ်။ ကျဉ်းကြပ်တဲ့ တဲအိမ်မှာ နေထိုင်ရတာထက် နေ့စဉ်စားသောက်ရေးကိုပဲ သူမက ပူပန်နေရပါတယ်။
မီးဖိုချောင်ထဲက ဆန်လုံးဝ ပြတ်လပ်မသွားဖို့က သူမအတွက် အထူးတောင်းဆု တစ်ခု ဖြစ်ပါတယ်။ ညအိပ်ယာဝင်တိုင်း နောက်တစ်မနက်အတွက် ဆန်အိုးထဲ ဆန်ရှိနေဖို့ကို တွေးတောနေရပြန်ပါတယ်။
“ညအိပ်ခါနီးဆို ဘယ်လိုလုပ်ရမလဲမသိဘူး ဘယ်နားမှာ ရှာချေးရမလဲမသိဘူးဆို အမြဲတမ်းစဉ်းစားတယ်။ သူများကိုလည်း လိုက်မေးတယ်။ ကိုယ်မစားရချင်နေ ကလေးတွေအတွက်တော့ အငတ်မထားချင်ဘူး။” လို့ ဒေါ်တယ်ဆီးနာက ပြောပါတယ်။
သူမတို့ စစ်ရှောင်စခန်းမှာ တစ်အိမ်နဲ့တစ်အိမ် သုံးပေခန့်သာ ကွာဝေးပြီး တစ်ဖက်အိမ်က စားကောင်းသောက်ကောင်းစားတဲ့အချိန်ဆို သူမ သားငယ်သမီးငယ်တွေက မြင်တွေ့ပြီး ပူဆာပါတော့တယ်။
“မုန့်စားချင်တယ် ဟင်းကောင်းစားချင်တယ်” လို့ သူမ သားသမီးတွေ ပူဆာတဲ့စကားသံတွေက သူမရင်ကို ခါးခါးသီးသီး ထိုးနှက်စေပါတယ်။ “ဝယ်ကျွေးမယ်နော” လို့ မုသားသုံးခဲ့ရတဲ့ အခါပေါင်းမနည်းတော့ဘူးလို့ သူမက ပြောပါတယ်။
စစ်ဘေးရှောင်ကာလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေထဲ ဒေါ်တယ်ဆီးနာအိမ်လည်း ပါဝင်သွားခဲ့ပါတယ်။ ချွေးနည်းစာနဲ့ တည်ဆောက်ပြီး ရလာတဲ့အိမ်တစ်လုံး ပျက်စီးသွားတာကြောင့် စစ်ရှောင်ဘဝဖြစ်တဲ့ သူမအဖို့ အပူက ထပ်ဆင့်ဖြစ်နေရပြန်ပါတယ်။
နောင်တစ်ချိန် အရေးတော်ပုံအောင်မြင်ပြီး မိမိနေအိမ် ပြန်နိုင်ဖို့ကလည်း စစ်ရှောင်တွေရဲ့ နေ့တဓူဝ အကြီးမားဆုံး မျှော်လင့်ချက်တစ်ခုပါ။
ဒေါ်ဘယ်ညာမီးနာဒီးမူ နဲ့ ဒေါ်တယ်ဆီးနာ တို့လို စစ်ရှောင်တွေရဲ့ ဘဝမှာ ပျော်စရာဆိုတာမရှိသလောက်ပါပဲ။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုယ်ပျော်အောင် နေထိုင်တာ၊ စိတ်ပင်ပန်း စိတ်ဓာတ်ကျပြီဆိုရင် တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ဝိုင်းဖွဲ့စကားပြောတာက သူတို့ရဲ့ စိတ်ပူပန်မှုတွေကို ခနတာ မေ့ပျောက်စေနိုင်တာပါ။
အထူးသဖြင့် အိုးပျက်အိမ်ပျက်စီးသွားတဲ့ ဒေါ်တယ်ဆီးနာတို့လို လူတွေအဖို့ အပူအပန်တွေကြားက ငိုကြွေးနေရဆဲပါပဲ။ နောင်တချိန် နေရပ်ပြန်တဲ့အခါ အိမ်မရှိတော့ရင်တောင် မြေကြီးရှိသေးတယ်ဆိုတဲ့အသိနဲ့ စိတ်အားတင်းထားတယ်လို့ ဆိုပါတယ်။
“အိမ်လွမ်းတဲ့ချိန်ဆို ဘယ်လိုပြောရမလဲ ငိုလည်းငိုချင်တယ် အိပ်လို့လည်းမရ စားလို့လည်းမရ အ့လိုဖြစ်တယ်။ အလုပ် ဟိုဟာဒီဟာ လုပ်ပြီးမှ အ့ဒါမှစိတ်နည်းနည်းပြေပျောက်တယ်ပြောရမှာပေါ့။ တစ်ခါတလေဆို စိတ်ကိုမနည်းထိန်းရတာပေါ့” လို့ ဒေါ်တယ်ဆီးနာကပြောပါတယ်။
ကိုဗစ်ဒဏ် ၊ စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်တွေအထူးသဖြင့် အမျိုးသမီးတွေက သားသမီး၊ ခင်ပွန်းဆုံးရှုံးခဲ့တာ၊ နေအိမ်ဆုံးရှုံးခဲ့တာ၊ အထွေထွေအသုံးစရိတ်၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။
စစ်ရှောင်တွေတိုင်းကတော့ သူသူငါငါ အဖြစ်အပျက်တွေက ဆင်တူဖြစ်နေတဲ့အတွက် အချင်းချင်း အားပေးစကားလေးနဲ့သာ မျှဝေနိုင်ကြပြီး နေ့ရက်တိုင်းကို ဖြတ်သန်းနေရဆဲပါပဲ။
“တကယ်တမ်းတော့ ဒီလိုတော်လှန်ရေးဖြစ်လို့ စိတ်နာတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့က နိုင်ငံရေးကိစ္စတွေကျတော့ နားမလည်ဘူး ကျမတို့က ရွာကိုသတိရတယ် ပြီးတော့ စားဝတ်နေရေးအဆင်မပြေတာ ပြီးတော့ ကျန်းမာရေးခက်ခဲရှိတာ အဲဒါပဲ သိတာပါ။” လို့ ဒေါ်ဘယ်ညာမီးနာဒီးမူက ပြောပါတယ်။
ကိုယ့်ရပ်ကိုယ့်ရွာမှာ နေထိုင်ရရင် စားသောက်ရေးအဆင်မပြေရင်တောင် ကိုယ့်အိမ်ရှိသေးတယ်ဆိုတဲ့အသိက စိတ်ပူပန်မှုကို ဖြေလျော့စေနိုင်တာကြောင့် တနေ့နေ့ တချိန်ချိန် ကိုယ့်အိမ်ကိုယ့်ယာမှာ စားသီးပင်တွေစိုက်စားပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းကြမယ့်သူတွေ ချည်းပါပဲ။
နေ့စဉ်ဝမ်းရေးအပူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြားထဲကနေ တနေ့ နေရပ်ပြန်နိုင်မယ်ဆိုတဲ့အသိနဲ့ စိတ်အားတင်းထားတဲ့ ဒေါ်တယ်ဆီးနာကတော့ “တနေ့တရက်ကျရင် ကိုယ့်အိုးကိုယ့်ရွာ ပြန်ရမယ်ဆိုပြီး အတွေးပြန်ဝင်လာတယ်။ စိတ်အားပြန်ယူတယ်။” လို့ ဆိုပါတယ်။