လေးမြာ
ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်ပွားလာတာနဲ့အမျှ ဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။ အဲဒီထဲမှာမှ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
စစ်ပွဲတွေကြားက သေနတ်သံ၊ လက်နက်ကြီးသံ၊ လေယာဉ်နဲ့ ဗုံးကျဲသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ ပြည်သူတွေထဲမှာမှ ကလေးတွေဟာ ပိုပြီး စိတ်ထိခိုက် လွယ်သလို သူတို့ရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာတစ်ခု အနေနဲ့ တစ်သက်လုံး စွဲညှိ ထင်ကျန်နိုင်ပါတယ်။
စိတ်ဒဏ်ရာရရှိမှုဟာ မည်သူမဆို၊ မည့်သည့်အသက်အရွယ်အပိုင်းအခြားမဆို ဖြစ်နိုင်ပေမယ့် ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ စိတ်ပညာဆရာမတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ဖြေကြားဖူးပါတယ်။
ဒါကြောင့် ဒီလိုကာလမှာ ကလေးတွေရဲ့ စိတ်ဒဏ်ရာ မရရလေအောင်၊ သူတို့တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုကို အန္တရာယ်နည်းနိုင်သမျှ နည်းနိုင်အောင် ကျနော်ကျမတို့အားလုံးက ဘယ်လိုပံ့ပိုးပေးနိုင်လဲ ဆိုတဲ့ အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ကို ဝေငှပေးချင်ပါတယ်။
ကလေးတွေကိုစိတ်ဒဏ်ရာ ရစေနိုင်တဲ့ အကြောင်းရင်းများ
မိဘတွေက ကလေးတွေကို ဆုံးမသွန်သင်တဲ့အခါ ပြင်းထန်လွန်းနေရင် ကလေးတွေမှာ စိတ်ဒဏ်ရာ ရနိုင်ပါတယ်။ “ချစ်လို့ ဆူတယ်၊ ရိုက်တယ်၊ ချစ်လို့ ပစ်ထားတယ်” ဆိုတဲ့အရာတွေကို မိဘတွေအနေနဲ့ အလွန်အကျွံပြုလုပ်မိတဲ့အခါမှာ ကလေးတွေမှာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရစေနိုင်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မကျင့်ခံရမှု၊ ကိုယ်ခန္ဓာနဲ့မမျှအောင် နာကျင်စေတဲ့ ပြစ်ဒဏ်လိုမျိုးတွေကြောင့်လည်း စိတ်ဒဏ်ရာရနိုင်သလို စစ်ဘေး၊ သဘာဝဘေး စတဲ့ ဖြစ်ရပ်တွေကြောင့် စိတ်ကို အနာတရဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
စိတ်ကို ပြင်းထန်စွာ ခံစားစေတဲ့ မြင်ကွင်းမျိုးကို ကလေးတွေကိုယ်တိုင် တိုက်ရိုက်မြင်တွေ့နေရတာဖြစ်စေ၊ တိုက်ရိုက်မဟုတ်ဘဲ အင်တာနက် ဖုန်းကနေတစ်ဆင့် မြင်တွေ့၊ကြားရတာတွေကလည်း စိတ်ဒဏ်ရာ ရစေနိုင်ပါတယ်။
ကလေးတွေစိတ်ဒဏ်ရာရခဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ
ကလေးတွေမှာ စိတ်ဒဏ်ရာရခဲ့ရင် မလိုအပ်တဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်ပူပန် စိတ်တွေ၊ ဒေါသစိတ်တွေ၊ အားကိုးရာမဲ့တဲ့ ခံစားချက်မျိုးတွေ၊ ကိုယ်စိတ်နှလုံး လုံခြုံမှု မရှိတာမျိုးတွေ ၊ စိတ်ဖိစီးတာတွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီစိတ်ခံစားချက်တွေကြောင့် အခြားကလေးတွေအပေါ် ကြမ်းတမ်းစွာ ဆက်ဆံတာတွေ၊ ဒေါသတကြီးပြုမူတာတွေ၊ အရာရာကို အပြုသဘော မတွေးနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
စိတ်ဒဏ်ရာ မဖြစ်ရလေအောင် ပံ့ပိုးနိုင်မယ့် နည်းလမ်းများ
ကိုယ်လက်ပုံမှန်လှုပ်ရှားတာ၊ပြေးလွှားဆော့ကစားတာ၊ ကျန်းမာတဲ့ အစားအသောက်ကို မျှတစွာ ကျွေးမွေးတာတွေလည်း ကလေးတွေအတွက် စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်ပါတယ်။
ကလေးတွေ စိတ်ဒဏ်ရာမရရှိဖို့ အရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံတယ်လို့ ခံစားရတဲ့ ဝန်းကျင်ဖန်တီးပေးဖို့လိုအပ်ပါတယ်။
ကလေးတွေကို ပြောဆိုဆုံးမတဲ့အခါမှာ ချစ်ခြင်းမေတ္တာပြပြီး သူတို့တွေ နားလည်နိုင်မယ့်နည်းလမ်းနဲ့ ပြောဆိုဆက်ဆံသင့်ပါတယ်။
ကျမတို့နိုင်ငံမှာ ကလေးတွေကို လူကြီးတွေ အတင်းနမ်းခိုင်းတာမျိုး၊ လူကြီးတစ်ဦးဦးက အတင်းနမ်းတာမျိုးစတာတွေ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။
ဒါတွေဟာ ကလေးတွေကို ဖိအားပေးရာရောက်ပါတယ်။ ကလေးမှာ ရှက်တတ်တဲ့စိတ် ရှိသလို သူတို့ မလုပ်ချင်တဲ့အရာ ဖြစ်နိုင်တဲ့အတွက် တွန်းအားမပေးသင့်ပါဘူး။
ကလေးတွေမှာ စိတ်ဒဏ်ရာရခဲ့ရင် ဘယ်လိုကုစားမလဲ
ကလေးတစ်ယောက်ဟာ ဒေါသအရမ်းကြီးပြီး တခြားသူတွေကို အနိုင်ကျင့်တာမျိုး၊ အကြောက်လွန်တာမျိုးဖြစ်နေမယ်ဆိုရင် ကလေးကို သူ့အကျင့်ပဲဆိုပြီး လစ်လျှူရှုလိုက်တာမျိုး မလုပ်ရပါဘူး။
အဲဒီကလေးကြီးပျင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ သူ့ရဲ့ အတွင်းစိတ်ခံစားချက်ကို သိအောင်လုပ်ပြီး သူနဲ့ ကိုက်ညီတဲ့ လမ်းညွှန်မှုတွေကို လမ်းပြသွန်သင်ဖို့ လိုပါတယ်။
ကလေးတွေရဲ့ စိတ်ဓာတ်ဟာ အလွန်တရာနူးညံ့ပြီး အပြစ်ကင်းစင်တဲ့ အဖြူရောင် ပိတ်စကလေးတစ်စပမာ ဖြစ်တဲ့အတွက် သူတို့ဟာ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရခဲ့မယ်ဆိုရင် မကောင်းတဲ့ စိတ်ဒဏ်ရာ သူတို့အတူတူ ကြီးထွားစေမှာဖြစ်ပါတယ်။
ကလေးတစ်ယောက်ဟာ စိတ်ဒဏ်ရာနဲ့ ကြီးပျင်းလာမယ်ဆိုရင် သူ့ရဲ့ ဘဝအောင်မြင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ စိတ်ဒဏ်ရာ ရနိုင်ခြေများပါတယ်။ ငြိမ်းချမ်းရေးဟာ ကလေးတွေ အနာဂတ်ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ် ဆိုပေမယ့် လက်ရှိကာလမှာ တစ်ပြည်နယ်လုံးက ငြိမ်းချမ်းမှု အလှမ်းဝေးနေဆဲပါပဲ…။
ကျနော်ကျမတို့အားလုံးဟာ ကလေးတွေကို အပြည့်အဝ မကာကွယ်နိုင်ကြပါဘူး။ စိတ်ဒဏ်ရာပေးနိုင်သူဟာ လူတိုင်းဖြစ်နိုင်သလို၊ အခြေအနေကလည်း များစွာရှိနိုင်ပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေ စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခု ထူးခြားနေပြီဆိုရင် သူတို့တွေကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ၊ နွေးထွေးမှုတွေကို ပြသပေးပါ။
လိုအပ်လာမယ်ဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စကား ပြောဆိုပြီး အကူအညီရယူကြဖို့ အကြံပေးတိုက်တွန်း လိုက်ရပါတယ်ရှင်…..
ကိုးကား – Saya Foundation website