spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ရိုးရာဝတ်စုံယက်လုပ်နည်းသင်ကြားပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာရှိနေတဲ့ အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရစေဖို့အတွက် ကယားရိုးရာဝတ်စုံ ယက်လုပ်နည်းသင်တန်းကို သင်ကြားပေးနေပါတယ်။

ကရင်နီအမျိုးသားကောလိပ် ( KnNC ) ဒုတိယနှစ်ကျောင်းသူ ၅ဦးကနေ လာရောက်သင်ကြားပေးတာဖြစ်ပြီး ကျောင်းမှာ ပြုလုပ်ရတဲ့ ပရောဂျက်အရ လာရောက်သင်ကြားပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သုံးလတာ သင်ကြားပို့ချပေးသွားမယ်လို့ ဆိုပါတယ်။

လာရောက်သင်ကြားပေးနေတဲ့ မော်မီမြာကတော့ “ အခုက သူတို့ နည်းနည်းလုပ်တတ်လာပြီ။ ကျမ သူတို့ကို ချည်လိမ့်နည်းတွေ သင်ပေးတော့ သူတို့ ချည်လိမ့်တတ်လာတယ်။ အင်္ကျီတွေလည်း ယက်လုပ်တတ်လာတယ်။ နောက်ကျရင် သူတို့ ပိုလုပ်တတ်လာမယ်လို့ မျှော်လင့်တယ်ပေါ့။ ချည်တွေကတော့ သိပ်တော့ မလုံလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီလိုရိုးရာယက်ကန်းသင်ကြားပေးတဲ့ ပရောဂျက်လုပ်တာက ဒီတစ်ကြိမ်ပထမဆုံးဖြစ်တယ်။ ” လို့ ဆိုပါတယ်။

သင်တန်းကို လာရောက်သင်ယူနေတဲ့ စေးမေဖောကတော့ ယခင်က ရိုးရာဝတ်စုံယက်လုပ်နည်းတွေကို မလုပ်တတ်တဲ့အတွက် သင်ယူရ အခက်အခဲရှိနေပေမယ့် ဒီသင်တန်းအတွင်း ရအောင် သင်ယူပြီး တခြားလူတွေကိုလည်း ပြန်လည်မျှဝေသွားမယ်လို့ ဆိုပါတယ်။

“ ကျမလုပ်တတ်သွားရင်တော့ တခြားသူတွေကို သင်ပေးမယ်။ နောက်ပြီးတော့ အခုက ဒီလိုရိုးရာအင်္ကျီတွေကို ဝယ်ရတာလည်း စျေးကြီးတယ်။ အဲဒီတော့ ကျမကလေးတွေဝတ်နိုင်ဖို့အတွက် ကိုယ်တိုင် ယက်လုပ်ပေးမယ်ပေါ့။ ကျမကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျမက သိပ်မမှတ်မိတော့ မြန်မြန်မလုပ်တတ်ဘူး။ စိတ်ဝင်စားတာကတော့ စိတ်ဝင်စားတယ်။ ” လို့ စေးမေဖောက ပြောပါတယ်။

လူဦးရေ နှစ်ထောင်ကျော်ရှိနေတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ စိတ်ပါဝင်စားသူတွေထဲက အမျိုးသမီး ၁၅ဦးကို ရွေးချယ် သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကနေ လက်ရှိအချိန်အထိ အမျိုးသား၊ အမျိုးသမီးဝတ် ကယားရိုးရာအင်္ကျီ ၁၅ ထည်၊ လွယ်အိတ်အလုံး – ၃၀ ကို ယက်လုပ်ပြီးသွားပြီဖြစ်ပြီး ဆက်လက် ယက်လုပ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ယက်လုပ်ပြီးတဲ့ အဝတ်တွေကို ဝင်ငွေရဖို့ ပြန်လည်ရောင်းချရာမှာ အခက်အခဲရှိခဲ့ရင် တခြားနိုင်ငံကို ရောက်ရှိနေပြီး ကရင်နီရိုးရာဝတ်စုံတွေကို ဝယ်ယူချင်သူတွေနဲ့ ချိတ်ဆက်ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ဘေးဒုက္ခသည်နှစ်သိန်းကျော်ရှိနေပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို အလှူရှင်တွေရဲ့ အထောက်အပံ့တွေကလည်း နည်းလာနေတဲ့အတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားနေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts