ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည်တွင်း စစ်ရှောင်စခန်းတွေမှာ တစ်နှစ်ခွဲအောက်ကလေးငယ်တွေကို လွိုင်ကော်အထိ သွားရောက် ပုံမှန်ကာကွယ်ဆေးထိုးနှံဖို့အတွက် ငွေကြေးအခက်အခဲရှိနေပြီး လုံခြုံရေးအခက်အခဲတွေကိုလည်း စိုးရိမ်တဲ့အတွက် အကုန်မထိုးနှံနိုင်သေးဘူးလို့ ကလေးမိခင်တစ်ဦးဖြစ်တဲ့ ဒေါ်ဘျားမာက ပြောပါတယ်။
“ငွေရေးကြေးရေး အခက်အခဲရှိတယ်။ ဝင်ငွေ တစ်ပိုင်တစ်နိုင်လည်းမရှိဘူး။ စားဝတ်နေရေးလည်း လုံးပန်းနေရတယ်။ အလှူရှင်ခါကျတော့ ငွေရေးကြေးရေးထောက်ပံ့မှု အားနည်းတယ်ပေါ့နော။ အားနည်းတယ်ဆိုတာထက် အဓိက စားနပ်ရိက္ခာပဲ ထောက်ပံ့နေရတယ်။ အဲဒါတွေကို ပြန်ပြီးတော့ စဉ်းစားကြည့်မယ်ဆိုရင်တော့ အခက်ခဲက ဒီငွေရေးကြေးရေးတစ်ခုထဲပဲ မဟုတ်ဘူး။ နောက်ပြီးတော့ အခုလက်ရှိ အမျိုးသမီးတွေပေါ့နော။ လွိုင်ကော်သွားရမှာ အရမ်းကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သားဖြစ်လို့ တစ်စုံတစ်ခုဖြစ်မှာ ကြောက်တယ်။ ဒီမှာ စစ်ရှောင်မှာ ပြေးလာတုန်းကဆိုရင် ကျေးရွာအလယ်မှာကျလို့ ပြေးရတာပေါ့။ အဲဒီလို လက်နက်ကြီးသံတွေကြားလို့ အဲဒီလိုမျိုး ထပ်ထိတ်လန့်မှာလည်း ကြောက်တယ်။ ကလေးအတွက်လည်း အန္တာရာယ်ဖြစ်မှာလည်း ကြောက်တယ်။ မိခင်အတွက်လည်း အန္တာရာယ်ဖြစ်မှာလည်း ကြောက်တယ်။ အမျိုးသားကိုယ်တိုင်ကလည်း မသွားရဲဘူး။ အဲဒီလိုမျိုးဖြစ်နေခါကျတော့ အဲဒီအခက်အခဲလည်းရှိတယ်။ ငွေရေးကြေးရေး အခက်အခဲလည်းရှိတယ်။ အဲ့ဒီအသွားအလာကအစ နောက် အဲဒီကြောက်စိတ်တွေလည်း ရှိတဲ့အခါကျတော့ အခက်အခဲအမျိုးမျိုးပေါ့။” လို့ ဒေါ်ဘျားမာက ပြောပါတယ်။
လွိုင်ကော်ကို ကာကွယ်ဆေးသွားရောက်ထိုးနှံနိုင်ဖို့ ပရဟိတအဖွဲ့အစည်းတချို့က ကူညီနေတာရှိသလို တချို့ကလည်း ကိုယ်တိုင်ကားဌားပြီး သွားရတဲ့အတွက် အခက်အခဲရှိနေတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ အသက်တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦးရဲ့မိခင် ဒေါ်မာရိယာက ပြောပါတယ်။
“အရင်ကဆိုရင် ရွာမှာထိုးပြီးသားတွေရှိတာပေါ့နော။ နောက်ကျမနောက်ဆုံးအချိန်ကျန်တာ။ နောက်ဆုံးအကြိမ်ကျန်တာတောင်မှ အမှန်ဆိုရင် တစ်ကြိမ်ထဲနဲ့ကို ပြီးရမဲ့ကိစ္စကို သုံးခေါက်တောင်သွားရတယ်။ သူတို့က လမ်ကြောင်းကလည်း ရှုတ်တယ်လေ။ လမ်းကြောင်းကလည်း သိပ်မရှင်းတော့ သွားထိုးတာကလည်း ဆေးကလည်းမရှိ Ready မရှိတော့ ကျမကတော့ ဆေးကတော့ ချိတ်တော့ချိတ်ထားတယ်။ ရှိတယ်လို့ ဆေးရုံကပြောလိုက်တယ်။ ဒါပေမဲ့ သွားလိုက်တော့ ဆေးက မရှိဘူး။ အဲဒီလိုမျိုး ဖြစ်တယ်ပေါ့နော။” လို့ ဒေါ်မာရိယာက ပြောပါတယ်။
ကိုယ်ပိုင်ကားလည်းမရှိတဲ့အတွက် ကလေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးပေးချင်တဲ့ မိဘတွေစုပြီး တစ်ကြိမ်သွား ကားခနှစ်သောင်းပေးကာ ကားဌားသွားရတဲ့အတွက် ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်တွင်းက စစ်ရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်တွေမရှိတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့အတွက် လိုအပ်တဲ့ငွေကြေးအစား နေ့စဉ်စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယခင်အာဏာမသိမ်းခင်က နီးစပ်ရာကျေးရွာက ဆေးရုံဆေးခန်းတွေမှာ ကလေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခဲ့ရပေမဲ့ လက်ရှိမှာတော့ လွိုင်ကော်မြို့မှာသာ ကလေးငယ်အတွက် ပုံမှန်ကာကွယ်ဆေးရှိနေတာဖြစ်ပါတယ်။
ကလေးငယ်တွေဟာ ပုံမှန်ကာကွယ်ဆေးမထိုးနှံနိုင်ရင် ကျန်းမာရေးအကျိုးဆက်အနေနဲ့ ဝက်သက်ပေါက်တာ၊ ဆုံဆို့နာ၊ ကြက်ညှာစတဲ့ ကူးစက်ရောဂါတွေက ကပ်ရောဂါလို ပြန်ဖြစ်လာနိုင်ပြီး ကလေးရဲ့ အသက်ဆုံးရှုံးနိုင်တာဖြစ်တဲ့အတွက် ပုံမှန်ကာကွယ်ဆေးထိုးပေးဖို့လိုအပ်တယ်လို့ CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနက ဘီစီဂျီ၊ အသည်းရောင်အသားဝါ( ဘီ )၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ( ရိုတာ )၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် ( ဝီစီဒီ )၊ ဆုံဆို့ – ကြက်ညှာ – မေးခိုင် – အသည်းရောင်အသားဝါ( ဘီ ) – ဦးနှောင်အမြှေးရောင် ( ငါးမျိုးစပ်ကာကွယ်ဆေး )၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက် – ဂျိုက်သိုး စတဲ့ ကာကွယ်ဆေးတွေကို တစ်နှစ်ခွဲအရွယ်ကလေးငယ်တွေက ထိုးနှံပေးရတယ်လို့ သိရပါတယ်။ တစ်နှစ်ခွဲအရွယ်အထိ ထိုးနှံနိုင်ခြင်းမရှိခဲ့ရင် အချိန်လွန်မှ ထိုးနှံလို့ရတဲ့ ကာကွယ်ဆေးတွေရှိသလို အချိန်လွန်ထိုးနှံလို့မရတဲ့ ကာကွယ်ဆေးလည်းရှိနေပါတယ်။
စစ်ရှောင်စခန်းမှာ ကာကွယ်ဆေးရရှိဖို့က ဆေးစျေးနှုန်းကြီးတာတွေ၊ အလှူရှင်မရှိတာတွေနဲ့ သယ်ယူရခက်ခဲတာတွေအပြင် အရေးပေါ်ကျန်းမာရေးတွေကိုသာဦးစားပေးဆောင်ရွက်နေရတဲ့အတွက် လက်ရှိအချိန်အထိ စစ်ရှောင်စခန်းမှာ ကလေးအတွက် ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နိုင်ဖို့ ခက်ခဲနိုင်သေးတယ်လို့ စစ်ရှောင်စခန်းမှာ ကျန်းမာရေးကုသမှုပြုလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။