spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ လှူဒါန်းသူမရှိသလောက် နည်းပါးနေ

ကန္တာရဝတီတိုင်း(မ်)

KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြာလာပြီး ၎င်းတို့အတွက် အရေးပေါ်ဆေးဝါး၊ ရိက္ခာ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်သူအချို့ ကိုဗစ်ပိုးကူးစက်မှုရှိနေပြီး ကိုယ်ထူကိုယ်ထဖြင့် ကျန်းမာရေးဝန်းထမ်းတွေက ကူညီဆောင်ရွက်ပေးနေရသလို စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပိုများနေပြီး လိုအပ်တဲ့ဆေးဝါး၊ ရိက္ခာ၊ မိုးကာ တွေကို လှူဒါန်းသူမရှိတော့ဘူးလို့ သိရပါတယ်။

“စစ်ရှောင်က အရှေ့ဖက်ခြမ်းမှာ တနေ့ထက်တနေ့များလာတယ်။ အဲ့တော့ အခက်အခဲကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အဓိကဟာ ကိုဗစ်ပေါ့။ ကိုဗစ်ကူးစက်မှုဖြစ်လာတယ် နောက်တစ်ချက်က စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်လာတယ် ။ အခုနောက်ပိုင်းက အလှူရှင်တွေမရှိတော့ဘူးပေါ့နော။ ဆေးဝါးတို့ စားနပ်ရိက္ခာတို့ဆိုရင် လှူတဲ့သူမရှိတော့ဘူး။ မရှိသလောက်ပဲ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။ အဲ့ဒီရှိတဲ့ဟာကို သွားသယ်နေရာတာတောင်မှ အသက်အန္တာရာယ်နဲ့ ခြိမ်းခြောက်ခံရတယ်ပေါ့။ အဓိက အခက်အခဲဘာလဲဆိုရင် ဆေးဝါးရယ်၊ စားနပ်ရိက္ခာရယ်ပေါ့။ နောက် ဆရာ၊ ဆရာမတွေပေါ့။ ကျန်းမာရေးပိုင်းဆိုင်ရာကုသမှုအပိုင်း ဆေး ဆရာ၊ ဆရာမတွေလည်း လိုတာပေါ့။” လို့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း အဓိကလိုအပ်လျက်ရှိပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကလည်း ပိုတိုးလာသလို လက်လှမ်းမမှီတဲ့နေရာတွေမှာလည်း စစ်ရှောင်ပြည်သူတွေ သွားရောက်နေထိုင်တာကြောင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ် လတိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိနေပြီး လက်ရှိအခြေအနေကို သည်းခံပြီး အားတင်ထားကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“စစ်ရှောင်စခန်းတွေမှာတော့ Positive လူနာတွေတွေ့တယ်။ နံပါတ်တစ်ကတော့ ကျန်းမာရေးအထူးကောင်းမွန်တဲ့ စောင့်ရှာက်မှုတွေ ကျနော်တို့လိုအပ်နေတယ်။ စစ်ရှောင်စခန်းတွေမှာလေ။ နံပတ် နှစ် အချက်ကတော့ စစ်ရှောင်စခန်းမှာ အမျိုးသမီးနဲ့ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကိစ္စတွေ လူမှုရေးကိစ္စတွေ ကျနော်တို့ ဖြည့်တင်းဖို့လိုတယ် ဆိုတာ ပြောချင်တယ်။ စစ်ရှောင်တွေနဲ့ပတ်သက်ရင်လည်း ကျနော်က တစ်ခုပဲပြောချင်ပါတယ်။ ခင်ဗျားတို့အားလုံး အားတင်းထားကြပါ ကျနော်တို့တွေအားလုံးက မကြာခင်မှာအောင်ပွဲကို ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။ ဆိုတော့ ကျနော်တို့မသည်းခံနိုင်ရင် နောက်နှစ်ပေါင်းများစွာကိုလည်း စစ်ကျွန်တွေအုပ်ချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မယ် မဟုတ်ဘူးဆိုတာကိုလည်း သတင်းစကားပါးချင်ပါတယ်။” လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက်မှာ လမ်းသွားပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ သွားလာရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပြီး ခရီးသွားလာတဲ့ ယာဉ်အချို့ကိုလည်း မေးမြန်းစစ်ဆေးမှုမရှိဘဲ ပစ်ခတ်မှုလည်း ရှိနေပါတယ်။

spot_img
spot_img