spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေကို ကူညီတဲ့ ကော်မတီတွေမှာ ပါဝင်ကူညီပေးနိုင်ဖို့ လူငယ်တွေကို ကွန်ပျူတာ သင်တန်းပို့ချပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာတစ်ချို့က လူငယ်တွေကို ကယားလီဖုလူငယ်အဖွဲ့နဲ့ ဒေသခံရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ကွန်ပျူတာ သင်တန်းဖွင့်လှစ်ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ်(၃) အထိ ဖွင့်လှစ်ပေးနေပြီလို့ သိရပါတယ်။

ကျေးရွာတစ်ရွာကို လူငယ်နှစ်ယောက်သာ တက်ခွင့်ပေးနိုင်သေးတာဖြစ်ပြီး သင်တန်းတက်ရောက်ပြီးသူတွေအနေနဲ့ မိမိကျေးရွာတွေမှာဖြစ်စေ၊ စစ်ဘေးရှောင်ကော်မတီတွေမှာဖြစ်စေ ပြန်လည်ကူညီနိုင်ဖို့အတွက် သင်တန်းပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေအနေနဲ့ အချိန်အလဟဿမဖြစ်အောင် ရည်ရွယ်ပြီးသင်ကြားပေးတာဖြစ်သလို လက်ရှိမှာ သင်တန်းဆရာနှစ်ယောက်ကနေ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

“ လက်ရှိမှာလည်း လူငယ်တွေပဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ်ပေါ့နော။ စစ်ရှောင်တွေမှာသွားတော့ ငြီးငွေ့နေတယ် တစ်ခါတစ်လေလည်း ပညာဗဟုသုတရအောင်ဆိုပြီးတော့မှ တချို့လူကြီးတွေလည်း တောင်းဆိုလာတာရှိတယ်ပေါ့နော။ ကွန်ပျူတာသင်တန်းတွေဖွင့်ပေးပါအုံး စသဖြင့် သူတို့ကမ်းလှမ်းလာတော့ ကျနော်တို့အဲ့ကနေမှတဆင့် ကျနော်တို့ဖွင့်ရခြင်းဖြစ်တယ်ပေါ့နော။ “ လို့ သင်တန်းဖွင့်ဖြစ်ပုံကို သင်တန်းဆရာ တစ်ဦးက ပြောပါတယ်။

ကွန်ပျူတာ(၅)လုံးနဲ့ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ကွန်ပျူတာ(၁၀)လုံးထိ ရှိလာပြီဖြစ်ပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။

“ တစ်ရွာကို တစ်ယောက် ပြီးတော့ နှစ်အုပ်စုနဲ့ကျနော်တို့ ခေါ်ပေးတာပေါ့ အခုလက်ရှိက။ ဆိုတော့ လူငယ်တွေက အများကြီးတက်ချင်သေးတယ် ပြီးတော့လာမေးနေကြတာပေါ့။ သူတို့တက်လို့ မရတော့ဘူးလား မဟုတ်ရင်လည်းပဲ တစ်ရွာကို ၃၊ ၄ယောက်ခေါ်ပေးလို့မရဘူးလား စသဖြင့် သူတို့မေးလာတာတွေ ရှိတယ်ပေါ့နော။ အဲ့ဒါ ကွန်ပျူတာက မလောက်တဲ့အနေအထားမှာရှိတယ်။ နောက်တစ်ခုက မီးကလည်း အချိန်ပြည့်မရဘူး တစ်ခါတစ်လေ မနက်ပဲလာတယ် တစ်ရက်တစ်လေဆိုရင် လုံးလုံးမလာဘူးပေါ့နော။ အဲ့ကြောင့် မီးစက်ကိုနှိုးပြီးဖွင့်ပြီးတော့မှ ဒီကွန်ပျူတာသင်တန်းပေးနေပါတယ်ပေါ့။ “ လို့ အဆိုပါ သင်တန်းဆရာက ဆက်ပြောပါတယ်။

တစ်ပတ်ကို ၆ ရက် သင်ကြားပေးနေတာဖြစ်ပြီး တစ်ရက်ကို ၃ နာရီ သင်ကြားပေးတယ်လို့ သိရပါတယ်။ အဝေးကနေ လာတက်တဲ့ လူငယ်တွေကိုတော့ နေစရာ၊ စားစရာတွေ စီစဉ်ပေးတယ်လို့ သိရပါတယ်။

ပထမဆုံးအသုတ်မှာ သင်တန်းသား(၇)ယောက်၊ ဒုတိယအသုတ်မှာ (၈)ယောက်နဲ့ လက်ရှိ အသုတ်မှာတော့ (၂၂)ယောက် လက်ခံသင်ကြားပေးနေပါတယ်။ အဓိက ကွန်ပျူတာ အခြေခံ Microsoft၊ Power point၊ စာရင်း ဇယား၊ ကွန်ပျူတာထိန်းသိမ်းကာကွယ်နည်း စတာတွေကို သင်ကြားပေးတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျောင်း ဆရာ၊ ဆရာမတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM ) ပြုလုပ်ကြပါတယ်။ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်နီးပါး ကြာမြှင့်နေပြီး ကျောင်းသူ၊ ကျောင်းသား၊ လူငယ်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသလို စာသင်ကျောင်းတွေလည်း ပိတ်ထားတဲ့အတွက် စာမသင်ကြားနိုင်ကြတော့ပါဘူး။

spot_img
spot_img

Recent posts