မူဖိလစ်စတာ / ကန္တရ၀တီတိုင်း(မ်)
စစ်ဘေးရှောင်တို့ရဲ့ ဒုက္ခများစွာထဲက တခုဖြစ်တဲ့ ရေရှားပါးတဲ့ ပြဿနာကို နွေဦးမှာ စတင်ကြုံတွေ့ရပါပြီ။ ဖရူဆိုမြို့နယ်၊ ၀ယ်ဒူလျားစစ်ရှောင်စခန်းက ရေဆိပ်နံဘေးမှာ ရေပုံးဝါအပြည့်တင်ထားတဲ့ ထော်လာဂျီ၊ ပလိုင်းလွယ်တဲ့ ရေခပ်မယ့် အမျိုးသမီးတွေ၊ ရေချိုး၊ အဝတ်လျှော်နေကြတဲ့သူတွေနဲ့ အုံနေတာကို တောင်ကုန်းပေါ်လမ်းကနေ အရှင်းသားလှမ်းမြင်လိုက်ရပါတယ်။
၀ယ်ဒူလျားစစ်ရှောင်စခန်းမှာ အုတ်နဲ့ ပြုလုပ်ထားတဲ့ ရေလှောင်ကန်ကြီးတခုနဲ့ မိုးကာနဲ့ ပြုလုပ်ထားတဲ့ ကန်ငယ်တခုဟာ ကပ်လျှက်ရှိနေပါတယ်။ ကန်နှစ်ခုလုံးရဲ့ ဘေးပတ်ပတ်ချာလည်မှာတော့ အ၀တ်လျှော်နေတဲ့ အမျိုးသမီးထုကြီး ၊ ရေခပ်နေတဲ့ အမျိုးသားထုကြီး စသည်ဖြင့် အသက်စုံ၊ အရွယ်စုံ ရေခပ်သုံးစွဲနေကြတာပါ။
ရေထွက်ပေါက်တနေရာက ရေကို ၀ယ်ဒူလျားစခန်းထိ ပိုက်နဲ့သွယ်တန်းပြီး ရေယူရတာဖြစ်ပါတယ်။ အဲ့ဒီ ရေထွက်ပေါက်နဲ့ စစ်ရှောင်စခန်းကြား အလွန်ဝေးကွာပြီး တောင်အတက်အဆင်း များတာကြောင့် ရေပိုက်ပေါက်လေ့ရှိပါတယ်။
ပိုက်ပေါက်တဲ့အခါ ရက်အနည်းငယ်ကြာအောင် ပြန်ပြုပြင်ရပြီး ထိုအချိန်ကြားထဲမှာ ရေကုန်သွားလေ့ရှိတယ်လို့ ဒေသခံစစ်ရှောင်တွေကပြောပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့နွေရာသီမှာ ရေပြတ်လပ်ခြင်း မကြာခဏ ကြုံရတယ်လို့ စစ်ဘေးရှောင်တဦးဖြစ်တဲ့ ခူးဗျားရယ်က ပြောပါတယ်။
“ရေနဲ့ပတ်သတ်ပြီးတော့ ရာသီအလိုက်အခက်ခဲကတော့ နွေရာသီ အဆိုးဆုံးပေါ့နော။ ရေကန်က အမြဲတမ်း အထူးသဖြင့် ဒီလေးလပိုင်း ၀န်းကျင်လောက်ဆို ရေက ရှားသွားပြီ။ ရေအရင်းအမြစ်က ရေနည်းသွားပြီပေါ့နော။ ပြီးတော့ အဲ့ဒီရေက ဒီမှာပဲ ရနိုင်တယ်ပေါ့နော။ သူတို့ကဆက်သွယ်မယ်ဆို တောင်ပေါ်နည်းနည်းထပ်တက်လို့ မရတော့ဘူးလေး။ အဲ့ကြောင့်မို့လို့ တောင်ပေါ်ကလူတွေက အကုန်လုံးဒီမှာပဲ ဆင်းခပ်ရတော့ သူတို့အတွက် သယ်ယူစရိတ်လည်း အရမ်းကိုပိတယ်ပေါ့နော။ သယ်ယူစရိတ်လည်းအရမ်းများတယ်ပေါ့။ လောင်စာဆီလည်း စျေးများတော့ သယ်ယူစရိတ်က ခက်ခဲတဲ့ အနေထားမှာရှိတယ်။ အထူးသဖြင့်နွေရာသီ တနွေလုံးပေါ့နော”
ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်အများစုက တောထူ၊ တောင်ထပ်တဲ့ ဒေသမှာ နေထိုင်ကြတာပါ။ ၀ယ်ဒူလျား စစ်ရှောင်စခန်းက ရတဲ့ရေကို လောကျေခူ စစ်ရှောင်စခန်းက စစ်ရှောင်လူထုတွေကလည်း မှီခိုနေရတာဖြစ်ပါတယ်။
အဲ့ဒီရေကို ၀ယ်ဒူလျားစစ်ရှောင်စခန်းက လူဦးရေ ၇၅၀ခန့် နဲ့ လောကျေခူ စစ်ရှောင်စခန်းက လူဦးရေ ၇၀၀ နီးပါး စုစုပေါင်း စစ်ဘေးရှောင် တထောင်ကျော်က မှီ၀ဲသုံးစွဲနေရတာဖြစ်ပါတယ်။
လောကျေခူ စစ်ရှောင်စခန်းနဲ့ ၀ယ်ဒူလျား စစ်ရှောင်စခန်း နှစ်ခုရဲ့ ခရီးအကွာအဝေးဟာ အလှမ်းဝေးကြပါတယ်။ ၀ယ်ဒူလျားစခန်းမှာ ရေကန်ရှိပြီး လောကျေခူစစ်ရှောင်စခန်းမှာ ရေလုံး၀ မရနိုင်တာဖြစ်လို့ အသွားအပြန် ၄ နာရီခရီးရှိတဲ့ ၀ယ်ဒူလျားစခန်းထိ ထော်လာဂျီပေါ် ရေပုံး၀ါ ၊ရေစည်ဝိုင်းပိုင်း တင်ပြီး ရေခပ် ခရီးနှင်သယ်ယူကြရပါတယ်။
လမ်းတလျှောက် တောင်အတက်မှာ ထော်လာဂျီ တွန်းရလေ့ရှိပြီး နေပူဒဏ်ကြောင့် ကျနေတဲ့ ချွေးတရွဲရွဲက ဖုန်မှုန့်တွေနဲ့ ရောထွေးလူးလှိမ့်ကုန်ပါတယ်။ ထော်လာဂျီပေါ်မှာ လျှော်ဖို့စုထားတဲ့ အ၀တ်တအိတ်၊ ရေပုံး၀ါ ၁၀လုံးနဲ့ စည်ပိုင်း တလုံးတင်ပြီး ကြမ်းတမ်းတဲ့ခရီးကို မောဟယ်မိုးတို့မိသားစုလည်း ရေခပ်ခရီးနှင်လာပါတယ်။
” ပင်ပန်းတယ် ။နေပူထဲလည်းသွားရသေးတယ်။ နောက် စက်က တောင်ပေါ်ထိ တွန်းရတယ်ဆိုတော့ တော်တော်ပင်ပန်းတယ်။ စက်လည်း တအားပျက်စီးရတယ်” လို့ မော်ဟယ်မိုးက ပြောပါတယ်။
အသက် ၂၁ နှစ်သာရှိတဲ့ မော်ဟယ်မိုးက လူငယ်ဘ၀ကို ရေခပ်ခြင်းနဲ့သာ ကုန်ဆုံးနေရပါတယ်။ မော်ဟယ်မိုးက ရေလုံး၀မရနိုင်တဲ့ လောကျေခူစစ်ရှောင် စခန်းထဲ နေထိုင်ပါတယ်။ လမ်းခရီးအလွန်ကြမ်းပေမဲ့ ရေမရမှာထက်စာရင် အခုလို ရေ နည်းနည်းစီ ခပ်ရတာက သူမကို စိတ်ကျေနပ်မှုရစေတယ်လို့ ပြောပါတယ်။
တောတောင်ထူထပ်တဲ့ ဒေသဖြစ်လို့ တောင်အတက်အဆင်းများပြီး အလွန်နက်တဲ့ ချောက်ကမ်းပါး အပေါ်မှာတင် ဖြတ်သန်းသွားလာနေကြရတာပါ။ တောင်ပေါ်လမ်း တလျှောက်လုံးက ကားတစီးစာသာ အကျယ်ရှိတာကြောင့် ယာဥ်နှစ်စီးက မျက်နှာချင်းဆိုင်ဆုံတဲ့ခါ အရှေ့ယာဥ်ကိုလမ်းဖယ်ပေးဖို့ တဖက် ယာဥ်က ခြုံထဲထိုးပေးရပါတယ်။
လမ်းခရီးကလည်း တောင်ပေါ်လမ်းပီပီ ကျောက်ချွန်တွေ ထိုးထွက်နေတတ်ပါတယ်။ အဆင်မချောတဲ့ လမ်းကြောင့် ရေခပ်ဖို့လာတဲ့ ထော်လာဂျီအများစုက ပျက်စီးကုန်ပါတယ်။ ယာဥ်သုံးလောင်စာဆီ အတွက်ကုန်ကျရုံတင်မက အပျက်အစီးအတွက် ပြုပြင်ခပါ ကုန်ကျရပြန်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ယာဥ်မရှိသူအများစုက ယာဥ်ငှားခ ပါကုန်ကျရပါတယ်။
ထော်လာဂျီပေါ် ရေပုံး အပြည့်တင်ပြန်ပါက တောင်အတက်မှာ မရုန်းနိုင်ပြန်လို့ ရေပုံးကို ထော်လာဂျီအရှေ့ပိုင်းမှာသာ ပြည့်ကျပ်နေအောင် အပေါ်ဆင့်၊ အောက်ဆင့် တင်ပြီးမှသာ ရေခပ်ရပါတယ်။ ဒါ့ကြောင့် ခပ်လာတဲ့ ရေကိုတောင် မသုံးရက်ဘူးလို့ ဦးကျားရယ် ကပြောပါတယ်။
“ကျနော်တို့ ရေလာခပ်လို့ရှိရင် ရေကတခေါက်ခပ်လို့ရှိရင် မသုံးရဲဘူးပေါ့နော။ မသုံးရဘူးဆိုတာ ထမင်း ဟင်းချက်လောက်ပဲရတယ်။ မျက်နှာသစ်သလောက်ပဲရတယ်။ ရေမိုးချိုးလို့မရဘူး။ အ၀တ်လျှော်လို့မရဘူး။ အကယ်၍ အ၀တ်လျှော်ချင်တယ် ရေချိုးချင်တယ်ဆိုရင် ဒီထိလာပြီးတော့ချိုးရတယ်။ ခပ်ထားတဲ့ရေက ကျနော်တို့ မျက်နှာသစ်တာနဲ့ ချက်ပြုတ်စားသောက်ဖို့လောက်ပဲ သုံးရတာပေါ့နော”လို့ ဦးကျားရယ် ကပြောပါတယ်။
ရေချိုးဖို့ တောင်ပေါ်ခရီးနှင် ကျောက်တွေကြား ထော်လာဂျီဆင်းတွန်းရတဲ့ လမ်းအနေထားကြောင့် သွားလာဖို့ အင်အားမတတ်နိုင်တဲ့ သက်ကြီးရွယ်အို တချို့နဲ့ ကလေးငယ်လေးတချို့ကတော့ အများအားဖြင့် ရေမချိုးကြတော့ပါဘူး။ ခြေလက်တွေကိုလည်း တော်ရုံမဆေးကြောကြတော့ပါဘူး။ သွားနိုင် လာနိုင်သူတချို့သာ ရေခပ်သွားရင်း တခါတည်းရေချိုးပြန်ကြရတာပါ။
ရေရှားပါးခြင်းဒုက္ခကို ခံစားနေရတဲ့ လူထုအတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အများအပြား ဖြစ်ပေါ်လာနိုင်တယ်လို့ ကျန်းမာရေးပိုင်း စောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ စိုးရန်နိုင် က အခုလို ပြောပါတယ်။
” ရတဲ့ရေကိုကျတော့ သူက ကျိုချက်ပြီးသောက်သုံးသည်ဆိုသည့်တိုင်အောင် ဒီဖက်မှာက ရေက ထုံးဓာတ်အရမ်းများတယ်။ ထုံးဓာတ်အရမ်းများတဲ့အတွက် ကျနော်တို့ ကျိုချက်ပြီးသွားတဲ့အခါတောင်မှပဲ ရေနွေးအိုးမှာကြည့်လိုက်မယ်ဆိုရင် အောက်မှာ အနည်ထိုင်နေတာအများကြီးရှိတယ်။ ဆိုတော့ကျနော်တို့က ဒီရေကိုပဲ ပြန်သောက်တဲ့အခါမှာ လူတွေက ဘာဖြစ်လဲဆို ဆီးကျောက်တည်ရောဂါတို့ ရေကျောက်ကပ်ထိတဲ့ရောဂါတွေပေါ့နော စသည်ဖြင့် ကျန်းမာရေး နောက်ဆက်တွဲ အကျိုးကျေးဇူးတွေ ဖြစ်လာနိုင်ပါတယ်” လို့ ဒေါက်တာ စိုးရန်နိုင် က အခုလိုပြောပါတယ်။
ဒေါက်တာ စိုးရန်နိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စီဒီအမ်ပြုလုပ်ပြီး ကရင်နီပြည်မှာ လူထုကျန်းမာရေးစောင့်ရှောက်ပေးဖို့ ရောက်ရှိလာသူပါ။ ကရင်နီပြည်မှာ ၃ နှစ်ကြာနေထိုင်လာပြီးဖြစ်ပြီး ကရင်နီလူထုတွေရဲ့ ကျန်းမာရေး အခြေအနေ၊ နေရာဒေသအခြေနေ၊ ရေရှားပါးခြင်း အခြေနေကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့လာရသူဖြစ်ပါတယ်။
ဒါ့ကြောင့် ရှောင်လွှဲလို့မရတဲ့ အနေအထားမှာ ရေကြောင့် နောက်ဆက်တွဲဖြစ်လာမဲ့ ကျန်းမာရေးပြဿနာလျော့ချနိုင်ဖို့ ရေကို သုံးရေ၊ သောက်ရေ စနစ်တကျခွဲထားပြီး မဖြစ်မနေ ကျိုချက်ကာ မသောက်သုံးခင် ရေစစ်နဲ့ အထပ်ထပ် စစ်ပြီးမှသာသောက်သုံးဖို့ ညွှန်ကြားထားပါတယ်။
” ရတဲ့ရေကို ကျိုချက်ပြီး သောက်ပေးပါ။ ကျိုချက်သောက်တဲ့အခါမှာလည်း ကျနော်တို့ ရေနွေးအိုးတည်လိုက်မယ် ဆိုလို့ရှိရင် ရေနွေးအိုး အပေါ်ယံ လေးပဲယူပြီးတော့ သောက်ပေးကြပေါ့နော။ ရေစစ်နဲ့သေချာစစ်မယ်။ ရေစစ်ကို တထပ်မဟုတ်ဘူး ။ နှစ်ထပ် သုံးထပ်ခံပြီး စစ်မယ်။ ပြီးတဲ့အခါမှာ အနည်ကျတဲ့ ထိစောင့်ပြီးတော့မှ အပေါ်ယံပဲ ခပ်သောက်မယ်ဆိုလို့ရှိရင်တော့ တတ်နိုင်သလောက်ပေါ့နော ကျနော်တို့ဖက်ကလည်း အကြံပေးနိုင်တာ တတ်နိုင်သလောက်တော့ ဖြစ်နိုင်ချေနည်းသွားနိုင်တာပေါ့။ အဲ့လိုလျော့ချလို့ရပါတယ် ” လို့ ဒေါက်တာ စိုးရန်နိုင် က အခုလိုပြောပါတယ်။
အခက်အခဲ ပေါင်းများစွာကြားထဲ အခုလို ရေကို ရွှေလိုသုံးနေရတဲ့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ တခုတည်းသော အိပ်မက်ကရေလုံလုံလောက်လောက် သုံးစွဲရဖို့ပါ။ နှစ်စဉ်နှစ်တိုင်း ရေပြဿနာကို စစ်ရှောင်လူထုတွေသာမက ဒေသခံတွေကလည်း ကြုံတွေ့နေရဆဲဖြစ်ပြီး ရေရှားပါးမှုဒဏ်ကို ခါးစည်းခံစားနေကြရအုံးမှာဖြစ်တာကြောင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ မျှော်လင့်ရင်း………