spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img

စစ်မီးအပူပေါ် တောမီးအပူဆင့်နေတဲ့ ကရင်နီစစ်ရှောင်များ

Author

Date

Category

“ကုန်ပြီ နေစရာမရှိတော့ဘူး။ ကြိုးစားပြီးတည်ဆောက်ထားတဲ့ အရာက အကုန်မီးလောင်သွားပြီဆိုတော့ ကုန်သွားပြီပေါ့။”

နွေနေပူပူမှာ တောင်ယာမီးရှို့ရာကနေ  လူနေအိမ်တွေဆီ ကူးစက်လောင်ရာက  အိမ်ပါသွားတဲ့ စီစီးလျာက သူ့ရဲ့လက်ရှိ အခြေအနေကို စိတ်ပျက်လက်ပျက် ပြောပြနေတယ်။

အဲဒီမီးဟာ ဘယ်ကနေစလောင်ကျွမ်းလာလဲဆိုတာ အတိအကျမသိရပေမယ့် တောင်ယာမီးရှို့ရာကနေ ကျေးရွာထဲကို ကူးစက်လာတာလို့ စီစီးလျာက သိထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်က  သူမနေထိုင်ခဲ့တဲ့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း ဒေါပဲ့လော်ကျေးရွာထဲကို တောမီးကတဆင့်(သူ့ယူဆချက်) ကူးစက်လောင်ကျွမ်းလာပြီး သူမအိမ်အပါ နေအိမ် ၂၉ အိမ်၊ စပါးကျီ ၂ လုံး စုစုပေါင်း ၃၁ လုံး မီးလောင်ပြာကျသွားခဲ့ပါတယ်။

 ဒါဟာ သူမတို့ ကျေးရွာက အိမ်ခြေရဲ့ သုံးပုံတစ်ပုံလောင်သွားတာ ဖြစ်ပါတယ်။ ရွာထဲမှာ သိုလှောင်ထားတဲ့ ကျီနဲ့အပြည့်စပါးတွေလည်း တစ်နာရီကျော်အတွင်း ပြာအဖြစ်ပြောင်းသွားခဲ့ပါတယ်။

မတ်လ ၁၁ ရက်မှာလည်း မိုးဗြဲမြို့ပေါ်မှာ တောမီးလောင်ရာကနေ ဘုရားကျောင်းတစ်ကျောင်းအပါ နေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၄ခုနှစ် မတ်လ ၃ရက်နေ့မှာ မီးကူးစက်ရာကနေ နေအိမ်မီးလောင်သွားတဲ့ လွိုင်ကော်မြို့အရှေ့ကဘက်ခြမ်း ဒေါပဲ့လော်ကျေးရွာ။

မီးလောင်ကျွမ်းချိန် ကျေးရွာအတွင်းမီးတားမယ့် သူမရှိတဲ့အပြင် ရေရှားပါးချိန်လည်းဖြစ်တဲ့အတွက် ဘေးကနေရပ်ကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလို့ စီစီးလျာကပြောတယ်။

“မီးတွေက ရိုးရိုးလောင်တာမျိုးတွေမဟုတ်ဘူး။ ကျမတို့ ကယားလိုအခေါ်ကတော့ သဝါးမိုဖဲ ( လေပွေ ) လို့ခေါ်တယ်။ တစ်အိမ်လောင်ပြီးရင် တစ်စု မ သွားပြီးတော့ လေတိုက်တဲ့အတိုင်းသွားပြီး တစ်အိမ်သွားပြန်ချတယ်။ အိမ်လောင်တာက တစ်ပြင်လုံးအကုန်လောင်တာမျိုးမဟုတ်ဘူး။ တစ်အိမ်ကျော်လောင်တာမျိုးတွေဖြစ်တယ်။” လို့ သူမက ပြောပြပါတယ်။

သူမရဲ့ နေအိမ်လေးဟာ ရွာလယ်ခေါင်မှာရှိပြီး မီးဟာ ရွာရဲ့ အနောက်ဘက်ကနေ အရှေ့ဘက်ကို ဖြတ်ပြီးလောင်သွားတယ်လို့ ပြောပါတယ်။  

သုံးနှစ်လောက် ပြောင်းဖူးစိုက်ပျိုးပြီး အမြတ်ငွေတွေ စုဆောင်းကာ တည်ဆောက်ခဲ့တဲ့ စီစီးလျာတို့ရဲ့ မိသားစု တိုက်ပုအိမ်လေးဟာလည်း အချိန်ခဏလေးအတွင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ လောင်နေတဲ့ မီးတွေကြား ပြာဖြစ်သွားခဲ့ရပါတယ်။

ဘာကြောင့် တောင်ယာမီးရှို့ကြတာလဲ​

ကရင်နီပြည်မှာ နွေရာသီရောက်တိုင်း  တောင်ယာမီးရှို့တာကို ရိုးရာအနေနဲ့ ပြုလုပ်လေ့ရှိပြီး တောင်ယာသီးနှံအထွက်တိုးဖို့၊ တောင်ယာအတွင်း ရောဂါပိုပွားမကျရောက်ဖို့၊ ကြွက်ဖျက်ဆီးတာကနေ ကင်းဝေးဖို့နဲ့  သီးနှံစိုက်ခင်းကို ဘေးပယောဂ မဝင်ဖို့  စတဲ့ရိုးရာဓလေ့အရ ယုံကြည်မှုတွေရှိကြတဲ့အတွက် ဒေသခံတွေက ဒီလိုဓလေ့ကို မဖြစ်မနေဆောင်ရွက်ကြတယ်။

တချို့ဒေသတွေမှာလည်း ရွေ့ပြောင်းတောင်ယာတွေလုပ်ကိုင်ကြတဲ့အတွက် တောင်ယာမီးရှို့ကြ တာမျိုးလည်း ရှိနေပါတယ်။

နှစ်စဥ်မတ်လနဲ့ ဧပြီလ အတွင်းမှာ ရိုးရာအရ တောင်ယာမီးရှို့ပွဲကို ပြုလုပ်လေ့ရှိပါတယ်။ ကရင်နီပြည်ထဲက အလယ်ကယန်းဒေသ၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၊ ဖရူဆိုမြို့နယ်တို့တွေမှာ အဓိက ပြုလုပ်လေ့ရှိတယ်။

အလယ်ကယန်းဒေသအတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တောင်ယာမီးရှို့ပွဲ

တချို့ဒေသတွေမှာတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ် မိုးရာသီမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ တောင်ယာတွေကို မီးရှို့တာမျိုး ပြုလုပ်ကြပြီး ရှို့တဲ့အချိန် လူတွေက ရွာတွေထဲ မီးမကူးအောင် စောင့်ကြည့် မီးတားတာမျိုး ပြုလုပ်လေ့ရှိပါတယ်။

ကမ္ဘာ့အပူချိန်မြင့်တက်လာတာနဲ့ အတူ ပိုပူလာတဲ့ ရာသီဥတုကြောင့် တောင်ယာရှို့တဲ့မီးဟာ ပိုမိုလောင်ကျွမ်း တာတွေဖြစ်စေပါတယ်။

အခုနှစ် မြန်မာနိုင်ငံမှာ ဧပြီလအထိ အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိလာနိုင်တယ် လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မီးလောင်လွယ်တဲ့ သည်လို နွေရာသီတွေမှာ မီးတားလမ်းတွေကို နှစ်စဥ် ကြိုတင်ပြုလုပ်လေ့ရှိပေမယ့် အခုနှစ်မှာတော့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တောတောင်ထဲက စစ်ရှောင်စခန်းမှာနေထိုင်နေရတဲ့ အတွက် မီးတားလမ်း မပြုလုပ်နိုင်ခဲ့ဘူးလို့ စီစီးလျာက ပြောပြပါတယ်။

စီစီးလျာနေထိုင်ခဲ့တဲ့ ကျေးရွာမှာတော့ မိုးရာသီစိုက်ပျိုးဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တောင်ယာတွေကို မီးရှို့ကြတာဖြစ်ပါတယ်။ တောင်ယာမီးရှို့ရာကနေ သူတို့ကျေးရွာထဲက နေအိမ်တွေကိုပါ မီးလောင်သွားတာဟာ အခုနှစ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း( မ် )ရဲ့  လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်က တောမီးလောင်ရာကနေ ကျေးရွာထဲက နေအိမ်တွေကိုပါ လောင်ကျွမ်းသွားတာ ယခုနှစ်အတွင်းမှာ အိမ် ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

စစ်မီးအပူပေါ် တောမီးအပူဆင့်

၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စီစီးလျာ နေထိုင်တဲ့ ဒေါပဲ့လော်ကျေးရွာကို စစ်မီးကူးစက်လာခဲ့ပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ သူတို့ရဲ့ ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေထိုင်တာ တွေလည်း ရှိခဲ့ပါတယ်။

စီစီးလျာကတော့ ၉လသားအရွယ် သမီးလေးနဲ့အတူ လက်ရှိမှာ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်‌ရှောင်စခန်းတစ်ခုမှာ နေထိုင်နေပါတယ်။ စခန်းမှာ လူဦးရေ  ၂၀၀ ရှိပြီး မူလတန်းကလေးတွေကို သူမက စာသင်ကြားပေးနေပါတယ်။

တစ်နှစ်မှာ ၂ ကြိမ်လောက်သာ အလှူရှင်တွေရောက်ရှိသလို အိုးအိမ်တွေလည်းမရှိတော့တဲ့အတွက် နေ့စဥ်စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မူလကတည်းက သူမတို့ကျေးရွာမှာ  လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့နေအိမ် ၄ လုံးနဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးချိန် မီးရှို့ဖျက်စီးခဲ့တဲ့ နေအိမ် ၁ လုံး စုစုပေါင်း အိမ် ၅လုံး ပျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေ အဖြစ်နည်းလာတဲ့အတွက် နေရပ်ပြန်နေထိုင်နိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ကျေးရွာအိမ်တွေက နွေရာသီ တောမီးကူးစက်လောင်ကျွမ်းခံရတာဖြစ်ပါတယ်။

“ရွာမှာပြန်နေတော့လည်း ရေတွေ၊ မီးတွေ မရှိတော့ ခက်တယ်။ တချို့ကလည်း ဒီမှာပဲ( စစ်ရှောင်စခန်း ) နေကြမယ်ပြောတယ်။ ဒါပေမယ့် တချို့ကလည်း အိမ်မှာပြန်နေချင်ကြတယ်။ အိမ်မှာပြန်နေမယ်။ ကျေးရွာတွေကို သန့်ရှင်းရေး ပြန်လုပ်မယ်ဆိုတော့ ရွာတွေကို မီးလောင်သွားပြီ။ အိမ်တွေကို လောင်သွားပြီဆိုတော့ ပြန်မနေဖြစ်တော့ဘူး။ စစ်ဘေးရှောင်မှာပဲ နေဖြစ်တော့တယ်။” လို့ စီစီးလျာက ပြောပြပါတယ်။

စီစီးလျာလိုပဲ နေရပ်ကိုစွန့်ခွာလာတာ ၂ နှစ်ရှိပြီး စစ်ဘေးရှောင်နေရတဲ့ ဖရူဆိုမြို့နယ်က ဒေါ်အယ်စတယ်ကလည်း လက်ရှိ နွေရာသီမီးကြောင့် ထားခဲ့ရတဲ့နေအိမ် ပြာဖြစ်သွားမှာကို နေ့စဥ်ရက်ဆက်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

နေအိမ်သန့်ရှင်းရေး ပြန်မလုပ်နိုင်တော့တဲ့အတွက် ခြုံတွေထူနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့တစ်နေရာ။

အရင်နှစ်တွေက အိမ်ပြန်ကြည့်တဲ့သူတွေရှိနေပေမယ့် ကျေးရွာထဲမှာစစ်တပ်စခန်း ရှိနေတဲ့အတွက် အိမ်ပြန်ကြည့်ပြီး ပစ္စည်းပြန်သယ်တဲ့ဒေသခံတွေကို ဖမ်းဆီးမေးမြန်းတာမျိုးတွေ နှစ်ကြိမ်တိုင်တိုင်ပြုလုပ်တဲ့ အတွက် ဒေသခံတွေထပ်မပြန်ရဲတော့ပါဘူး။

“ အိမ်တွေကို သန့်ရှင်းရေးပြန်လုပ်မယ်ဆိုရင်လည်း ပြန်မလုပ်တတ်တော့ဘူး။ ပြန်ဖို့ကြောက်သွားတယ်။ အဲ့ဒါကြောင့် ခြုံတွေလည်း အရမ်းထူတယ်။ ဘယ်သူမှ ပြန်မလုပ်ရဲတော့ဘူး။ စစ်သားတွေပဲ ရှိတယ်ပြောတယ်။ဒါပေမယ့် ကျမလည်း မမြင်ရဘူး။ ကျမအဝေးကြီးကို စစ်ရှောင်သွားတော့ ဘားမှလည်း သေချာမသိရတော့ဘူး။ ရွာကိုလည်း တစ်ခါမှ ပြန်မမြင်ရတော့ဘူး။ အိမ်ကို သတိရပေမယ့် ဘားမှလည်း မလုပ်တတ်တော့ဘူး။” လို့ ဒေါ်အယ်စတယ်က ပြောပါတယ်။

အဝေးတစ်နေရာကနေ မီးခိုးငွေ့တက်လာတာကို တွေ့ရကြားရတိုင်း သူမရဲ့ အိမ်များဖြစ်နေမလားဆိုတဲ့ အတွေးပေါင်းတစ်သိန်းနဲ့ ဒေါ်အယ်စတယ်က ရင်တထိတ်ထိတ်ပါပဲ။

မီးနဲ့အတူ ပျောက်သွားတဲ့ အိမ်များ  

အာဏာသိမ်းပြီးနောက်စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီ ဒေသခံတွေကလည်း အိုးအိမ်တွေကို စွန့်ပစ်ပြီး စစ်ရှောင်စခန်းမှာ နေကြရပါတယ်။

သည်လိုအချိန်မှာ အရင်က သားသမီးတွေအတွက် အမွေဆိုပြီး ရည်ရွယ်ထားတဲ့ ပိုင်ဆိုင်မှုတွေ၊ ပစ္စည်းဥစ္စာတွေ၊ အိမ်တွေဟာအာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေက တစ်စစီ လက်လွှတ်ဆုံးရှုံးနေရပါတယ်။

နှစ်ရှည်လများ နေရပ်စွန့်ခွာရမယ်လို့ မတွေးထားကြတဲ့အတွက် တောင်ယာလုပ်ပြီးစုဆောင်းထားတဲ့ ကျီအပြည့်နဲ့   စပါးတွေကို မသယ်ထုတ်နိုင်ခဲ့ပါဘူးလို့ စစ်ရှောင်နေတဲ့ ဒေါ်အယ်စတယ်ကပြောတယ်။​

“ဘားမှလည်း မသယ်နိုင်ခဲ့ဘူး။ စစ်တပ်တွေ အကုန်လာသယ်သွားပြီလို့ပဲ သူများတွေပြောပြတယ်။ ပင်ပန်းခံပြီး အလုပ်လုပ်ထားတာ ဒီစစ်တပ်တွေအတွက်လားတွေးပြီး စိတ်ဆင်းရဲရတယ်။ နေ့စဥ်ညတိုင်းပဲ။ ထပ်ပြီးတော့လည်း မရှိနိုင်တော့ဘူး။ အခုကလည်း နွေရာသီဆိုတော့ ‌သဘာဝဘေးတွေကြောင့် မီးလောင်ပျက်စီးကုန်ပြီလားမသိဘူး။ မြင်လည်း မမြင်ရတော့ဘူး။ ဟိုးအဝေးမှာသွားနေတော့ ဘားမှ မကြားရတော့ဘူး။” လို့ သူမက ပြောပြပါတယ်။

စစ်ရှောင်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ နေအိမ်တွေဟာလည်း  ဖောက်ထွင်းခိုးယူခံရတာတွေ၊ လက်နက်ကြီး၊ လေတပ်ပစ်ခတ်မှုတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ နေအိမ်မီးရှို့ခံရတာတွေ စတဲ့ အကြောင်းရင်းကြောင့်ပျက်စီးသွားတာလည်း ရှိပါတယ်။ အခုအခါ တောမီးကြောင့်လည်း အိမ်တွေထပ်မံဆုံးရှုံးကြရပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်းပျက်စီးသွားတဲ့နေအိမ် ၂၄၁၅ လုံးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ၂၀၂၄ခုနှစ် ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီနေအိမ်တွေဟာ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လေတပ်ပစ်ခတ်မှုတွေကြောင့် ပျက်စီးတာတွေ၊ စစ်ကောင်စီတပ်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပါတယ်။ 

နေအိမ်သန့်ရှင်းရေး ပြန်မလုပ်နိုင်တော့တဲ့အတွက် ခြုံတွေထူနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့တစ်နေရာ။

အ၀ေးကနေပဲ​အိမ်ကို စိတ်ပူနေရ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာပဲ ကရင်နီပြည်နယ်မြေဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

သို့ပေမယ့် နယ်မြေရှင်းလင်းရေးတွေ မလုပ်ရသေးတဲ့အတွက် ဒေသခံတွေကို နေရပ်ပြန်နေခိုင်းဖို့က စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေသေးတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“အဓိက မြေမြုပ်မိုင်းအန္တာရာယ်ကတော့ ပြန်လည်နေထိုင်ဖို့အတွက် စိန်ခေါ်မှုဖြစ်တယ်။ စစ်ကောင်စီဘက်က ဒါလက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အနေအထားမျိုးတွေ။ ဒရုန်းနဲ့ ဗုံးတွေချတဲ့ အနေအထားတွေကြောင့် စစ်မြေပြင်ဖြစ်ခဲ့ဖူးတဲ့နေရာတွေဆိုရင် ပြည်သူတွေ ပြန်နေထိုင်ဖို့ ခက်ခဲနိုင်ပါတယ်။” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဖွဲ့စည်းပြီးဖြစ်တဲ့အတွက်  နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးတွေအတွက် အကောင်အထည်ဖော်သွားဖို့ရှိနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း ပြန်လည်နေထိုင်လို့ ရတဲ့ ဒေသတွေအတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို ပြင်ဆင်နေတာရှိပြီးလို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အတွင်းရေးမှူး ( ၂ ) ဦးဗညား ပြောပါတယ်။

ကရင်နီပြည်မှာလည်း စစ်ကောင်စီတပ်စွဲထားခဲ့ပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဒေသတွေမှာ ဒေသခံတွေ နေအိမ်သန့်ရှင်းရေးပြန်လုပ်ရင်း မြေမြုပ်မိုင်းနင်းမိသူ နဲ့ သေဆုံးသူတွေရှိနေပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း မိုင်းတွေကြောင့်သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၁၀ ဦးနဲ့အထက် ရှိနေပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၂၀ ဦးကျော် ရှိနေပါတယ်။ မြေပြင်အချက်အလက်တွေအရလည်း ယခုထက်ပိုမိုများပြားနိုင်ပါတယ်။

ဒါကြောင့် ဒေသခံတွေ အိုးအိမ်ကိုသန့်ရှင်းရေးပြန်လုပ်ဖို့အတွက် အသက်အန္တာရာယ်စိန်ခေါ်မှုကြီးကြီးမားမား ရှိနေပါတယ်။

လက်ရှိဒေသမှာ တောင်ယာတွေကိုမီးရှို့တာဟာ ရိုးရာလိုဖြစ်နေပေမယ့် မလိုအပ်ဘဲ မရှို့ကြဖို့နဲ့ ကိုယ်သတ်မှတ်ထားတဲ့ ဒေသတွေကိုသာ လောင်ကျွမ်းစေဖို့ သေချာဂရုစိုက်သင့်တယ်လို့ ဖရူဆိုမြို့က ဒေသခံတစ်ဦးဖြစ်တဲ့ ဆိုဖီယာက မှတ်ချက်ပေးပါတယ်။

စီစီးလျာကတော့ ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်နိုင်တဲ့အတွက် စုဆောင်းထားတဲ့ငွေလေးနဲ့ ဆောက်ခဲ့တဲ့ တိုက်ပုလေးနဲ့အတူ ကုန်မာဆိုင်ငယ်လေးကိုခြောက်လလောက်သာ ဖွင့်နိုင်ပြီး စစ်ရှောင်ရင်း အိမ်က မီးထဲပါသွားပါပြီ။

ဆိုင်ဖွင့်ပြီး စားဝတ်နေရေးအတွက်ဖြေရှင်းရင်း အေးချမ်းတဲ့ မိသားစုဘဝလေးနဲ့ ဖြတ်သန်းချင်ခဲ့တဲ့ သူမရဲ့ အိပ်မက်ကတော့ တောမီးနဲ့အတူ ပျက်စီးသွားခဲ့ပါပြီ။

spot_img
spot_img

Recent posts