spot_img
Sunday, December 4, 2022
spot_img

စစ်မြေပြင်ဖြစ်နေပေမယ့် ကောင်းမွန်တဲ့အရာယူဆောင်ပေးနိုင်ဖို့ ရိုးရာပွဲအစဉ်အလာဆက်လက်ကျင်းပ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

အခုလို ရာသီအချိန်က ကရင်နီလူမျိုးတွေရဲ့ ရိုးရာဓလေ့အစဉ်အလာတခုဖြစ်တဲ့ ကေ့ကရဲဒါး (ခေါ်) ငှက်လိုက်ပွဲတော် ကာလဖြစ်ပါတယ်။

ကရင်နီလူမျိုးကျေးရွာတွေ တော်တော်များများက နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ခဲ့ကြပေမယ့်လည်း အခုလို စစ်မြေပြင်ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာတော့ ရိုးရာတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲနေပါတယ်။

စစ်ကောင်စီတပ်ရင်း ၊ တပ်စခန်းနဲ့ နီးတဲ့ ကရင်နီလူမျိုးတွေရှိတဲ့ ကျေးရွာတော်တော်များများကတော့ မကျင်းပနိုင်ကြတော့ပါဘူး။

စစ်ကောင်စီတပ်နဲ့ ဝေးတဲ့ ကျေးရွာတချို့မှာတော့ ရိုးရာအစဉ်အလာမပျက် လုပ်သွားကြတဲ့ရွာလည်း ရှိနေပါတယ်။

လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာတော့ ဒီဇင်ဘာလ ၆ရက်နေ့မှာပဲ ငှက်လိုက်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပပြုလုပ်သွားကြတယ်လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ခူးဘော်ရယ်က ပြောပါတယ်။

“ကျနော်တို့ ရိုးရာအတွက် ပြင်ဆင်ဆောင်ရွက်တာက အမှန်အတိုင်းပြောရရင် ကျနော်တို့ လူမျိုးစုတွေ မပျောက်ဖို့အတွက် ကျနော်တို့ ထိန်းသိမ်းတဲ့ပုံစံမျိုးပေါ့။ နှစ်စဉ်နှစ်တိုင်းလုပ်တာက ကျနော်တို့ ကလေးတွေအတွက် သူတို့ လုပ်တတ်ဖို့ သိဖို့ ကျနော်တို့ ကြိုးစားပြီး ထိန်းသိမ်းစောင့်ရှောက်ရတယ်ပေါ့။ ကျနော်တို့ လူကြီးတွေရဲ့ လုပ်ဆောင်မှုတွေက လိုအပ်ချက်တွေကို လမ်းညွှန်ပေးတယ်။ အားပေးအားမြောက်စေချင်တယ်။”

ငှက်လိုက်ပွဲကျင်းပတာက တစ်ရွာနဲ့တစ်ရွာမတူညီကြပါဘူး။ စပါးရိတ်သိမ်းပြီးချိန်၊ သိုလှောင်ပြီးချိန်ဖြစ်တဲ့ ဒီဇင်ဘာ၊ ဖေဖော်ဝါရီ၊ မတ်လဆန်း စသဖြင့် ကျင်းပကြပြီး တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ် တွေကို ငှက်၊ ကြက်၊ ဝက်နဲ့ ပူဇော်ပသကြတာဖြစ်ပါတယ်။

“ကျနော်တို့ ဌက်လိုက်ပြီးတော့ ကလိစာတွေနဲ့ တော်တောင်စောင့်နတ်တွေကို အစာကျွေးရတယ်။ ကျနော်တို့ ကလိစာတွေထည့်ဖို့ ခွက်ကိုယ်တိုင်လုပ်ပြီး အစာကျွေးတာ။ ကျနော်တို့ ကျွေးတာကလည်း တောစောင့်နတ် တောင်စောင့်နတ်တွေကို ပြီးတော့ ကျနော်တို့ အကောင်းတွေဖြစ်လာဖို့ဆိုပြီးတော့ပေါ့။ ကျနော်တို့အပေါ် ကောင်းတဲ့အရာတွေ သက်ရောက်နိုင်ဖို့အတွက် ကျနော်တို့ ဌက်နဲ့အစာကျွေးတာ။ အဲ့တာကြောင့်မလို့ ကျနော်တို့ ဌက်လိုက်ရတာ။”

ငှက်လိုက်ပွဲ မပြုလုပ်ခင် ရိုးရာအရ ကြက်ရိုးထိုးတာလုပ်ဆောင်ပြီး ကြက်ရိုးထိုး ရလာတဲ့အဖြေအပေါ်မူတည်ပြီး နေ့ကောင်းနေ့မြတ်ရွေးချယ်ကာ ငှက်လိုက်ပွဲတော်ကို ကျင်းပပြုလုပ်ကြရတာဖြစ်ပါတယ်။

အဲ့ဒီနေ့ရောက်ရင် ပြင်ပဧည့်သည်တွေက ကျေးရွာထဲလာခွင့်မရှိသလို ရွာထဲကသူတွေလည်း ရွာပြင်ကိုထွက်ခွင့်မရှိပါဘူး။

ငှက်လိုက်ပွဲမှာတော့ ကျေးရွာထဲက အမျိုးသမီး၊ ကလေးသူငယ်၊ သူကြီးရွယ်အိုတွေကလွဲလို့ ကျန်တဲ့ အမျိုးသားအားလုံး ပါဝင်ဆင်နွဲရပါတယ်။ ရလာတဲ့ ငှက်ရဲ့ ကလီစာ၊ အသည်းကို တောစောင့်တောင်စောင့်နတ်ကို ပူဇော်ပသတယ်လို့ ရွာရပ်မိရပ်ဖက ဆက်ပြောပါတယ်။

ငှက်လိုက်ပွဲရဲ့တစ်နေ့တာမှာတော့ မနက်စောစော ရွာကအမျိုးသားတွေစု တောတောင်ထဲ ငှက်လိုက်ပွဲသွားကြပြီး ကျန်ရစ်တဲ့ အမျိုးသမီးတွေကတော့ ကေ့လဲ(နတ်ပူဇော်ပသတဲ့နေရာ)မှာ လိုအပ်တာတွေပြုလုပ်ကြပါတယ်။

ငှက်လိုက်ပွဲကနေ ရရှိလာတဲ့ ငှက်သားကောင်တွေကို နတ်စင်နားမှာ တွဲချည်ပြီး အမွှေးနုတ် ချက်ပြုတ် နတ်စင်တင်ကြပါတယ်။ ညနေခင်းမှာတော့ အမျိုးသမီးတွေက ချောင်းထဲက ရေကို ဘူးသေးသေးလေးနဲ့ခပ်ပြီး နတ်ပူဇော်ပသတဲ့နေရာမှာ ရပ်ရွာအေးချမ်းသာယာစေဖို့အတွက် ရေလာလောင်းကြပါတယ်။

နတ်ပူဇော်ပသပြီး ကျန်ရှိတဲ့ အသားတွေကို ညီတူညီမျှ တစ်ထုတ်စီ ရွာသားတွေက ပြန်လည်ခွဲဝေကြပြီး
ယူပြန်စားသောက်ကြတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ်လက်အောက်မှာ စစ်ကျွန်မခံချင်ကြတဲ့ လူငယ်တွေက စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတော်လှန်တိုက်ထုတ်ရင်း တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတဲ့ ကရင်နီပြည်မှာတော့ ကောင်းတဲ့လက္ခဏာ အရာတွေယူဆောင်လာဖို့အတွက် ရိုးရာဓလေ့အစဉ်အလာကိုတော့ မဖြစ်မနေကျင်းပ ခဲ့ကြတာပဲဖြစ်ပါတယ်။

Related Stories