spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို ဂျာမနီနိုင်ငံတရားရုံးမှာ တရားစွဲဖို့ တင်သွင်းနိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်အပါအဝင် တခြားသော တိုင်းနှင့်ပြည်နယ်က လူထုတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို ဂျာမနီနိုင်ငံက တရားရုံးမှာ တရားစွဲဆိုဖို့ တင်သွင်းနိုင်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Fortify Rights နဲ့အတူ မြန်မာနိုင်ငံက တိုင်ကြားတူ (၁၆)ဦးတို့ က ဂျာမနီနိုင်ငံ တရားရုံးကို တင်သွင်းခဲ့ပြီး အဲဒီတရားရုံးကနေ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတရားရုံးကနေ တရားစွဲဆိုခွင့်ပြု၊ မပြုကို အကြောင်းပြန်မှာဖြစ်ပြီး သာမာန်အားဖြင့် သုံးလလောက်ကြာနိုင်တယ်လို့ ဆိုပါတယ်။

ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာတွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတာဟာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေကို တရားမျှတမှု ပြန်လည်ရှာဖွေပေးနိုင်ဖို့ဖြစ်တယ်လို့ ဆရာဗညားက ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုတစ်ရပ်ချင်းစီ အဖွဲ့အစည်း တစ်ခုချင်းစီကလည်း ဒီရာဇဝတ်မှု ဒီလူ့အခွင့်အရေး ရာဇဝတ်မှု ချိုးဖောက်မှုတွေကို လက်ပိုက်ကြည့်မနေဘူးဆိုတာကို ပြလိုခြင်းဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံခဲ့ရတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းခံခဲ့ရတဲ့ လူပုဂ္ဂိုလ်မိသားစုဝင်တွေအတွက် လည်း ကျနော်တို့ တရားမျှတမှု ပြန်ဆောင်ရွက်တဲ့အပြင် သူတို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ခံစားတဲ့နေရာမှာ ကျနော်တို့ ကုသနိုင်မယ်လို့ မျှော်လင့်လို့ ဒီလိုမျိုး လုပ်ငန်းတွေကို ကျနော်တို့ စရခြင်းဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

တရားစွဲဆိုဖို့ တင်သွင်းတဲ့အထဲမှာ ကရင်နီပြည်မှာဖြစ်ပွားခဲ့ “ပြည်သူ ၄၀ ဝန်းကျင်ကို မီးရှို့ သတ်ခဲ့တဲ့ မိုဆိုဖြစ်စဉ်”၊ “စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့ ရီခီးဘူးဖြစ်စဉ်” စတဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် ခေါင်းစဉ်ကြီး ၅ ခုနဲ့ ကဏ္ဍအသေးတွေကို တင်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါအပြင် တခြားသောနိုင်ငံတကာခုံရုံးတွေမှာလည်း တရားစွဲဆိုနိုင်ဖို့ ထပ်မံတင်သွင်းသွားမှာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်နိုင်ခြင်းဟာ စစ်ကောင်စီတွေကို ဖမ်းဆီးပြီး ထောင်တွင်းအကျဉ်းချထားနိုင်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“သေချာတာ တစ်ခုကတော့ ဒီတရားစွဲပြီးနောက်ပိုင်း အောင်မြင်ပြီးနောက်ပိုင်း ကျနော်တို့ ဒီလုပ်ထုံးလုပ်နည်းတွေအရ ကျနော်တို့ ပြစ်ဒဏ်ထားစီရင်ပြီဟေ့ဆိုတာနဲ့ ဒီစစ်ဗိုလ်တွေက တစ်သက်လုံး ဒီအမှုတွေမှာပေါ့နော။ အကျုံးဝင်သွားတဲ့အတွက်ကြောင့်မလို့ သူ့ကို အချိန်မရွေးကြုံတဲ့နေရာမှာ အဆင်ပြေတဲ့နေရာမှာ အချိန်ကာလ တစ်ခုမှာ ဖမ်းဆီးပြီးတော့မှ ထောင်တွင်းအကျဉ်းချလို့ပုံစံတစ်ခုကို ကျနော်တို့ မြင်တယ်။” လို့ သူက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူထုတွေအပေါ် စစ်ရာဇဝတ်မှုတွေကို တွင်တွင်ကျယ်ကျယ် ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ဒီလိုကျူးလွန်ခံရမှုတွေကို နိုင်ငံတကာသိအောင် ပြောပြပြီး ထပ်ခါ တလဲလဲ ကျူးလွန်ခံနေရတာထက် ဒီလိုနိုင်ငံတကာတရားရုံးတွေကနေ ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားရခြင်းဖြစ်တယ်လို့ ဦးဗညားက ဆိုပါတယ်။

spot_img
spot_img

Recent posts