ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်နေရတဲ့ လူထုတွေကို ထောက်ပံ့ကူညီပေးတဲ့ အလှူရှင်တွေနည်းပါးလာသလို မြေပြင်မှာ ကူညီဆောင်ရွက်မှု ပြုလုပ်နေကြတဲ့ အဖွဲ့တွေမှာလည်း အခက်ခဲပိုရှိလာတယ်လို့ ကရင်နီစစ်ရှောင်တွေကို ကူညီပေးနေတဲ့ Job For Kayah အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဖက် ဖိအားပေးခြင်းအားဖြင့် တားမြစ်ထားတာတွေလည်းရှိတယ်။ အဲ့ဒီ တွက် ဒီဖက်ကို ကူညီပေးတဲ့အဖွဲ့တွေ သိပ်မလာနိုင်တော့တာတွေရှိတယ်။ ထောက်ပံ့ငွေတွေမပေးနိုင်ဘူး ရိက္ခာတွေမပို့နိုင်ဘူး။ မပို့လာနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့လာနေရတယ်ပေါ့နော်။ နောက်ဒေသခံကူညီပေးတဲ့ ကျနော်တို့ အဖွဲ့တွေကျတော့လည်း အလှူရှင်တွေရဲ့ရန်ပုံငွေ ထည့်ဝင်မှု ပံ့ပို့ပေးမှုတွေနဲ့ ပြန်ပြီး စစ်ရှောင်တွေ ကူရတာဆိုတော့ ဒီရန်ပုံငွေမဝင်တာတွေ ရှိလာတာပေါ့နော်။ ဒီရန်ပုံငွေရှာရတာ အရမ်းခက်ခဲလာတယ်။ ကမ်ပိန်းတွေလုပ်တော့လည်း မရတာတွေ ဖြစ်လာတာပေါ့နော်”လို့ သူက ပြောပါတယ်။
စစ်ရှောင်ဦးရေ အများဆုံး ရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာဆိုရင် ကိုယ်တိုင်ရှာဖွေစားသောက်လို့မရနိုင်တဲ့ အခြေအနေနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှု နည်းလာတာတွေကြောင့် အခက်အခဲတွေပိုများလာတယ်လို့ စစ်ရှောင်တွေကလည်း ပြောပါတယ်။
မိုးဗြဲ၊ လွိုင်ကော်မြို့နယ်ကနေ ကုန်စည်တွေကို အဓိက တင်ပို့နေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးတွေ တင်ပို့တာကို ဖမ်းဆီးမှုတွေ ပြုလုပ်တာကြောင့် စစ်ရှောင်တွေဆီ ရိက္ခာမရောက်လာနိုင်တော့ဘူးလို့ သိရပါတယ်။
လက်ရှိ ကရင်နီပြည်တခုလုံးအတိုင်းအတာနဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ သူတွေ နည်းပါးပြီး အလှူရှင်တွေက ပေးလှူတဲ့ ရိက္ခာတွေကိုသာ မှီခိုစားသောက်နေရသူ များနေတာပါ။
စစ်ရှောင်လူထုအတွက် UN Agency အဖွဲ့အစည်းတွေက ထိရောက်တဲ့ အကူအညီမရရှိတာကြောင့် လူထုအခြေပြုအဖွဲ့အစည်းတွေသာ အရေးပေါ် စီမံခန့်ခွဲပြီး ဖြေရှင်းပေးတာရှိတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) မှ အတွင်းရေးမှူး (၂) မော်ဖရေမြာက ပြောပါတယ်။
“အဲ့လိုပဲ NGO တွေ တကယ့်ကြီးကြီးမားမား UN အဖွဲ့တို့ဘာတို့က ကူညီပေးတာမျိုးတွေ မရှိဘဲနဲ့ ကျမတို့ ဒီလူထုအခြေပြုအဖွဲအစည်းတွေ CSO တွေနဲ့ အဲ့လိုပဲ အရေးပေါ်စီမံခန့်ခွဲပြီးတော့မှ ဖြေရှင်းပေးတာမျိုး တွေပဲရှိတာပေါ့။ဆိုတော့ အခုလည်းမိုးတွင်းကာလလည်းဖြစ်တော့ သူတို့ ပြန်ပြီးတော့မှ မိုးကာတွေ ပြန်လိုအပ်လာတဲ့အပိုင်းတွေ နောက်ပြီးအရေးကြီးဆုံးက Food ပေါ့နော် ရိက္ခာ ပေါ့။ တစ်ချို့နေရာမျိုးတွေ ဒီးမော့ဆိုအနောက်ခြမ်း တစ်ချို့နေရာမျိုးတွေ မှာဆိုလို့ရှိရင် သူတို့ ဟိုးအရင်ကတည်းကပါပဲ သူတို့ရိက္ခာလျှော့နည်းလာလို့ တစ်ရက်ကို ထမင်းသုံးနပ်မစားနိုင်တဲ့ အနေအထားမျိုးမှာ လူကြီးတွေက နှစ်နပ်စား၊ ကလေးဦးစားပေးဆိုတဲ့ အဲ့လိုကြုံလာခဲ့တယ်ပေါ့နော်”လို့ဆိုပါတယ်။
စစ်ရှောင်စခန်းတွေမှာတော့ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဆန်ပြတ်လပ်တာတွေ မကြာခဏတွေ့ကြုံနေရတာကြောင့် ရေရှည်စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။