spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“စစ်ရေးအပြင် ဝမ်းရေးအတွက်ပါ တော်လှန်နေကြရသူများ”

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

တပ်ဖွဲ့ဝင်ရဲဘော်တွေ ရှေ့တန်းထွက်နေစဉ် နောက်မှာကျန်ရစ်ခဲ့သူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ ရဲ့ ဒု-ရုံးဦးစီးမှူး ရဲဘော် ဟယ်ဒီ တစ်ယောက်ဟာ ကြက်၊ ဝက် တွေ ပြုစုလိုက်၊ စိုက်ခင်းထဲ သွားလိုက်နဲ့ သူ့ရဲ့ တနေ့တာကို ဖြတ်သန်းနေပါတယ်။

စားနပ်ရိက္ခာကို တစ်နိုင်တစ်ပိုင် အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တာကြောင့် ဒေသခံလူထုတွေကနေ စိုက်ပျိုးမြေတွေကို ငှားယူပြီး ၎င်းတပ်ရင်းအတွက် စိုက်ပျိုးရေးလုပ်ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ တော်လှန်ရေးလုပ်နေတာက ဘယ်လောက်အတိုင်းအတာအထိ သွားမလဲဆိုတာ ကျနော်တို့ မပြောတတ်သေးဘူး။ နှစ်ပေါင်းနောက်ထပ် ဘယ်နနှစ်ထပ်ကြာမလဲဆိုတာ ကျနော်တို့ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရခြင်းဖြစ်တယ်။ စိုက်ပျိုးရေးကော ဒီမွေးမြူရေးပိုင်းတွေကောပေါ့။” လို့ တပ်ရင်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ လုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး တပ်ရင်း ၁၅ မှ ဒု-ရုံးဦးစီးမှူး ရဲဘော် ဟယ်ဒီက ပြောပြလာပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ လူမှုကွန်ယက်စာမျက်နှာမှာ သူတို့တတွေ ပင်ပန်းဆင်းရဲစွာ နေထိုင်စားသောက်ရပုံတွေကို စိတ်မကောင်းစွာ ချပြခဲ့ဖူးတာတွေ ရှိပါတယ်။ မြေပြင်မှာလည်း သူတို့တွေဟာ အထက်ပါအတိုင်း ဖြတ်သန်းနေကြရတာပါ။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့အသက်ကိုတောင် မမှုပဲ ပေးဆပ်ထားကြပေမယ့် အသက်ရှင်စဉ် ဝမ်းရေးကိုလည်း လျစ်လျူရှု့ထားလို့ မရတာကြောင့် စစ်တိုက်ရင်းတဖက်၊ ဝမ်းရေးအတွက်ပါ ရှာဖွေနေရတဖက်နဲ့ သူတို့တတွေဟာ တော်လှန်ရေးကို ဆင်နွှဲနေကြရတာပါ။

KNDF မှာတော့ တပ်ရင်းပေါင်း ၂၀ ရှိပြီး တပ်ရင်းအလိုက် ရံပုံငွေကို လွတ်လပ်စွာ ရှာဖွေခွင့် ပေးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်ရင်းတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ သူတို့တတ်နိုင်သမျှ စစ်ရေးအသုံးစရိတ်တွေအတွက် ရှာဖွေနေကြရသလို ဝမ်းရေးလိုအပ်ချက်အတွက်ကိုလည်း ကိုယ်တိုင်လုပ်ဆောင်နေကြရတာပါ။

“ ကျနော်တို့ KNDF မှာက လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ပွဲဆိုလည်း နေရာတိုင်း ကနေကြတာ။ နားရတဲ့နေ့ရယ်လို့ မရှိဘူး။ ပွဲ ကဖို့ လိုအပ်ချက်တွေ များနေသလို တပ်ဖွဲ့ဝင်တွေ နေ့စဉ် စားသောက်ရဖို့ ရိက္ခာတွေလည်း မနည်း ရုန်းကန်နေရတာပါ။ တော်လှန်ရေးက ရှည်ကြာလာတော့ လှူပေးနေတဲ့ အလှူရှင်၊ လူထု တစ်ဦးချင်းစီတိုင်းကို ကျနော်တို့ ကျေးဇူးအထူးတင်ပါတယ်။ ကျနော်တို့က အားလုံးကို ပေးဆပ်ထားသူတွေမို့ လူထုတွေအားလုံးက လိုအပ်တာတွေကို ပံ့ပိုးပေးမှပဲ ကျနော်တို့ ရှေ့မှာ လုပ်ဆောင်ချက်တွေ ပိုထိရောက်မှာဖြစ်တယ်။
ဒါကြောင့်မို့လို့ ဆက်လက်ပံ့ပိုးပေးကြပါ။ ကျနော်တို့အားလုံး အောင်ပွဲအတူခံကြမယ် လို့ ကျနော့်အနေနဲ့ တိုက်တွန်းတောင်းဆိုလိုပါတယ်ခင်များ” လို့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNDF တပ်ရင်း ၁၅ ကတော့ ရှေ့တန်းမထွက်တဲ့ ရုံးပိုင်းတာဝန်ယူထားသူများအပြင် ရှေ့တန်းမထွက်ချိန် ပြန်လာအနားယူတဲ့ ရဲဘော်တွေကလည်း အားလပ်ချိန်မရှိပဲ စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို တနိုင်တပိုင် ဝိုင်းဝန်းလုပ်ကိုင်ကြပါတယ်။
တိုက်ပွဲမရှိချိန်မှာ အနားယူဖို့လိုနေပေမဲ့ သူတို့ စားဝတ်နေရေးအတွက် အထောက်အကူပြုတာ မှန်သမျှ ရရာအလုပ်ကို လုပ်ကိုင်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြပါတယ်။

သို့ပေမယ့် တောင်ယာ၊ လယ်ယာ နဲ့ နေအိမ် မွေးမြူရေး အနည်းငယ်ကိုသာ အဆင်ပြေသလို လုပ်ကိုင်၊ မွေးမြူ ရင်း ဝမ်းရေးကို ဖြေရှင်းနေကြတာပါ။

တော်လှန်ရေးကာလ ရှည်ကြာလာတဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်ရှိလာတဲ့ အလှူတွေဟာ တဖြည်းဖြည်း နည်းပါးလာပါတယ်။ အလှူရှင်တွေကနေ ထောက်ပံ့လှူဒါန်းပေးတဲ့ ငွေတွေအားလုံးကို လက်နက်ခဲယမ်းအတွက်သာ ဦးစားပေးအသုံးပြုနိုင်ဖို့ အားလပ်ချိန်တွေမှာ ယခုလို ဝမ်းရေးအတွက် အထောက်အကူပြုပေးနိုင်မဲ့ အလုပ်တွေကို ရှာဖွေလုပ်ကိုင်ရတာ ဖြစ်တယ်လို့ တပ်ရင်း ၁၅ မှ ဒု-ရုံးဦးစီးမှူး ရဲဘော် ဟယ်ဒီက သူတို့အနေနဲ့ ရရာအလုပ်ကို လုပ်ကိုင်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြပုံကို ပြောပါတယ်။

“ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ပြောရမယ်ဆိုရင် စားဝတ်နေရေးပိုင်း ရဲဘော်တွေရဲ့ ရိက္ခာပိုင်းတွေကို တဖက်တလမ်းကနေ ဖြေရှင်းပေးနိုင်တဲ့အတွက် အလှုရှင်တွေကနေ ပို့လာပေးတဲ့ အလှုငွေကို အဓိက လိုအပ်တဲ့နေရာမှာ ကျနော်တို့ ပြန်ပြီးတော့မှ ပိုအသုံးချနိုင်တယ်။ ပြောရမယ်ဆိုရင် လက်နက်ခဲယမ်း ဝယ်ယူတာပဲ ဖြစ်ဖြစ်ပေါ့ ဟုတ်။” လို့ တပ်ရင်း ၁၅ မှ ဒု-ရုံးဦးစီးမှူး ရဲဘော် ဟယ်ဒီက ဆက်ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ ရှေ့တန်းထွက်ရတဲ့အခါ ပြည်သူလူထုမှ ကျွေးတဲ့ ထမင်း၊ဟင်း၊ မုန့်ပဲသရေစာတွေကို ကျေးဇူးတင်စွာ ဦးချပြီး အသက်ကို မမှုပဲ တိုင်းပြည်နဲ့ ပြည်သူတွေကို အဆုံးထိ ကာကွယ်သွားမယ်လို့ သစ္စာဆို စားသောက်ကြပါတယ်။

ပြည်သူတွေဟာလည်း တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်အောင်မြင်ဖို့ ကဏ္ဍအသီးသီးကနေ တတ်အားသမျှ ပါဝင်နေကြပါတယ်။ စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် မိမိတို့ ရှိတဲ့နေရာကနေ တော်လှန်ရေးအောင်မြင်ဖို့ ပံ့ပိုးစရာ ဘာမှ မရှိတော့ရင်တောင် ယုံကြည်ရာ ဘုရားကို တောင်းဆုချွေရင်း တော်လှန်ရေးရဲဘော်တွေနဲ့အတူ ရပ်တည်နေကြပါတယ်။

“ကျမတို့ကတော့ အဆုံးထိ ရပ်တည်မှာပဲ။ ပေးဆပ်ရတယ် အများကြီးပဲ။ နေစရာအိမ်လည်း မရှိတော့သလို ဘယ်တော့ပြန်ရမလဲဆိုတာလည်း မသိဘူး။ ဒါပေမယ့် ကျမတို့ကို ကာကွယ်ပေးတဲ့၊ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သား၊သမီးတွေနဲ့အတူ ကျမတို့ အတူ ရှိနေတယ်။ ဆုလည်းတောင်းပေးတယ်။ ကျမတို့က သူတို့ကို ပေးလှူဖို့ထက် သူတို့ဆီကပဲ ပြန်ယူစားရမယ့် အခြေအနေပဲ။ ဒါပေမယ့် သူတို့နဲ့အတူ ရှိနေတယ်။”

ဒါဟာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာ တစ်နှစ်ကျော်ကြာပြီး နေအိမ်ကိုပါ ဆုံးရှုံးသွားရတဲ့ အသက် ၅၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ီဥးက ပြောသွားတဲ့ စကား ဖြစ်ပါတယ်။

“သူတို့ကို အားလည်းနာရတယ်။ လေးလည်းလေးစားတယ်။ ဆက်ပြီးတော့ အားတော့မလျော့သွားနဲ့ပေါ့။ ကျနော်တို့နဲ့အတူရှိပေးဖို့ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။” လို့ လူထုအားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲလာတဲ့ ဒီတော်လှန်ရေးမှာ လူထုတွေကို လေးစားအားနာရသလို ယနေ့ထိတိုင် ပံ့ပိုးပေးမှုအတွက်လည်း ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး အားမလျော့ပဲ တော်လှန်ရေး ရဲဘော်များနဲ့အတူ အဆုံးထိ ရှိနေပေးဖို့ ရဲဘော်ဟယ်ဒီက တောင်းဆိုထားပါတယ်။

KNDF တဖွဲ့ထဲမဟုတ်ပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးကလည်း စစ်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းများ ခက်ခက်ခဲခဲရှာဖွေနေကြရသလို လက်လွတ်လို့ မရနိုင်တဲ့ ဝမ်းရေးကိုလည်း အဆက်ပြတ်မသွားအောင် တတ်နိုင်တဲ့ဘက်မှ အချိန်ပေးကြိုးစားနေကြတဲ့မြင်ကွင်းတွေဟာ အောင်မြင်သည်အထိ ဒီတော်လှန်ရေးကို ဆက်လက်ဆင်နွှဲဦးမှာပါဆိုတာ သေချာလှပါတယ်။

spot_img
spot_img

Recent posts