ကန္တာရဝတီတိုင်း(မ်)
စစ်အာဏာသိမ်းကာလတွင်း စစ်အကျိုးဆက်ကို ပြင်းပြင်းထန်ခံစားလာရတဲ့အခါ နောက်ဆက်တွဲဖြစ်ပေါ် လာတဲ့ လူမှုရေးပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှု များစွာကြောင့် ညဖက်အိပ်စက်ချိန်မှာ အိမ်မပျော်နိုင်တဲ့ ရက်ပေါင်းများစွာကို ကရင်နီပြည်က စစ်ဘေးရှောင်လူထုတွေမှာ ခံစားလာရတာကို တွေ့ရပါတယ်။
ညဖက်အိပ်မပျော်တဲ့ ရက်ပေါင်း များလာတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးရှုထောင့်အရ အကျိုးဆက်ဘယ်လိုဖြစ်လာနိုင်သလဲ။ လူတဦးမှာ တရက် ပျှမ်းမျှ ဘယ်နှနာရီ အိပ်စက်သင့်သလဲ စတာတွေကို ကန္တာရဝတီတိုင်း(မ်) က ကရင်နီပြည်ရဲ့ ဆေးရုံတခုမှာ Medical Officer (MO) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာစိုးရန်နိုင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဆရာ ။ လူတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ညဖက် အိပ်မပျော်တာမျိုးတွေ ဖြစ်လေ့ရှိလာတယ်။ အထူးသဖြင့် ဒီကာလထဲမှာပေါ့နော။ အဲ့ဒါက ဘာအကြောင်းတွေကြောင့်ဖြစ်တတ်သလဲ ဆိုတာ ဆရာ့အနေနဲ့ ရှင်းပြပေးပါအုံးရှင့်။
ဖြေ ။ ။ မြို့ပေါ်နဲ့ အခုဆိုလို့ရှိရင် ကျနော်တို့ဒီဖက် war(စစ်) ဇုန်ဖက်မှာဆိုလို့ရှိရင် ကွာခြားတာ အများကြီးရှိတယ် ပေါ့နော။ မြို့ပေါ်ကလူတွေဆိုလို့ရှိရင် သူတို့မှာ တခြားစိတ်ဖိစီးမှုတွေရှိမယ်။ သူတို့ရဲ့ ကျန်းမာရေး မကောင်းတာတွေကြောင့် ရှိမယ်ပေါ့နော။ ဒါပေမဲ့ လောလောဆယ် ကျနော်က ဒီဖက်ခြမ်း war ဇုန်ဖက်ကို အဓိကထားပြီးပြောရမယ် ဆိုလို့ရှိရင် Post Traumatic Stress Syndrome( စစ်ကြောင့် ၊ ဒဏ်ရာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါ) လို့ခေါ်တာပေါ့နော။ ဒဏ်ရာရပြီးတဲ့ခါ ဆိုလို့ရှိရင် ကြီးကြီးမားမား ထိခိုက်မိတာတွေ ကြုံတွေ့လိုက်ရတဲ့ခါ မှာ ကိုယ်ကိုယ်တိုင် မကြုံတွေ့သည့် တိုင်အောင် မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ အခါမျိုးတွေမှာဆိုလို့ရှိရင် ဒါ စိတ်ဒဏ်ရာတွေ ရသွားတတ်တယ်ပေါ့နော။ စိတ်ဒဏ်ရာတွေ ရသွားတဲ့အခါမျိုးမှာ နောက်ပိုင်းတွေ ကျနော်တို့ ခန္ဓာကိုယ်မှာ ကိုယ်ကိုယ်တိုင် သတိမထားမိပဲနဲ့ စိတ်ဖိစီးမှုတွေများလာတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ များလာတဲ့အခါမှာ အိပ်မပျော်တာတွေ ဖြစ်လာတယ်ပေါ့နော။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ အဲ့လို အိပ်မပျော်တာတွေများလာတဲ့ လူတယောက်အပေါ် နောက်ဆက်တွဲ ကျန်းမာရေးအကျိုး သက်ရောက်မှု ဘယ်လိုတွေရှိလာနိုင်လဲရှင့်။
ဖြေ ။ ။ အိပ်မပျော်တာများလာတဲ့အခါ ကျနော်တို့ကျန်းမာရေးဆိုးကျိုးက ဘာတွေရှိမလဲဆို အရင်ဆုံး ညဖက်တညလုံးမှာ အိပ်ပျော်တဲ့ခါမှာ ၂ မျိုးရှိတယ်ပေါ့နော။ sound sleep လို့ခေါ်တယ်ပေါ့နော။ sound sleep ဆိုတာကြတော့ နှစ်နှစ်ခြိုက်ခြိုက် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်တာ။ မနက်မိုးလင်းတော့မှပဲ နိုးတော့တယ်။ ကြားထဲမှာ တောက်လျှောက် ဘာအနှောက်အယှက်မှမရှိဘူး။ အဲ့လိုမျိုး sound sleep ရတာရှိတယ်။ တချို့ကြတော့ အိပ်တော့အိပ်တယ်။ သို့သော် sound sleep မရဘူးဆိုခါကြတော့ ကျနော်တို့ အိပ်နေရင်းနဲ့ယောင်လို့ ထနိုးလာတဲ့ ဟာမျိုးတွေရှိမယ်။ အိပ်မက်ဆိုးမက်လို့ နိုးလာတာမျိုးတွေရှိမယ်။ ပြီးတော့ တခုခုကို ကြောင့်ကြနေတာတို့ ကျနော်တို့ ဒီဖက် war ဇုန်မှာဆိုလို့ရှိရင် အိပ်နေရင်းနဲ့ လေယာဥ်ဖြတ်တဲ့ ဟာမျိုး။ ထားပါတော့ ပုဇဥ်း(ရဟတ်ယာဉ်) ဖြတ်တဲ့ ခါမျိုးဆိုလို့ရှိရင် ကျနော်တို့ လန့်ပြီးနိုးလာတယ်။ အဲ့လိုလန့်ပြီးနိုးလာတဲ့ခါမျိုးမှာ ချက်ချင်းပြန်အိပ်လို့မပျော်တော့ဘူး။ အဲ့တော့ အဲ့လို sound sleep မရတဲ့ လူမျိုးတွေ ဒီဖက်မှာ အရမ်းများလာတယ်ပေါ့နော။
အဲ့တော့ တညလုံးကောင်းကောင်းမအိပ်ရတဲ့ အတွက် နံပါတ် တစ် – နေ့ခင်းဖက်တွေ တနေ့လုံးမှာ မောပန်းလာမယ်။ အရမ်းမောလာမယ်။ ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်းပဲ လုပ်နေတာတော့မှန်တယ်။ သို့သော် သာမာန်အိပ်ပျော်နေတဲ့သူထက်စာလို့ရှိရင် သူကအရမ်းမောနေမယ်။ ဟိုနားလေး ဒီနားလေးရွေ့တာကစ အရမ်းမောနေမယ်ပေါ့နော။ အဲ့လိုမျိုးဖြစ်လာနိုင်တယ်။ ပြီးတဲ့အခါမှာ ကိုယ့်ကျန်းမာရေးအခံက အရင်တုန်းက ဆီးချိုသွေးချို မရှိထားဘူးဆိုရင်တောင်မှပဲ အိပ်ရေးပျက်တာတွေ ရက်ရှည်လများ နှစ်နဲ့ချီလာတဲ့ အခါမျိုးတွေမှာ ကျနော်တို့ ဆီးချိုသွေးချို ရောဂါလေးတွေ စပြီးတော့ဖြစ်လာတတ်တယ်။ တချို့ကကြတော့ ဘယ်ဟာမျိုးမှာပါလဲဆိုတော့ ညဖက်အိပ်မပျော်တဲ့ခါမှာ ကျနော်တို့ အိပ်ပျော်အောင်ဆိုလို့ တခုခုထစားလိုက်တာမျိုးတွေ အချိုတွေစားလိုက်တာမျိုးတွေ စသည်ဖြင့်ပေါ့နော။ အငန်တွေစားလိုက်တာမျိုးတွေ စသည်ဖြင့်ရှိမယ်။ စားလိုက်ရင် အိပ်များပျော်သွားမလားဆိုတဲ့ ပုံစံမျိုးနဲ့။ အဲ့တော့ စားချိန်၊ အိပ်ချိန် မမှန်တော့တဲ့အတွက် ကျနော်တို့ ကျန်းမာရေးအခြေအနေအရ ဆိုလို့ရှိရင် ကျနော်တို့ ဆီးချို၊ သွေးချိုတွေ ဖြစ်လာနိုင်တယ်။ နောက်တခုကျတော့ သွေးတိုးပေါ့နော။ သွေးတိုးရောဂါတွေဖြစ်လာနိုင်တယ်။ ပြီးတဲ့အခါမှာ ကျနော်တို့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်တယ်။ လူတွေက ပြောကြတယ်ပေါ့နော။ အိပ်ရေးပျက်ရင် ပိန်သွားတယ်။ ဒါကကြတော့ လူငယ်တွေမှာပဲ အဓိကဖြစ်တာပေါ့နော။ လူငယ်တွေမှာ ညဖက်အိပ်ရေးပျက်တဲ့ခါ မနက်ကျလို့ရှိရင် မျက်ကွင်းတွေကျနေတယ်။ ပိန်သွားတယ်တို့ ဘာတို့ ပြောကြတယ်ပေါ့နော။ ဒါပေမဲ့ လူကြီးပိုင်းတွေ ရောက်လာတဲ့ခါမှာကြတော့ အိပ်ရေးပျက်တာများလာတဲ့ခါကြတော့ အသက်တဖြည်းဖြည်းကြီးလာတဲ့ခါ ခန္ဓာကိုယ်ထဲမှာ ကိုယ်လက်စထရောတွေ များလာတယ်။ ကိုယ်လက်စထရောတွေ များလာပြီး အဝလွန်ရောဂါတွေလည်း ဖြစ်လာနိုင်တယ်ပေါ့နော။
နောက်ဆုံးကိုယ်လက်စထရောတွေ များလာပြီး အဝလွန်ရောဂါတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော။ နောက်ဆုံးတခုအနေနဲ့ကြတော့ ကျနော်တို့ ဆေးနဲ့ပတ်သတ်တဲ့ဟာမှာ ကိုယ်က ပုံမှန် ခေါင်းကိုက်တယ်။ နှာစေး၊ ချောင်းဆိုးတယ် စသည်ဖြင့်ပေါ့နော။ ခေါင်းကိုက်လို့ ကိုယ်က ပါရာစီတမောလေးတလုံးလောက် သောက်လိုက်တယ် သက်သာသွားမယ် ပုံမှန်အခြေနေမှာဆိုလို့ရှိရင်။ သို့သော် အိပ်ရေးပျက်တာများလာတဲ့ခါမှာ ကျနော်တို့ ဆေးမတိုးတော့တာတွေ ဖြစ်လာနိုင်တယ်။ ခါတိုင်းသောက်နေကျဆေးက ရောဂါသေးသေးလေးပေမဲ့ မသက်သာတော့တာမျိုးတွေ ဖြစ်သွားနိုင်တယ်။ ပြီးတဲ့ခါမှာ ခွဲစိတ်တဲ့ ဒဏ်ရာတွေမှာဆိုလို့ရှိရင် ခွဲပြီးသွားတဲ့ ရောဂါတွေမှာ အနာချက်ချင်း မကျက်တာမျိုးတွေ အနာပြန်မကောင်းလာနိုင်တာမျိုးတွေ စသည်ဖြင့် ဖြစ်လာနိုင်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ လူတယောက်မှာ ပုံမှန်အားဖြင့် တနေ့ကို ဘယ်နှနာရီလောက် အိပ်သင့်တာလဲ ဆရာ။
ဖြေ ။ ။ လူရဲ့ အိပ်ချိန် Pattern က အကြမ်းအားဖြင့်ကို တရက်ကို ၆ နာရီကနေ ၈ နာရီ စသည်ဖြင့်ပေါ့နော။ အဲ့လိုမျိုးတွေ သတ်မှတ်တာရှိတယ်။ ၈နာရီလောက်အိပ်လို့ရှိရင် ကျန်းမာရေးနဲ့ ပိုပြီးတော့ ညီညွတ်တယ်ပေါ့နော။
မေး ။ ။ အခုလက်ရှိအခြေအနေအရ ဘယ်အသက်အရွယ်က ညဖက်အိပ်မပျော်တဲ့ရောဂါ အများဆုံးခံစားရတာကို ဆရာ့အနေနဲ့ တွေ့ရသလဲ။
ဖြေ ။ ။ အခုလို နိုင်ငံရေး အခြေနေမတည်ငြိမ်တဲ့ခါမျိုးမှာ အဖြစ်များတာကတော့ လူငယ်ပိုင်းတွေ အဖြစ်များတယ်။ ပြီးတဲ့ခါမှာ လူငယ်ပိုင်းကိုမှ ကျနော်တို့ teenage (ဆယ်ကျော်သက်) တွေ လို့ပြောရမှာပေါ့နော။ ၁၃ ကစလို့ ၁၉ အရွယ်ထိမှာ ပိုအဖြစ်များသလို အသက်ကြီးပိုင်းရောက်လာတဲ့ခါကျတော့ တချို့ကြတော့ အရင်တည်းက ညဖက်အိပ်မပျော်တာမျိုး၊ ကောင်းကောင်း sound sleep မရတာမျိုးရှိတတ်တဲ့ အတွက် ကျနော်တို့ အဓိက အဖြစ်များတာပေါ့နော။ ဘာလို့လဲဆိုတော့ လူငယ်လူရွယ်တွေ ဆိုတာကတော့ ခေါင်းအုံးပေါ် အိပ်ချလိုက်တာနဲ့ အိပ်ပျော်တတ်ကြတာများတယ်။ သို့သော် လူငယ်ပိုင်းတွေမှာ ဆိုလို့ရှိရင်တော့ အခုနောက်ပိုင်း ဒီနိုင်ငံရေး အခြေအနေတွေအရ အိပ်မပျော်တာတွေ များလာတတ်တယ်ပေါ့။ ကျနော်တို့မြင်တွေ့ရသလောက်ပေါ့နော။
မေး ။ ။ ညဖက်အိပ်မပျော်တာကလည်း တယောက်နဲ့တယောက် အကြောင်းအကျိုးမတူကြဘူးပေါ့နော။ စိတ်ခံစားချက်မကောင်းလို့ အိပ်မပျော်နိုင်တာရှိမယ်။ တချို့က ပျော်စရာအကြောင်းကိစ္စကြောင့် အိပ်မပျော်တာရှိမယ်ပေါ့။ အိပ်မပျော်တာချင်းတူပေမဲ့ အဲ့ဒီလို မတူတဲ့ အကြောင်းအရာကြောင့်ပေါ့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးအကျိုးဆက်ကရော တူနိုင်သလား။
ဖြေ ။ ။ စိတ်ခံစားချက်အရ ပျော်လို့မအိပ်ဖြစ်ဘူးဆိုရင်တောင် လူကနောက်တနေ့ကျလို့ရှိရင် ကောင်းကောင်းမွန်မွန် ပြန်အိပ်ပျော်သွားနိုင်တယ်။ ဆိုတော့ စိတ်သောကကြောင့်၊ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် အိပ်မပျော်တဲ့လူခါကြတော့ သူ့ရဲ့ စိုးရိမ်ကြောက်ကြစိတ်ကြတော့ ကျနော်တို့ counselling ( ဆွေးနွေးလမ်းညွှန်မှု ) တွေလုပ်မှ ရတဲ့ဟာမျိုးတွေ။ တချို့ကြတော့ နေ့တိုင်း အိပ်ဆေးမှမသောက်ရင် အိပ်မပျော်တဲ့လူလည်းရှိတယ်ပေါ့နော။ ဆိုတော့ အဲ့လိုလူမျိုးတွေကြဆိုတော့ ကြာလာတဲ့ခါမျိုးမှာ ကိုယ့်စိတ်ရော၊ ကိုယ်ရော ထိခိုက်လာနိုင်တယ်။ ခုနက ပျော်လို့အိပ်မပျော်တာနဲ့ ကျန်းမာရေးပိုင်းအရ စိတ်အခြေနေ ကြောင့် အိပ်မပျော်တာမျိုးတွေက နောက်ပိုင်းကျ ကွာခြားလာတယ်။ ကျန်းမာရေးအခြေနေက မတူလာတော့ဘူးပေါ့နော။
မေး ။ ။ ဒီလိုညဖက်အိပ်မပျော်နိုင်တဲ့ ရောဂါကို ဘယ်လိုဖြေရှင်းရင်ရနိုင်သလဲ။
ဖြေ ။ ။ ခုနကပြောသလို Post Traumatic Stress Syndrome ကြောင့်ဖြစ်တဲ့ အိပ်မပျော်တဲ့ ရောဂါမျိုးတွေကြတော့ နှစ်သိမ့်ဆွေးနွေးမှုတွေလိုတယ်။ သူ့ရဲ့စိတ်ကို ကိုယ်က နှစ်သိမ့်ပေးရမယ်။ သူရဲ့စိတ်ကို ကိုယ်က ဖြေလျော့ပေးရမယ်။ အဲ့လိုမျိုးတွေလည်းလိုအပ်သလို တဖက်က ဆေးဝါးနဲ့လည်း ပြန်ပြီးတော့ ထိန်းချုပ်ပေးဖို့လည်း လိုပါတယ်။ ဒါမဲ့ဆေးဝါးနဲ့ ထိန်းချုပ်တယ် ဆိုတဲ့နေရာမှာ ဆေးအမြဲတမ်းစွဲသောက်နေတဲ့အခါမှာ ဆေးယဥ်ပါးသွားတာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော။ ဆေးမှမသောက်ရရင် အိပ်မပျော်တဲ့ ရောဂါမျိုးတွေဖြစ်လာနိုင်တဲ့အတွက် ကိုယ်က သူ့ကို Physically(ရုပ်ပိုင်းဆိုင်ရာ) အရ ကျနော်တို့ ဆေးပေးရမယ်ဆိုသလို mentally(စိတ်ပိုင်းဆိုင်ရာ) အရကိုလည်း ကျနော်တို့က ပြန်ပြီးတော့ နှစ်သိမ့်ဆွေးနွေးအားပေးဖို့လည်း လိုအပ်ပါတယ်။
မေး ။ ။နောက်ဆုံးအနေနဲ့ လူတယောက်အတွက် အိပ်ရေး ဝဝ အိပ်ဖို့က ဘယ်လောက်အရေးပါသလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ရဲ့တနေ့တာ ၂၄ နာရီမှာ အိပ်ချိန်က အနည်းဆုံး လေးပုံပုံ တပုံလောက်တော့ ရှိသင့်တယ်။ အနည်းဆုံးတော့ လေးပုံပုံ တပုံတော့ ရှိသင့်တယ်။ ဒါမှသာ ၆ နာရီမှာ အိပ်ရေးဝတာမျိုးဖြစ်နိုင်တယ်။ ၆နာရီထက် လျော့ပြီးအိပ်တဲ့ ဟာမျိုးတွေကြတော့ အလုပ်လုပ်တဲ့ခါမှာ ဘာတွေဖြစ်လာနိုင်လဲ ဆိုတော့ အာရုံစူးစိုက်မှုတွေနည်းလာနိုင်တယ်။ ပြီးတဲ့ခါမှာ ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်။ အိပ်ရေးမဝတဲ့သူတယောက်က ဆုံးဖြတ်ချက်တွေ ခိုင်မာနိုင်တယ်လို့ပြောလို့မရဘူး။ ဆုံးဖြတ်ချက်တွေ မှားလာနိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတော့ basic activity(အခြေခံလှုပ်ရှားမှု) လေးတွေမှာကအစ လွှဲချော်မှုတွေ ဖြစ်လာနိုင်တယ်။ တချို့တွေဆိုလို့ရှိရင် အိပ်ရေးပျက်တာအရမ်းများသွားလို့ရှိရင် နှစ်ရှည်လများဖြစ်လာတဲ့အခါမျိုးမှာ delusion လို့ခေါ်တဲ့ စိတ်ကယောင်ချောက်ချားဖြစ်တာမျိုးတွေ depression ဝင်တာမျိုးတွေ စသည်ဖြင့်ပေါ့နော အဲ့လိုမျိုးတွေ ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်တဲ့ အတွက် ကျနော်တို့က တနေ့မှာ အနည်းဆုံး ၆ နာရီကနေ ၈နာရီအထိ အိပ်ရေးဝဝ အိပ်စက်ဖို့က အများကြီးလိုအပ်ပါတယ်ခင်ဗျ။