spot_img
Monday, November 28, 2022
spot_img

စစ်ရှောင်ကလေးတွေကို စာသင်ပေးနေတဲ့ တက္ကသိုလ်ကျောင်းသူ

spot_imgspot_imgspot_imgspot_img

ခွန်းကလိုင်းဖရီး/ ကန္တာရဝတီတိုင်း(မ်)

တစ်ချိန်ကျရင် ကျောင်းတစ်ဝှက်တစ်ပျက်နဲ့ စစ်ဘေးဒါဏ်ကို သိမ်းရှောင်ရလိမ့်မယ်လို့ ဒေးတက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနဲ့ ဘယ်မျော်လင့်ထားပါ့မလဲ။ တက္ကသိုလ်ကျောင်းပြီးရင် ကျောင်းဆရာမဖြစ်ဖို့ သူမငယ်စဉ်ကတည်းက စိတ်ကူးခဲ့တဲ့ အိပ်မက်လေးတစ်ခုဖြစ်နေလို့ပါ။

ဒါပေမယ့် ဒေးတက္ကသိုလ်ကျောင်းသူ မူရိုစီဟာ တတိယနှစ်တက်နေဆဲ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာပဲ စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်လာခဲ့လို့ ကျောင်းတော်ကြီးကို ကျောခိုင်းပြီး စစ်ဘေးရှောင်ဘ၀သို့ ရောက်ရှိသွားခဲ့ရ ပါတယ်။

အာဏာသိမ်း စ.က.စတပ်နဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာခဲ့တာနဲ့အမျှ ကျောင်းဆရာမဖြစ်ချင်တဲ့ သူမရဲ့အိမ်မက်ဟာလဲ တစစီ အလှမ်းဝေးလာပါတော့တယ်။

မူရိုစီဟာ ဒီးမော့ဆိုမြို့နယ်ကနေ စစ်ဘေးရှောင်ရတဲ့ တစ်နှစ်ကျော်အတွင်းမှာ ဒုက္ခပေါင်းမျိုးစုံကိုရင်ဆိုင်ရင်း နေရာနှစ်နေရာလောက်ကို ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရပါတယ်။

ခုသူရောက်ရှိနေတဲ့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို စေတနာ့ဝန်ထမ်းအဖြစ် ဝင်ကူပေးနေတာကိုတွေ့ရပါတယ်။

“အစစစ်ဘေးရှောင်ခါကျတော့ အမေနဲ့ပဲနေတယ်။ ဒါပေမယ့် ကိုယ့်ဝါသနာကျတော့ ကျောင်းပြီးရင် ဆရာမဖြစ်ချင်တယ်။ အဲ့ဒီတော့ သူတို့က ရွာက ဆရာ၊မတွေ၊ ဒီကဆရာမတွေ အကူအညီလာတောင်းတော့ ဖြစ်ချင်လိုက်တာပေါ့နော်။ ကိုယ်လည်း ဘာမှမတတ်ပေမယ့် ရှိတဲ့ပညာလေးနဲ့ သုံးပြီး စာသွားသင်မယ်ဆိုတဲ့ စိတ်နဲ့ ကလေးတွေကိုလည်း အလေအလွင့်မဖြစ်အောင်ဆိုတဲ့ စိတ်နဲ့ စာလာသင်ဖြစ်တာပါ။”

အဲ့ဒီစစ်ဘေးရှောင်စခန်းကကျောင်းမှာ KG အတန်းကနေ ၆ တန်းအထိဖွင့်လှစ်ထားပြီးတော့ ကလေးငယ် (၃၄) ဦး ပညာသင်ကြားနေကြတာပါ။

မူရိုစီဟာ သင်္ချာဘာသာမေဂျာ တတိယနှစ် ဒေးကျောင်းသူတစ်ဦးဖြစ်ပေမယ့်လို့ ဆရာဖြစ်သင်တန်းမရတာနဲ့ စာသင်တဲ့အတွေ့ အကြုံလည်း မရှိတာကြောင့် စာသင်တဲ့အခါမှာ အခက်အခဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သူတတ်ထားတဲ့ ပညာနဲ့ကြိုးစားပြီးတော့ KG အတန်းနဲ့ ၆ တန်း အတန်းနှစ်တန်းမှာ အင်္ဂလိပ်စာ၊ သချ်ာနဲ့ မြန်မာစာစတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာပါ။

“အခုမှ ကိုယ်က ဒေးကျောင်းသူတစ်ယောက်ပဲရှိသေးတဲ့အတွက်ကြောင့်မို့လို့ ကိုယ် အဲ့လောက်ထိ မပေးဆပ်နိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက် ပေးဆပ်တယ် သူတို့ကို၊ အခက်အခဲက ဘာရှိလို့ဆို ကိုယ် ဆရာမ အစစ်တစ်ယောက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ သူတို့လည်းအခက်အခဲရှိတယ်။ နားမလည်တာလည်း ရှိတယ်။ ပြီးတော့မှ ဘာရှိလဲဆိုတော့ သင်ထောက်ကူအပြည့်အစုံမရှိတဲ့အတွက်ကြောင့် စာအုပ်၊ ဥပမာ ပြောမယ်ဆို Grade 6 အတန်းကြီးတွေ ဖတ်စာအုပ်မရှိတဲ့အတွက်ကြောင့်မို့လို့ အရမ်းပင်ပန်းတယ် ခက်ခဲတယ်ပေါ့နော်။”

ဒီစစ်ဘေးရှောင်ကျောင်းမှာ မူရိုစီနဲ့အတူ အခြားစေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးကလည်း ပါဝင်ကူညီ သင်ကြားပေးနေကြပါတယ်။ အဲ့ဒီဆရာမတွေနှစ်ဦးထဲမှာ စစ်အာဏာမသိမ်းခင် အစိုးရကျောင်းမှာ ကယန်းတိုင်းရင်းသားစာပေကို သင်ကြားပေးခဲ့တဲ့ CDM ဆရာမတစ်ဦးလည်း ပါဝင်ပါတယ်။

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေချင်လို့ ခုစစ်ရှောင်စခန်းမှာ စာသင်ပေးနေတာလို့ CDM ဆရာမက ဆိုပါတယ်။

“ကျမလည်း စစ်ရှောင်တစ်ယောက်ပဲ။ စစ်ရှောင်တာ ဘာဝင်ငွေမှ မရှိပေမယ့် ကလေးတွေအတွက် ပေးဆပ်ချင်တယ်။ ဘာဖြစ်လဲဆို အရမ်းသနားဖို့ကောင်းတယ်။ ကလေးတို့ဘဝမှာလေနော်။ ဘာဖြစ်လဲဆို သူတို့က တစ်နှစ် တစ်တန်းတက်ရမယ့်အစား သုံး၊လေးနှစ် အောက်ထားရတဲ့မျိုးပေါ့နော်။ သူတို့ဘဝလည်း အရမ်းဆုံးရှုံးရတယ်။ ဆုံးရှုံးတာမကပဲနဲ့ စာဖတ်တတ်ချင်တဲ့စိတ်တောင်မှ သူတို့မှာ အခွင့်အရေးမရှိဘူး အဲ့မျိုးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ သူတို့ နည်းနည်းများ ပိုတတ်မလား၊ နည်းနည်းများ ပိုသိမလား ဆိုတဲ့စိတ်နဲ့ သူတို့ကို ခေါ်ပြီးတော့မှ သင်ချင်တယ်။ သူတို့ကိုခေါ်ပြီးတော့မှ သိစေချင်တာပေါ့နော်။”

သူတို့ စစ်ရှောင်ကျောင်းကို ၂၀၂၂ ခုနှစ်၊ မေလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပညာသင်နှစ်တစ်နှစ်အဖြစ် သင်ကြားသွားမယ်လို့ဆိုပါတယ်။

တက္ကသိုလ်ကျောင်းမပြီးသေးတဲ့ မူရိုစီဟာ စစ်ရှောင်ရင်းနဲ့ပဲ စစ်ရှောင်ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက် ဆက်ပြီး ပေးဆပ်သွားမယ်လို့ ဆိုပါတယ်။

“ပညာရေးအပိုင်းက အရမ်းလိုအပ်တဲ့အတွက်ကြောင့် အရေးတော်ပုံကို မြန်မြန်အောင်ခိုင်းစေချင်တယ်။ ဒါမှ အစိုးရကျောင်းတက်မယ်ဆိုရင် သူတို့အတွက် အများကြီးအထောက်အကူပိုဖြစ်တယ်။ အရမ်းပိုထိ ရောက်တာ ကြောင့်လေ။ ဒီလိုမျိုးအရေးတော်ပုံမအောင်သ၍တော့ ကိုယ်တော့ အဆုံးထိတော့ ပေးဆပ်သွားမှာပါ။”

Related Stories