spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းက ဆယ်သဲကျောင်း

ကန္တာရဝတီတိုင်းမ်

အဆင့်မြင့်တက္ကသိုလ်တွေကို တက်ချင်တာဟာ ကျောင်းသားကျောင်းသူတိုင်းရဲ့ စိတ်ကူးအိပ်မက် ဖြစ်နိုင်ပါတယ်။

အဲ့ဒီအထဲမှာ ၁၇နှစ်အရွယ် ဒေးဗစ်တခဲလည်းပါဝင်ပြီး သူက နည်းပညာတက္ကသိုလ်တက်ချင်တဲ့ အိပ်မက်ရှိနေသူပါ။

တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းအောင်မြင်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် ဒီလိုအိပ်မက်က ဒေးဗစ်တခဲအတွက် ဆုံးရှုံးလိုက်ရပါတယ်။

နည်းပညာတက္ကသိုလ်ကို သူတက်ဖို့ ဆုံးရှုံးလိုက်ရပေမယ့် ဩဂုတ်လမှာ စစ်ရှောင်စခန်းမှာ ဆက်လက်ဖွင့်လှစ်နေတဲ့ ဆယ်သဲကျောင်းမှာ ဒေးဗစ်တခဲ ပညာဆက်လက်သင်ယူဖို့ တစ်ခုတည်းသော အခွင့်အရေးရလာခဲ့ပါတယ်။

” ဒီကျောင်းက ကျနော့်အတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာဆက်သင်နိုင်ဖို့ တစ်ခုတည်းသော ကျောင်းဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ “

အဲ့ဒီကျောင်းမှာ ကရင်နီစာပေ၊ လူမှုရေး၊ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ အခြေခံကွန်ပျူတာတွေကို သင်ကြားပေးနေပြီး ၃နှစ်တက်ရတဲ့ ဒီပလိုမာ ကျောင်းဖြစ်ပါတယ်။

သင်ကြားပေးနေတဲ့ ဆယ်သဲကျောင်းမှာ ပထမနှစ်တက်နေတဲ့ ဒေးဗစ်တခဲက ကွန်ပျူတာ ဘာသာရပ်ကို စိတ်ဝင်စားဆုံးလို့ ပြောပါတယ်။

” ကွန်ပျူတာဘာသာရပ်ကို စိတ်ဝင်စားဆုံးပဲ။ ကျနော်က အရင်က နည်းပညာတက္ကသိုလ်တက်မယ် ပြီးရင် အဲ့ဒီကွန်ပျူတာဘက်မှာ level တစ်ခုအထိရောက်အောင် သင်ယူပြီး တော့ ကျနော်က ဆော့ဝဲလ်ရေးရတာ ဝါသနာပါပြီးတော့ ကျနော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ကွန်ပျူတာကို စိတ်ဝင်စားပါတယ်ဗျ။ “

ဒီကျောင်းကနေ အင်္ဂလိပ်စာနဲ့ ခြေခံကွန်ပျူတာ ပိုင်နိုင်နိုင်ရသွားဖို့ သူက မျှော်လင့်နေတာပါ။

ဒေးဗစ်တခဲလိုပဲ ဒီစစ်ရှောင်စခန်းမှာ ရောက်လာပြီး ဆယ်သဲကျောင်းမှာ ဆက်လက်ပညာသင်ယူခွင့်ရတဲ့ ဆယ်သဲကျောင်းသူ မော်မီမြာကတော့ ကိုယ့်ဘာသာစကားဖြစ်တဲ့ ကရင်နီစာကို အစိတ်ဝင်စားဆုံးလို့ ပြောပါတယ်။

” ကရင်နီဆိုတာက ကယားစာပေတစ်ခုပဲပေါ့။ ပြည်တွင်းမှာတုန်းက ဆိုရင် တစ်ခါးမသင်ဖူးဘူး။ တစ်ခါးမမြင်ဖူးဘူး။ စိတ်ဝင်စားတယ်။ “

ဆယ်သဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကျောင်းမတက်ခင်မှာ မသိခဲ့ပေမယ့် အခုလက်ရှိမှာတော့ ဒီကျောင်းပြီးသွားရင် ကရင်နီစာပေကို သင်ကြားပေးတဲ့ ဆရာမဖြစ်ချင်တယ်လို့ မော်မီမြာက ပြောပါတယ်။

ဆယ်သဲကျောင်းကနေ ကျောင်းပြီးသွားတဲ့ လူငယ်အများစုက NGOနဲ့ လူမှုရေးအသင်းအဖွဲ့တွေမှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိကြပြီးတော့ တချို့ကတော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျောင်းဝင်ခွင့်ရကြပါတယ်။

အထက်တန်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေကို လက်ခံသင်ကြားပေးနေတဲ့ ဆယ်သဲကျောင်းဟာ အခုဆိုရင်အပတ်စဉ် ၉ရှိသွားပါပြီ။

ဆယ်သဲကျောင်းဟာ ၂၀၁၃ခုနှစ် ဩဂုတ်လမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကရင်နီသမိုင်းနဲ့ ကရင်နီစာပေတွေ မပျောက်ပျက်ဖို့ အပြင် ဖွံ့ဖြိုးပြီးသားလူငယ်တွေအတွက် စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူငယ်ဖြစ်အောင် သင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းရှိ ဆယ်သဲကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူဦးရေ ၇၀ကျော်ရှိပါတယ်။

အခုလို စစ်ရှောင်စခန်းမှာ ကျောင်းဖွင့်လှစ်ရတဲ့အတွက် အခက်အခဲအများကြီးရှိနေပါတယ်။ စာသင်ဆောင်တွေ မပြုနိုင်တဲ့အတွက် ဟောခန်းကို စာသင်ခန်းနဲ့ ပြုလုပ်ပြီး သင်ကြားနေရပါတယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် ကွန်ပျူတာအချိန်တွေမှာဆိုရင် မီးစက်နှိုးပြီး သင်ကြားနေရပါတယ်။ ညစာကြည့်ချိန်ဆိုရင် ဖယောင်းတိုင်မီးနဲ့ စာကြည့်နေကြရပါတယ်။

ဆယ်သဲကျောင်းမှာ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသူကျောင်းသားတွေကို ကွန်ပျူတာ ဘာသာရပ်သင်ကြားပေးနေတဲ့ ဆရာနေသူရှိန်ကတော့ ကွန်ပျူတာ မလုံလောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

” ကွန်ပျူတာ ဘာသာဖြစ်တဲ့အတွက် ကွန်ပျူတာ မလုံလောက်မှုတွေ ရှိတယ်ပေါ့နော။ ပြီးတော့ ရှိတဲ့ဟာတောင်မှ ကျနော်တို့ အဆင်မပြေဘူးပေါ့နော။ ကီးဘုတ်ပျက်နေတာတို့ မောက်ပျက်နေတာတို့ ပြီးတော့ ဘက်ထရီမကောင်းတာတို့ ရှိတယ်ပေါ့နော။ ကျနော်တို့နည်းနည်း ကျနော်တို့ ဆရာဘက်ကနေပြီးတော့ အားနာတယ်ပေါ့နော။ ကွန်ပျူတာလည်း အဆင်မပြေဘူး။ ပြီးတော့ ကွန်ပျူတာနဲ့ အထိအတွေ့ တစ်ခါးမှ မရှိဖူးတဲ့လူတွေလည်းပါတော့ ကြောက်ကြတယ်ပေါ့နော။ “

ဆယ်သဲကျောင်းသူ ကညားဖောကတော့ နောက်၃နှစ်နေရင် သူဖြစ်ချင်နေတဲ့ ကရင်နီစာပေဆရာမဖြစ်လာနိုင်ဖို့ ကြိုးစားပြီးလေ့လာနေတယ်လို့ ပြောပါတယ်။

” အခုလက်ရှိတော့ ကရင်နီစာပေက ဆရာတွေလည်း သင်ကြားပေးတယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ်လည်း လေ့လာတယ်ပေါ့။ ဒီအများအားဖြင့် တချို့ဆိုရင် ဒီကရင်နီနဲ့ ဗမာနဲ့ ရောပြောတဲ့ဟာတွေလည်းရှိတယ်။ တချို့ အသီးအနှံအပင်တွေဆိုရင်လည်း ကျမတို့ မသိသေးတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့နော။ လူကြီးတွေ တွေ့တယ်ဆိုရင်လည်း မေးတယ်။ ပြီးတော့ ဆရာတွေ တွေ့တယ်ဆိုရင်လည်း မေးတယ်။ အဲ့လိုမျိုး လုပ်တယ်။ “

ကရင်နီပြည်နယ်မှာ ဒေသခံလက်နက်ကိုင်နဲ့ စစ်ကောင်စီတို့ မေလမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နောက် ဒေသခံ တစ်သိန်းခွဲ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ပညာသင်ကြားဖို့ အခွင့်အရေး ဆုံးရှုံးနေကြတဲ့ လူငယ်တွေ အမြောက်အများရှိကျန်ရှိနေပါသေးတယ်။

တချို့လူငယ်တွေကတော့ အခုလို စစ်ရှောင်စခန်းမှာ ပညာသင်ကြားခွင့်ရပေမယ့်လည်း လူငယ်အများစုက စစ်အာဏာရှင်ကို တိုက်ဖို့အတွက် ရှေ့တန်းတွေမှာ လက်နက်ကိုင်ပြီး သူတို့ အိပ်မက်ကို အကောင်အထည်ဆက်မဖော်နိုင်ကြသေးပါဘူး။

spot_img
spot_img