CJ/ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင် နာတာရှည်ရောဂါသည်များအတွက် ဆေးပြတ်လပ်မှုမရှိအောင် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကနေ ဇန်နဝါရီလ ဒုတိယအပတ်မှာ ဆေးကုသမှုတွေ၊ ကျန်းမာရေးစစ်ဆေးမှုတွေ လာရောက်ကူညီပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
“ကျန်းမာရေး စောင့်ရှောက်မှုပေးပြီဆိုမှတော့ နာတာရှည်ရောဂါ ခံစားနေရတဲ့ သူတွေ၊ ဆေးဝါးတွေ ပြတ်လပ်မှုမရှိအောင် အထူးသဖြင့် သက်ကြီးရွယ်အိုပိုင်းတွေနဲ့ ၅ နှစ်အောက် ကလေးတွေ များတယ်ပေါ့နော။”လို့ သွားရောက်ကူညီခဲ့တဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
ဖရူဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ ဆောင်းတွင်းကာလမှာ ဖျားနာသူများသလို သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ရောဂါဖြစ်ကြတဲ့ စစ်ရှောင်တွေလည်း ဖျားနာကြတာရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စိတ်ဖိစီးမှု လျှော့ချစေနိုင်တဲ့ နည်းလမ်းတွေ၊ အာဟာရကျွေးတာတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက်ကလေးငယ်တွေကိုပါ ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဟာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်လူထု ၁၅၀၀ ကျော် ရှိနေတဲ့ စစ်ရှောင်စခန်း ၄ ခုအထိ သွားရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။