spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးတွေ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုမိုကြုံတွေ့လာ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်အများစုဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုမိုကြုံတွေ့လာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်အမျိုးသမီးတွေအနေနဲ့ အများစုဟာ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ရင်ဆိုင်နေရတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာပဲထွက်ပြေးတိမ်းရှောင်နေပါစေ လေယာဥ်နဲ့ တိုက်ခိုက်ခံရတာတို့ လက်နက်ကြီးပစ်လို့ ထိခိုက်ခံရတာတို့ပဲများနေတော့ သူတို့ဟာ အမြဲတမ်း မိမိအတွက်သော်လည်းကောင်း၊ ကလေးငယ်လေးတွေအတွက်သော်လည်းကောင်း စိတ်ပူပန်နေရတာကိုတွေ့နေရပါတယ်။” လို့ KyWO မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ အများဆုံး ကြုံတွေ့ခံစားနေကြရပြီး အားပေးနှစ်သိမ့်မှုတွေလိုအပ်နေသလို လတ်တလောမှာလည်း အမျိုးသမီးနဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှု ပေးနိုင်ဖို့အတွက် စစ်ရှောင်စခန်းတွေမှာ သင်တန်းပို့ချပေးနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးငယ်တွေအတွက် သီးသန့်ရေချိုးခန်း၊ အိမ်သာမရှိတဲ့အတွက် မလုံခြုံမှုခံစားနေရတာကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ကာကွယ်နိုင်ဖို့လည်း စကားဝိုင်း၊ သင်တန်းတွေ ပို့ချပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်မြှင့်တင်ရေး စကားဝိုင်း/သင်တန်းတွေ ပြုလုပ်ပေးတာတွေ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေပြီး ကာကွယ်နိုင်ဖို့” လို့ KyWO တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းတွေကို သွားရောက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပေးတဲ့အခါ စစ်ရှောင်တွေနဲ့ ဝိုင်းဖွဲ့စကားပြောတာ၊ အခက်အခဲ ရင်ဖွင့်စကားကိုနားထောင်တာ၊ အကြံပြု ဆွေးနွေးပေးတာ၊ အားပေးတာ၊ ဂိမ်းလေးတွေနဲ့ စိတ်ပျော်အောင် ကစားကြတာ စတဲ့ ပုံစံတွေနဲ့လုပ်ဆောင်လျက်ရှိတယ်လို့ KyWO က ပြောပါတယ်။

လေယာဉ်ဗုံးကြဲမှုကို ကိုယ်တိုင်မြင်တွေ့ရတဲ့ ကလေးတွေဟာ ကားအသံကြားရင်တောင် စိတ်ခြောက်ချားမှုရှိနေပြီး ဘေးနားမှာ လူကြီးတစ်ယောက်ရှိမှသာ အိပ်ပျော်နိုင်ကြတယ်လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

” ညအိပ်ဆို ကားအသံကြားတယ်လေး လမ်းမှာပေါ့နော။ ကားအသံကြားရင်လည်း မို့မို့(အမေ) လေယာဥ်လာတယ်။ အဲ့လိုမျိုးပေါ့ ခြောက်ချားတယ်။ ထအော်တယ်။ထယောင်တယ်”လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

KyWO ကနေ စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ကူညီဆောင်ရွက်နေတဲ့ စစ်ရှောင်စခန်း ၁၀၀ ဝန်းကျင်ရှိပြီး ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ပင်လောင်းမြို့နယ်၊ ယာဒိုအုပ်စုနဲ့ သောက်ရေခပ်အုပ်စု၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်‌ရှောင်စခန်းတချို့ဖြစ်တယ်လို့ ဆိုပါတယ်။ လိုအပ်ချက်အပေါ် မူတည်ပြီး ကူညီဆောင်ရွက်ပေးတာကြောင့် တစ်နေရာနဲ့တစ်နေရာ ကူညီဆောင်ရွက်ပေးတာ မတူဘူးလို့ KyWO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

spot_img
spot_img