spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတခုက အထီးကျန်နေတဲ့ကလေး

Author

Date

Category

အဖော်မဲ့နေတဲ့ လူကလေးတစ်ယောက်ဟာ အိမ်ရှေ့ဝါရံတာပေါ်မှာပဲ သူ့ရဲ့တစ်နေ့တာအချိန်တွေကို ကုန်ဆုံးရပါတယ်။

သူ့နာမည်ကတော့ ဖိလိကျော်ထူးဖြစ်ပြီး သူဟာ အသက် ၁၂ နှစ်ရှိပြီဖြစ်ပေမယ့် စကားလည်းမပြောနိုင်၊ လမ်းမလျှောက်နိုင်၊ အသက်အရွယ်နဲ့ ကိုက်ညီမယ့် စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ သူ့မှာမရှိပါဘူး။
မိဘတွေပြောတာတွေကိုလည်း နားမလည်ဘူးလို့ဆိုပါတယ်။

” သူနားမလည်ဘူး သူ့ဟာက ထမင်းဆာပြီဆိုရင် “မို့မို့မို့” အဲ့တစ်ခုတော့ပြောတတ်တယ်။ သူ့ဟာသူရယ် သူ့ဟာသူငို အဲ့လိုမျိုးပေါ့” လို့ ဖိလိကျော်ထူးအမေကပြောပါတယ်။

ဖိလိကျော်ထူးမှာ မွေးချင်း ၄ယောက်ရှိပြီးတော့ အကြီးဆုံးသားလည်းဖြစ်ပါတယ်။

အခုချိန်မှာ ဖိလိကျော်ထူးတို့မိသားစုဟာ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင် စခန်းတခုမှာ နေကြပြီး စစ်ရှောင်ကော်မတီတွေက စာသင်ကျောင်းဝန်းရှိ အိမ်တစ်အိမ်မှာ စီစဥ်ပေးထားပါတယ်။

ဖိလိကျော်ထူးရဲ့ညီမလေးတွေဟာ စစ်ရှောင်စခန်းမှာ ကျောင်းတက်နေပေမယ့် ဖိလိကျော်ထူးကတော့ ဝါရံတာပေါ်မှာပဲ တစ်ယောက်တည်း အဖော်မဲ့နေပါတယ်။

သူပြောချင်တဲ့စကားလုံးတွေကို ပြောမထွက်နိုင်တာကြောင့် အမြဲတမ်းညည်းတွားနေပြီး ငိုလိုက် ရယ်လိုက်ဖြစ်ပေမယ့် မောင်နှမတွေသီချင်းဆိုရင် ဖိလိကျော်ထူးတစ်ယောက် ပျော်ရွင်စွာ ရယ်မောကာ လက်ကလေးကိုယမ်းပြီး ပျော်နေရှာပါတယ်။

သူ့အသက် (၃) နှစ်အရွယ်ထိ မိဘတွေက အာရုံကြေားဆေးတွေတိုက်တယ်၊ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ အကူအညီနဲ့ ဆေးကုသမှု့ပြုလုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

” အရင်ကတော့ ဘုန်းကြီး၊ ဆီဆယ် တို့မေးသေးတယ်လေး။ နည်းနည်းပါးပါးမဟုတ်တော့ အခုက တအားခက်ခဲသွားတယ်ပေါ့နော် မနိုင်တော့ဘူးပေါ့။ သူတို့ပို့ပေးမလို့ပဲ ဒါပေမယ့် မရတော့ဘူးလို့ သူတို့​ပြောတယ်။” လို့ ဖိလိကျော်ထူးရဲ့အဖေက ပြောပါတယ်။

ဖိလိကျော်ထူးကို ဖရူဆိုမြို့ မှာမွေးဖွားခဲ့ပြီး ကိုယ်ဝန်ဆောင်ကာလ ၆ လနဲ့ ၁၉ ရက်အကြာမှာ လမစေ့ပဲမွေးဖွားခဲ့ရတာကြောင့် မွေးကတည်းက အာရုံကြောအားနည်း၊ အသားရောင်အသာဝါ ရောဂါတွေကိုခံစားခဲ့ရပြီး အခုလို မသန်စွမ်း ဘဝ ဖြစ်သွားရရှာတာပါ။

အခုလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတော့ ဖိလိကျော်ထူးတို့လို ကလေးတွေအတွက် အဟာရပြည့်ဝဖို့ စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေ ပါတယ်။

သားသမီးတွေကို အသားဟင်းလေးဝယ်ကျွေးချင်တယ်လို့ အမေဖြစ်သူကပြောပါတယ်။

” ကိုယ့်မှာ ပိုက်ဆံအဆင်ပြေရင်တော့ အသားတွေ ဘာတွေဝယ်ကျွေးချင်တာပေါ့နော် ကလေးတွေကို။ ပိုက်ဆံလည်းအဆင်မပြေတော့ အလုပ်အကိုင်လည်းမရှိတော့ ရှိတာလေးနဲ့ပဲ ကြက်ဥတို့ပဲ ဝယ်ကျွေးရတာပေါ့။” လို့ပြောပါတယ်။

ဖိလိကျော်ထူးရဲ့အဖေဖြစ်သူဟာလည်း လွန်ခဲ့တဲ့ (၇)နှစ်တုန်းက လုပ်ငန်းခွင်တခုမှာ မတော်တဆ ထိခိုက်မှုဖြစ်ခဲ့ပြီး ဘယ်ဖက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

အဖေက လက်တစ်ဖက်ဆုံးရှုံးသွားတာကြောင့် ဝင်ငွေရမယ့်အလုပ်တွေမလုပ်နိုင်တော့ပဲ မိခင်ဖြစ်သူတစ်ယောက်တည်းသာ ရုန်းကန်ရှာဖွေနေရတာမို့ ဖိလိကျော်ထူးတို့ မိသားစုတွေ ဖူဖူလုံလုံ မရှိပါဘူး။

အလှုုရှင်တွေလာလှုုထားတဲ့ ဆန်တွေလည်း တစ်ဗုံးလောက်သာကျန်တာမို့ တစ်လနီးပါလောက်ပဲ စားလို့ရပါတော့တယ်။

အလှုုရှင်တွေ လာရောက်လှုုဒါန်းတဲ့ဟာတွေနဲ့ပဲ စားသောက်နေရပြီး နောက်ထပ်လိုအပ်တဲ့ အဟာရတွေ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အခက်အခဲရှိနေကြရပါတယ်။

အလုပ်မလုပ်နိုင်တာကြောင့် ကလေးတွေကျန်းမာရေးမကောင်းရင် သူများနားမှာပဲ ပိုက်ဆံရှာချေးရတယ်လို့ ဖိလိကျော်ထူးအဖေကပြောပါတယ်။

” အခက်အခဲကတော့ရှိတယ် ဒါပေမယ့် နည်းနည်းပါးပါး ပိုက်ဆံမရှိရင်တော့ သူများကိုပဲသွားချေးရတယ်။ ကလေးတွေကျန်းမာရေးမကောင်းရင် ပိုဆိုးတာပေါ့ အဲ့ဒီချိန်ဆို။” လို့ပြောပါတယ်။

အဖေဖြစ်သူဟာ မိသားစုကိုပိုမိုအလုပ်အကျွေးပြုနိုင်ဖို့ လက်အတုတပ်ချင်တယ်လို့ဆိုပါတယ်။

လောလောဆယ်တော့ စစ်ရှောင်စခန်းမှာနေပြီး ထမင်းဟင်းချက်ပြုတ်တာတွေ ထင်းရှာပေးတာတွေကို မနိုင်မနှင်းလုပ်ပေးနေပါတယ်။

လက်တုတပ်ပြီး မိသားစုတွက် ဟင်းလေးဘာလေးရှာပေးချင်တယ်လို့ ဆိုပါတယ်။

” အလုပ်တွေဘာတွေ နည်းနည်းပိုပြီးလုပ်နိုင်မလားလို့ စဥ်းစားတာပေါ့။နည်းနည်း ဟင်းတွေဘာတွေသွားရှာရင် ပိုအဆင်ပြေမလားလို့ပေါ့။” လို့ ဖိလိကျော်ထူး အဖေကပြောပါတယ်။

အဖေဖြစ်သူကတော့ ဖိလိကျော်ထူးမွေးရာပါရောဂါကြောင့် အနာဂတ်မလှမှာကိုစိုးရိမ်နေရရှာပါတယ်။

ပညာတတ်တစ်ယောက်ဖြစ်စေချင်တဲ့ အဖေတစ်ယောက်ရဲ့အိမ်မက်ဟာ သာမန်အဖေတွေထက် ဖိလိကျော်ထူးရဲ့အဖေအတွက်တော့ အများကြီးပိုခက်ခဲနေပါတယ်။

ဒီလိုပဲ နေ့စဥ်နေတိုင်း အဖေဖြစ်သူက ကလေးထိန်း၊ အမေဖြစ်သူက ချက်ပြုတ်၊ မောင်နှမတွေက ကျောင်းသွား ကိုယ်စီတာဝန်တွေနဲ့ လှုပ်ရှားနေကြပေမယ့် ဖိလိကျော်ထူးကတော့ အိမ်ရှေ့ဝါးရံတာပေါ်မှာ တစ်ယောက်တည်းပဲ အဖော်မဲ့နေဆဲပါပဲ။

spot_img
spot_img

Recent posts