spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာဖြစ်ပွားသူ များပြားနေ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာ ဖြစ်ပွားသူ ဦးရေ ၂၀၀ ကျော် ရှိနေပြီး အဲ့ဒီထဲမှာ ကလေးငယ်တွေ အများစု ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

“အသက်ရှုလမ်းကြောင်းပေါ့နော်။ ရုတ်တရက် အသက်ရှုလမ်းကြောင်းတွေ အဖြစ်များပါတယ် ရာသီဥတုကြောင့်လဲ ဖြစ်နိုင်တာပေါ့နော် အဲ့ဒါအဖြစ်များနေတာ တွေ့ရပါတယ်” လို့ စစ်ရှောင်စခန်းက ဆေးပေးခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆေးပေးခန်းကို တနင်္လာနေ့ကနေ သောကြာနေ့ အထိဖွင့်လှစ်ထားပြီး တစ်နေ့ကို လူဦးရေ ၃၀ ကနေ ၄၀ ကြား လာရောက်ပြသကြတယ်လို့ ဆိုပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားတဲ့ လက္ခဏာတွေမှာ ကိုယ်ပူ၊ နှားရည်ယိုခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာ အဖြစ်များတယ်လို့ သိရပါတယ်။

“ဘယ်အသက်အရွယ်ဖြစ်ဖြစ် အကုန်ဖြစ်တယ်။ ဒီရာသီကူးပြောင်း ကာလ တွေမှာ ပိုဖြစ်တာပေါ့နော်။ စဖြစ်ပြီဆိုရင် သူ့ဟာက အဖြစ်များတယ် တောက်လျှောက်ပဲ ဖြစ်တယ်။ ကလေးကော လူကြီးကော အကုန်ဖြစ်တယ်ပေါ့ “ လို့ ဆေးပေးခန်း တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အလားတူ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း ကလေးအပါအဝင် လူကြီးပါ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာဖြစ်ပွားသူ များပြားနေတယ်လို့ သိရပါတယ်။

“ဟုတ်တယ်။ ကလေးတွေ အများကြီး ဖျားကြတယ်။ လူကြီးတွေလည်း ဖျားနေကြတယ်၊ အများအားဖြင့်က ကိုယ်ပူ၊ ကိုက်ခဲနေကြတယ်။”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းအတွင်း ဖျားနာမှုများသလို တချို့မှာ မိသားစုအလိုက် ဖျားနာနေကြတယ်လို့လည်း သိရပါတယ်။ အဲဒီ စစ်ဘေးရှောင်စခန်းမှာတော့ အခြေခံ ဆေးဝါးလုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ကျောင်းနေအရွယ် ကလေးတွေလည်း ဖျားနာမှုများတာကြောင့် ကျောင်းပိတ်ထားရတာ နှစ်ပတ်ကြာမြှင့်နေပြီလို့ သိရပါတယ်။

“ကျမတို့ ကျန်းမာရေးကလည်း အခြေခံပဲလေး။ ကျန်းမာမှ ပညာသင်နိုင်မှာလေး၊ ကျောင်းမှာ စာအုပ်တစ်အုပ်နဲ့ အယောက် ၁၀၀ သင်လို့ရတယ်လေးနော။ အခု ကျမတို့မှာ ဆေးဝါးပေးဖို့လိုအပ်တယ်။ ” လို့ စစ်ရှောင်စခန်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရာသီဥတုအကူးအပြောင်းကာလ နဲ့ စစ်ရှောင်စခန်းတွေမှာ ဝါးတဲအိမ်နဲ့သာ နေထိုင်ကြရတာဖြစ်ပြီး ဝါးပိုးထိုးတာကြောင့် ကျလာတဲ့ အမှုန်တွေကို ရှုရှိုက်မိရာကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး အဖြစ်များနေတယ်လို့လည်း ဆိုကြပါတယ်။

spot_img
spot_img