spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းနဲ့ ကျေးရွာကိုသွားလာတဲ့ မြေသားလမ်း ပြုပြင်ဖို့ အလှူငွေလိုအပ်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း ဒေသခံနဲ့စစ်ရှောင်တွေဟာ အဓိကအားထားသွားလာရတဲ့ လမ်းမကြီးကို အသုံးပြုလို့မရတာကြောင့် ကျန်းမာရေး၊ စစ်ဘေးရှောင်စားနပ်ရိက္ခာသယ်ယူပို့ဆောင်တဲ့နေရာမှာ မြေသားလမ်းကိုသာအသုံးပြုနေရတဲ့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ယခုလို မိုးတွင်းခရီးသွားလာနေကြတဲ့ ပြည်သူတွေဟာ ပေါက်ပြား၊ ဓါး ၊ သံချောင်း စတဲ့ အထောက်အကူပစ္စည်းတွေကို ကြိုတင် သယ်ဆောင်သွားကြရတယ်လို့လည်း ပြောပါတယ်။ ဖရူဆိုမြို့နယ် တစ်နေရာက ပြည်သူလူထုတွေ သွားလာ အသုံးပြုနေတဲ့ မြေသားလမ်းပြုပြင်ရေး အတွက် အလှူငွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

” ပြည်သူလူထုတွေ သွားလာလို့အဆင်ပြေအောင် ကျနော်တို့ ဒီလမ်းကိုပြင်ချင်တယ်။ ပြင်ချင်တော့ ကျနော်တို့ ကိုယ်ထူ ကိုယ်ထနဲ့ စပြင်ချင်တာပေါ့နော စပြင်နေပြီ ပေ့ါနော အခုက ။ ဒီ ဘာဖြစ်ချင်လဲဆိုတော့ ဟို အလှူငွေတွေ ဒီလမ်း ပြင်ဖို့ အလှူငွေလေးရချင်တယ်ပေါ့။ ” လို့ ပြောပါတယ်။

စစ်ကောင်စီကင်းပုန်းရှိတဲ့ လမ်းမကြီးကို အသုံးပြုလို့ မရတော့တဲ့အတွက် ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းကို သွားလာဖို့ တခြားလမ်းကသွားရတဲ့ မြေသားလမ်းတွေကို အသုံးပြုနေရတာကြောင့် မိုးတွင်းကာလမှာ လမ်းချော်တဲ့အတွက် ကား၊ ဆိုင်ကယ်၊ ထော်လော်ဂျီတို့ သွားလာရခက်ခဲတယ်လို့ ဆိုပါတယ်။

” အဲ့ဒီလိုမိုးရာသီချိန်မှာ ဗွက်တွေ တအားထတယ်။ တအားထတော့ ဖျားနာတဲ့လူ ဆေးရုံပို့တာတို့ပဲဖြစ်ဖြစ် ဒီစစ်ဘေးရှောင်ပစ္စည်း စားနပ် ရိက္ခာသယ်တဲ့အခါမှာ ပဲဖြစ်ဖြစ် တအားအခက်အခဲဖြစ်တာပေ့ါနော။ ” လို့ စစ်ရှောင်ကူညီပေးသူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် လမ်းခရီးလုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

” တစ်ရွာဝင် တစ်ရွာထွက် ရောက်တဲ့အချိန်မှာဆိုလို့ရှိရင် သတင်းလှမ်းပြီးတော့မှ မေးသွား မေးရင်းနဲ့သွား‌‌နေရတယ်ပေါ့နေ။ အဲ့ခါကျတော့ မိုးရာသီဖြစ်တဲ့အချိန်မှာ ဆိုရင်လည်း ကျနော်တို့မှန်းထားတဲ့ ခရီးစဉ်က ဥပမာ ဒီတစ်ရက် ရောက်မယ်လို့ မှန်းထားပေမယ့်လည်း ၂ရက် အဲ့လိုမျိုးကြန့်ကြာတဲ့အနေအထားရှိတာတော့ အရမ်းခက်ခဲမှု တစ်ခုပေါနော။ “လို့ စေတနာ့ဝန်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ဒေသခံတွေဟာ စစ်ရှောင်နေကြတာ တစ်နှစ်နီးပါးရှိလာပြီ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာ၊ ရေရှားပါးတာ၊ ဖုန်းလိုင်းဆက်သွယ်ရေးခက်ခဲတာ ရှိတယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ရှောင်ဦး ရေ ၆၀၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts