spot_imgspot_imgspot_imgspot_img
Monday, January 13, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်း စာသင်ကျောင်းအနီးကို လေယာဥ်ဗုံးကြဲမှုကြောင့် ကလေးတွေ ကျောင်းမလာရဲကြ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်း စစ်ရှောင်စခန်း တစ်နေရာကို အကြမ်းဘက် စစ်ကောင်စီက သြဂုတ်လ (၃၁) ရက်နေ့မှာ တိုက်လေယာဥ် (၂)စီးနဲ့ လာရောက်ပစ်ခတ်လို့ စာသင်ကျောင်းတစ်ကျောင်း အနည်းငယ် ထိခိုက်ပျက်ဆီးကာ လူတစ်ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျောင်းသူကျောင်းသားဦးရေရဲ့ တစ်ဝက်ကျော်လောက်က စိုးရိမ်ပြီး လာမတက်ကြဘူးလို့ တာဝန်ခံ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“ဒီလေယာဥ် စစလာကျဲတဲ့ ရက်ကနေ့ပြီး ကျနော်တို့ (၄) ထိလောက် ပိတ်လိုက်တယ်။ တနင်္လာနေ့မှ ပြန်တက်ဖို့ ပြောပြထားတယ်ပေါ့နော်။ တချို့ကျတော လာတက်ကြတယ်။ လာမေးကြတယ်။ ကျောင်းဖွင့်တယ်လို့။ လာတက်ကြပါတယ်။ တစ်ဝက်လောက်တောင် မရှိဘူးပေါ့နော်။ ကျန်တဲ့ တစ်ဝက်ချိုးချိုးလောက်က လာမတက်ကြဘူး” လို့ အဆိုပါကျောင်းရဲ့ တာဝန်ခံ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် စစ်ရှောင် ကလေးတွေဟာ စိုးရိမ်ပြီး ကျောင်းကို မလာရဲကြတာလို့ သူက ဆက်ပြောပါတယ်။

“အရင်ကတည်းက ကျနော်တို့ ကြားခဲ့ရတယ်ပေါ့နော်။ စာသင်ကျောင်းတွေကို သူတို့အဓိက ပစ်မှတ်ထားတယ်။ ကျနော်တို့ကျောင်းက ကလေးတွေက ကြောက်ကြတယ်။ လေယာဥ်သံကြားပြီဆိုရင် ပြေးကြတယ်။ ဒါမျိုးတွေက အရင်ကတည်းက ရှိခဲ့တယ်။ ဖြစ်ခဲ့တယ်ပေါ့နော်။ ခုလာကျဲသွားတဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ပိုပြီးတော့ ကြောက်သွားတာပေါ့။ ကျောင်းဆိုတာကြီးကို ကြောက်သွားတယ်။ လာမယ်ဆိုရင် လာကျဲမလားဆိုတဲ့ စိတ်မျိုးတွေက ကချောက်ကချား ဖြစ်ကုန်တယ်”လို့ အဆိုပါ ကျောင်းဆရာကဆက်ပြောပါတယ်။

ကျောင်းသားမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို စိုးရိမ်ပြီး ခြံထဲသွားရတဲ့ အချိန်တွေမှာတောင် ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းနဲ့ အိမ်နီးချင်းကပ်လျက်မှာ ရှိနေတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ သူ့ရဲ့ကလေး ပညာမတတ်မှာကို စိုးရိမ်ပြီး ကလေးကျောင်းတက်တဲ့ ရက်တိုင်းကို စောင့်ကြည့်ပေးနေရတယ်လို့ ပြောပါတယ်။

“စိုးရိမ်တာတော အရမ်းစိုးရိမ်တယ်။ ကျောင်းနဲ့နီးတော့ အသံကြားတာနဲ့ ပြေးသွားခေါ်မယ်လို့ပဲ တွေးထားတာပေါ့။ ငယ်သေးတယ် ပညာလိုချင်တယ်ဆိုရင်တော့ ထားပေးရမှာပဲ။ တကယ်လို့ မထားရင်လည်း ပညာမတတ်လူ ဖြစ်သွားမှာစိုးလို့။”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စာသင်ကျောင်းတွေကို လေယာဥ်လာရောက်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ကလေးတွေဟာ စိုးရိမ်ထိတ်လန့်ပြီး စာပိုင်းမှာလည်း အာရုံစူးစိုက်မှုတွေ လျော့နည်းလာတယ်လို့ ဆိုပါတယ်။ မည်သည့်အဖွဲ့အစည်းမဆို စစ်ရှောင်စခန်းတွေမှာရှိတဲ့ စာသင်ကျောင်းတွင်မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေး အသိပညာပေးတာတွေ ပြုလုပ်ပေးသင့်တယ်လို့ ကျောင်းဆရာတွေက ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts