spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စာသင်ကျောင်းပွဲတစ်ခုမှာ လေယာဉ်အနီးကပ်လာဝဲတဲ့အတွက် ကျောင်းဆင်းပွဲကို တစ်ဝက်တစ်ပျက်နဲ့ ဖျက်သိမ်းခဲ့ရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းပညာရေးစုံညီပွဲကို ဒီကနေ့ ( ဒီဇင်ဘာလ ၂၃ ရက် ) မှာ ကျင်းပခဲ့ပြီး တိုက်လေယာဉ်တစ်စီး အနီးအနားမှာ လာဝဲတဲ့အတွက် ပွဲတက်ရောက်သူတွေ ကြောက်လန့်တကြား ရှောင်ပုန်းခဲ့ရတယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

“အဲဒီကျောင်းပေါ်တစ်ဝိုက်ကိုပဲ သူက ပတ်ပြီးတော့ ဝဲနေတယ်။ အဲဒီမှာ အကြာကြီးဝဲနေတယ်။ လေယာဉ်ဆိုရင် နီးနီးလေးပဲ မြင်ရတော့တယ်။ လေယာဉ်ဆိုတာ သူ့မှာ ပစ်တဲ့ ကိရိယာတွေတပ်ထားတာတောင်မှ ကျနော်တို့ မြင်ရတယ်။ လေယာဉ်အကြီးကြီးမြင်ရတယ်ပေါ့နော။ ဒီဂျက်လေယာဉ်အပြာရောင်ပေါ့နော။ ဝဲနေတယ်။ အဲဒီအပေါ်ကိုပဲ ဝဲနေတော့ သူတို့က အခမ်းအနားကို ရုတ်သိမ်းပြီးတော့မှ အားလုံး ရုတ်ရုတ်သဲသဲနဲ့ ပြေးပြန်ကြတယ်ပေါ့နော။ ဧည့်သည်တွေကော ကလေးတွေကော ပြေးပြီးတော့ အိမ်ပြေးပြန်ကြတယ်ပေါ့နော။” လို့ ပွဲတက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

အဲဒီ စုံညီပွဲတော်မှာ အစီအစဉ် တစ်ဝက်မရောက်ခင် နေ့လည် ၁၂နာရီထိုးခါးနီးမှာ အခုလို ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့အတွက် ပွဲကို ဖျက်သိမ်းလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။

“စိတ်တော့မကောင်းဖူးပေါ့နော်။ ကလေးတွေအတွက်လေနော်။ ကလေးတွေခမျာသူတို့ရဲ ရှိတဲ့အားနဲ့ သူတို့က ဘယ်လိုပြောမလဲ ဟို ပြင်ဆင်ထားပြီးသားလေနော်။ ကျတဲ့နေရာ ရ‌တဲ့နေရာကနေ သူတို့ပါဝင်ထားတယ်လေနော်။ အဲ့ခါကျတော့‌သူတို့အတွက် စိတ်မကောင်းဖူးပေါ့။အဲ့တွက်ကြောင့်သူတို့ရဲ့လုံခြုံရေးအရ အခမ်းအနားကို ရပ်လိုက်ရတာပေါ့နော်” လို့ဆိုပါတယ်။

အဲဒီအပြာရောင်ဂျက်လေယာဉ်ဟာ ပစ်ခတ်တော့မယ့်ဟန်နဲ့ အနီကပ်ပျံသန်းနေပြီး ပွဲတက်ရောက်သူအားလုံး ရှောင်ပုန်းပြီးမှ တခြားနေရာကို ပျံထွက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ရှောင်စာသင်ကျောင်းကို ၂၀၂၂ခုနှစ် ဇွန်လအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ဦး တက်ရောက်နေတာဖြစ်ပါတယ်။ အဲဒီရက် အခမ်းအနားမှာလည်း လူဦးရေ ၁၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

“ သူတို့ စစ်သုံးလေယာဉ်ဆိုတော့ လက်နက်တွေဘာတွေ တပ်ဆင်ထားမှာပေါ့။ အဲဒီလက်နက်ကိုတော့ ကျနော်လည်းမခေါ်တတ်ဘူးပေါ့နော။ စစ်သုံးလေယာဉ်မှာ တပ်မှာပေါ့။ ဂျက်လေယာဉ်အပြာရောင်ပေါ့။ မြင်ရတယ်ဆိုတာက အချွန်ချွန်တွေပေါ့နော။ ဒုံးကျဉ်လိုလိုဘာလိုလို အဲဒီလိုမျိုးတွေတော့ မြင်နေရတယ်ပေါ့။ လှမ်းပြီးတော့ တွေ့နေရတယ် အဲဒီလိုမျိုးပေါ့။ ” လို့ ပွဲတက်ရောက်ခဲ့သူတစ်ဦးက သူမြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့မနက် ၁၀နာရီခွဲအချိန်မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာလည်း တိုက်လေယာဉ်တစ်စီးအနီးကပ်ပျံဝဲလာတဲ့အတွက် ဒေသခံပြည်သူတွေ ကြောက်လန့်တကြားနဲ့ ဗုံးခိုကျင်းတွေထဲ ပြေးပုန်းနေခဲ့ရပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီအချိန်မှာ ဖယ်ခုံမြို့နယ် အနောက်ခြမ်းဒေသ စစ်ရှောင်ခိုလှုံနေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စင်း ဝဲပျံတဲ့အတွက် ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ကြဖို့ မိုးဗြဲ PDFက သတင်းထုတ်ပြန် သတိပေးထားတာလည်း ရှိပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၁ရက်နဲ့ ၂၃ရက် တွေမှာ စစ်ကောင်စီကနေပြီး အခုလို တိုက်လေယာဉ်ဝဲပျံတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts