spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ဇနီးမောင်နှံရဲ့ တော်လှန်လေလံလက်စွပ်

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်နေကြတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့ လက်သကြွယ်ပေါ်က ဆင်တူ လက်ထပ်လက်စွပ်တွေ ရှိမနေ တော့တာတစ်ပတ်ကျော်ရှိသွားပါပြီ။

ကက်သလစ်ဘာသာဝင်တွေဖြစ်တဲ့ ဒီဇနီးမောင်နှံရဲ့ လက်ထပ်လက်စွပ်ဟာ ဘုရားကျောင်းထဲမှာ ဘုန်းတော်ကြီးက မင်္ဂလာ ပေးထားတဲ့ လက်စွပ်ဖြစ်သလို ဇနီးမောင်နှံနှစ်ဦးကြား တန်ဖိုးထားကြတဲ့ အသိသက်သေ အမှတ်တရ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

သူတို့ ဇနှီးမောင်နှံ နှစ်ဦး အမြတ်တနိုးတန်ဖိုးထားတဲ့ လက်ထပ်လက်စွပ်ဆိုပေမယ့် အခုလို တော်လှန်ရေး ကာလမျိုးမှာ စိတ်သန့်သန့်နဲ့ လှူဒါန်းလိုက်တာပါလို့ အမျိုးသားဖြစ်သူက ပြောပြပါတယ်။

“ဒီတော်လှန်ရေးမှာ ဒီလက်စွပ်ကို ကျနော်တို့ (ဘာကြောင့်)လှူရလည်းဆိုတော့ ပြောရမယ်ဆိုတော့ ကျနော်တို့မှာ တခြားကူညီ နိုင်တဲ့ အပိုင်းတွေ သိပ်မရှိဘူးပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ ငွေတွေ ဘာတွေ အများကြီး လှူချင်တာပေါ့နော်။ ဒါပေမယ့် ငွေတွေ ဘာတွေ အများကြီး မလှူပေးနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီလက်စွပ်ကို သူတို့အတွက် အသုံးဝင်မလားပေါ့နော်။ ပြီးရင်တော့ ဒီတော်လှန်ရေးအတွက် အုတ်တချပ်သဲတပွင့်အနေဖြင့် ထည့်ပေးဖို့ အဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်။ အဲ့လက်စွပ်ကို ကျနော်တို့ လှူခြင်းဖြစ် တာပေါ့နော်။”

အိမ်ထောင်သက်တမ်း ၆ နှစ်နီးပါးရှိပြီဖြစ်တဲ့ ဒီဇနှီးမောင်နှံမှာ (၄) နှစ်အရွယ် သားငယ်လေး တစ်ယောက်ရှိပါတယ်။

ခုလိုလှူဒါန်းလိုက်တဲ့ အဲ့ဒီလက်ထပ်လက်စွပ်မှာ သားဖြစ်သူရဲ့ နာမည်အတိုကောက် အမှတ်တရာစာလုံးကို ရေးထိုးထားပါတယ်။

ခုတော့ ဒီလက်စွပ်ဟာ တော်လှန်ရေးအသိုင်းအဝိုင်းဆီကို ရောက်ရှိနေပြီး လေလံတင်ရောင်းချဖို့လည်း ဖိတ်ခေါ်ထားတယ်လို့ တော်လှန်ရေးအဖွဲ့တစ်ခုမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။

“ဒီလက်စွပ်က မာမီပေးကတည်းက တော်လှန်ရေးအတွက်ပဲပေါ့နော်။ တော်လှန်ရေးအတွက် အသုံးပြုဖို့ဆို ပြီးတော့ ဒါကျနော့အတွက်လည်း ပြောလို့ရသလို အများအတွက်လည်း ရတာပေါ့နော်။ ပြီးတော့ သူ့ရဲ့ လေလံတင်သွားမယ့် လက်စွပ်က ဒေါ်လာ တစ်ထောင်ပေါ့။ ဒေါ်လာတစ်ထောင်လောက်တော့ လေလံတင်မယ် ပေါ့နော်။ ဒီထက်ရလည်း ရနိုင်တယ်ပေါ့။”

ဒီလက်စွပ် လေလံအောင်မြင်သွားရင်တော့ ရရှိလာမယ့်ငွေကို တော်လှန်ရေးအတွက် လိုအပ်နေတဲ့ လက်နက် ဝယ်ယူရေးမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

လက်စွပ်လှူဒါန်းလိုက်တဲ့ ဇနီးမောင်နှံဟာ လွိုင်ကော်မြို့ပေါ်ကနေ ဖယ်ခုံမြို့နယ်တွင်းက တစ်နေရာမှာ စစ်ဘေးရှောင်နေရတာပါ။

“အဓိကကတော့ ဒီစစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက်ပေါ့နော်၊ ကျမတို့အားလုံးက ကိုယ်ထူကိုယ်ထ အနေနဲ့ ကြိုးစားရုန်းကန်နေရမယ်ပေါ့နော်။ အဲ့ဒီလို ရုန်းကန်နေတဲ့အချိန်မှာ ကျမတို့ ဖက်ကလည်း စစ်ရှောင်ရင်းနဲ့ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေပြီးတော့ ဒီစစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေကြတဲ့ ရဲဘော်တွေကို တစ်ထောင့်တစ်နေရာမှာ ကူညီနိုင်တဲ့ အတိုင်းအတာ တစ်ခုကနေ ကူညီတာပေါ့နော်။”လို့ လက်စွပ်လှူဒါန်းထားတဲ့ ဇနှီးဖြစ်သူက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်မဖြစ်သေးတဲ့ ဒေသတွေမှာ စီးပွားရေးတွေ ပုံမှန်လည်ပတ်နိုင်သေးတဲ့ နေရာက ပြည်သူတွေကလည်း ကရင်နီပြည်က တော်လှန်ရေးရဲဘော်နဲ့ စစ်ရှောင်ပြည်သူတွေအတွက်တတ်နိုင်တဲ့ဖက်က ကူညီပေးကြဖို့ သူက တိုက်တွန်းပါတယ်။

ဇနှီးမောင်နှံနှစ်ဦးဟာ သူတို့ အမြတ်တနိုးတန်ဖိုးထားတဲ့ လက်ထပ်လက်စွပ်ကို အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို လှူဒါန်းရတဲ့အတွက် ကျေနပ်ဂုဏ်ယူနေပါတယ်။

စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဒီဇနှီးမောင်နှံနှစ်ဦးလိုပဲ ဒုက္ခပေါင်းမျိုးစုံနဲ့ရင်ဆိုင်နေကြရတဲ့ ကရင်နီပြည်တွင်းက စစ်ရှောင်တွေဟာ သူတို့ရှိတာလေးတွေကို မျှဝေလှူတန်းပေးနေကြတဲ့သူတွေ တော်တော်များများရှိနေကြအုံးမှာပဲလို့ တင်ပြရင်း…။

spot_img
spot_img