spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှုကို တိုးမြင့်ဆောင်ရွက်ပေးဖို့ လိုအပ်နေဟုဆို

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လက်ရှိအချိန်ထိ စစ်ရှောင်ဘဝနဲ့ တစ်နှစ်ကျော်ကြာအထိ ဖြတ်သန်းနေရပြီး စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ ပြန်လည်ဆောင်ရွက်ပေးဖို့ လိုဆပ်နေဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကိုဗစ်ဒဏ် ၊ စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်တွေအထူးသဖြင့် အမျိုးသမီးတွေက သားသမီး၊ ခင်ပွန်းဆုံးရှုုံးခဲ့တာ၊ နေအိမ်ဆုံးရှုံးခဲ့တာ၊ အထွေထွေအသုံးစရိတ်၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံစားနေရတယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာကုစားမှုတွေကို ဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ကျေးလက်မြေအဖွဲ့က စစ်ရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာကုစားမှုသင်တန်းကို ပြုလုပ်ပေးလျက်ရှိနေတယ်လို့ ပြောပါတယ်။

“ ဒီစစ်ဘေးရှောင်အမျိုးသမီးတွေ စစ်ဘေးရှောင်စခန်းနဲ့ ရပ်ရွာလူထုတွေကြားထဲမှာလည်း ကျမတို့တွေ ကုစားမှုတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ ဘာလို့လဲဆို ကျမတို့တွေက စစ်ဘေးဒဏ်နဲ့ ကပ်ရောဂါကို ကျမတို့ ခံစားနေရတာ ပြည်သူလူထု တစ်ရပ်လုံး ဖြစ်တယ်။ သူတို့ကို ပြန်လည်ပြီး ထူထောင်နိုင်ဖို့ သူတို့ဆီသွားပြီးတော့ ကျမတို့ ဖျော်ဖြေမှုတွေ လုပ်ပေးတာ သူတို့ ပြောတဲ့ စကားတွေ နားထောင်ပေးတာ သူတို့ဆီမှာ ရှိတဲ့ ခေါင်းဆောင်တွေကို သင်တန်းပေးခြင်းအားဖြင့် စစ်ရှောင်စခန်းထဲမှာသူတို့ အချင်းချင်း အပြန်အလှန် ကုစားမှုတွေ ပြုလုပ်နိုင်အောင်ပေါ့နော။ “ လို့ ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစိန် က ပြောပြပါတယ်။

စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေကိုလည်း တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့ လည်း ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစိန်က တိုက်တွန်းပါတယ်။

“ တခြား အဖွဲ့အစည်းတွေကိုလည်း ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ပေးနိုင်ဖို့အတွက် ကျမအနေနဲ့ မေတ္တာရပ်ခံချင်တယ်ပေါ့နော။ အကြံပေးတိုက်တွန်းလိုတယ်ပေါ့နော။ ကျေးလက်မြေအနေနဲ့ကတော့ စိတ်ပိုင်းဆိုင်ရာကုစားမှု တစ်ခုတည်း မဟုတ်ပဲနဲ့ ယခင်ကတော့ အခုကော ကျမတို့ ကျား၊ မတန်းတူရေး အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေး ကိစ္စတွေ ကျမတို့ လုပ်ဆောင်နေပါတယ်။ “ လို့ ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစိန် က ပြောပါတယ်။

ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာ သင်တန်းပေးတာနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ရှောင်တွေဆီသင်တန်းပေးတာတွေရှိသလို အွန်လိုင်းကနေလည်း သင်တန်းပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းက အမျိုးသမီးအရေးဆောင်ရွက်တဲ့အဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့၊ စစ်ရှောင်အရေးကူညီသူဆောင်ရွက်သူ တွေက စစ်ရှောင်စခန်းကိုသွားရောက်ပြီး အားပေးနှစ်သိမ့်တာ၊ ဖျော်ဖြေပေးတာတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေဆီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတဲ့နေရာမှာ စစ်ရှောင်(၁၀၀) ဦးမှာအနည်းဆုံး ၅၀ ဦးလောက်ဟာ စိတ်ဖိစီးမှု ခံစားနေကြတာတွေရှိတယ်လို့ CDMသူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ Karenni Nurses Associationက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာလည်း ရှိခဲ့ပါတယ်။

spot_img
spot_img