spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေအတွက် အရေးပေါ် လူနာတင်ကားနဲ့ ဆန်တွေ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်အရေး ကူညီတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအသင်းကနေ လက်ရှိ ကရင်နီပြည်က စစ်ရှောင်စခန်းတွေရဲ့ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးနေလျက်ရှိပြီး “ ဝါကျွတ်အလှူ စစ်ရှောင်ကူ” ဆိုတဲ့ စစ်ရှောင် အတွက် အရေးပေါ် လူနာတင်ကား ဝယ်နိုင်ဖို့နဲ့ စားနပ်ရိက္ခာဖြည့်တင်းနိုင်ဖို့ ကမ်ပိန်းတစ်ခုကို ပြုလုပ်နေတာရှိနေပါတယ်။

မဲလက်မှတ်တစ်စောင်ကို ကျပ်နှစ်သောင်းဖြစ်ပြီး မဲစောင်ရေ ၈၀၀ အထိ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီကမ်ပိန်းကို အောက်တိုဘာလ ၂၅ ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေး အဖွဲ့မှ ကိုပြည့်စုံက အခုလိုပြောပါတယ်။

“ကျနော်တို့ ခု ကမ်ပိန်းက စားနပ်ရိက္ခာ အဓိကပါဗျ။ နောက်တစ်ခု ကျနော်တို့ ရည်ရွယ်ထားတာက အရေးပေါ် လူနာတင် ကားရရှိရေးပေါ့နော်။ စစ်ရှောင်တွေရဲ့ ဒီညဖက်တွေမှာ အရေးပေါ် ကျန်းမာရေး ပြဿနာတစ်ခုခုဖြစ်လို့ရှိရင် ဆေးရုံဆေးခန်းကို ပို့ဆောင်ပေးရတဲ့ အခြေအနေရှိတယ်။ အဲ့ချိန်မှာ ကျနော်တို့ကားတစ်စီးပဲ ရှိတဲ့ခါကျတော့ ကျနော်တို့ အာဟာရ ရိက္ခာသွားဝယ်နေတာမျိုးနဲ့ တိုက်နေလို့ရှိရင် သူတို့တွေ ညှိလိုက်ရတာမျိုးတွေ ရှိတာပေါ့နော်။ အဲ့ဒါကြောင့်မို့လည်း ကားတစ်စီးဝယ်ဖို့လည်း မျှော်မှန်းထားတာပေါ့‌နော်” လို့ ကိုပြည့်စုံက ဆိုပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်များလာသလို ကျန်းမာရေးကိစ္စတွေအတွက် အရေးပေါ် လူနာတင်ကားနဲ့ နေ့စဥ် စားသောက်နိုင်ရေးအတွက် ဆန်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီရေး အသင်းတွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာ သီတင်းကျွတ်ပွဲတော်ရာသီဖြစ်တဲ့အတွက် လူကြီးမိဘတွေကို လိုက်လံကန်တော့ပြီး ပျော်ရွှင်ကြပေမဲ့ ကရင်နီပြည်က စစ်ရှောင်တွေကကော့ မိသားစုစုံစုံလင်လင်နဲ့ မပျော်ပါးကြရတာ ၂နှစ်ကျော်ကြာပြီ ဖြစ်တာကြောင့် သီတင်းကျွတ် ရာသီကာလမှာ ကမ်ပိန်းကို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရှောင်စခန်းက စစ်ရှောင်လူထုတွေဟာ စားဝတ်နေရေးအပြင် ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာလည်း လိုအပ်နေတာကြောင့် ပြုလုပ်သွားတဲ့ ကမ်ပိန်း ကနေ ရရှိလာတဲ့ အလှူငွေတွေကို ပြန်ပြီး စီမံခွဲဝေသွားဖို့ ရှိတယ်လို့ ကိုပြည့်စုံက ဆက်ပြောပါတယ်။

“ကျနော်တို့ ကမ်ပိန်း ကနေရရှိတဲ့ ဟာတွေကတော့ ကျနော်တို့ စားနပ်ရိက္ခာအတွက်ကျတော့ ၅၀ ရာခိုင်နှုန်း၊ ကျန်တာတွေကတော့ အရေးပေါ် လူနာတင်ယာဉ်၊ စစ်ရှောင်အတွက် အမိုးအကာ၊ ပညာရေးနဲ့ တခြားလိုအပ်တဲ့ နေရာတွေမှာ သုံးသွားမှာ ဖြစ်ပါတယ်ဗျ” လို့ဆိုပါတယ်။

တချို့ စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ ရှိထားတဲ့ဆန်တွေကို ချွေတာတဲ့အနေနဲ့ ထမင်းသုံးနပ်အစား နှစ်နပ်သာ လျော့စားရတာရှိသလို ဆန်ပြုတ်စားသောက်ရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts