spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်နေရပေမယ့် အဲ့ဒိုပေါ်မီပွဲကို ရိုးရာဓလေ့ မပျက် ပြုလုပ်ခဲ့ကြတဲ့ ဖရူဆိုစစ်ရှောင်စခန်းတစ်နေရာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ကယားလူမျိုးတွေရဲ့ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို စက်တင်ဘာ ၂၇ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ ၆ရက်တာ ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ စစ်ရှောင်နေရတာဖြစ်ပေမယ့် ကယားလူမျိုးတွေရဲ့ အရေးကြီးတဲ့ ရိုးရာ တစ်ခုဖြစ်တဲ့အတွက် ချန်ထားလို့ မရဘူးလို့ ရိုးရာထိန်းသိမ်းတဲ့ ကျေးရွာလူကြီးတွေက ဆိုပါတယ်။

“ အရင်ကတည်းက အခုချိန်ထိ ဒီအစဉ်အလာကို ပြုလုပ်လာကြတယ်။ ၅ ရက်မြောက်နေ့မှာ ဒေါတထောက ခိုးရားခူကျေးရွာမှာ ရိုးရာအက သွားဖျော်ဖြေကြတယ်။ ရွာကလည်း ဧည့်ခံကျွေးမွေးတယ်။ နှစ်စဉ်နှစ်တိုင်း ဒီအစဉ်အလာကို ပြုလာတယ်။ အခုတော့ တောထဲမှာပဲ စစ်ရှောင်နေကြရတော့ တောထဲမှာပဲ ကျင်းပတာဖြစ်တဲ့အတွက် အရင်ကလို တိတိကျကျ မကျင်းပနိုင်တော့ပေမယ့် အကဖျော်ဖြေခြင်း ဆက်လုပ်သေးတယ်။ ဒါပေမယ့် အရင် ရွာမှာနေသလိုမျိုး မဟုတ်တော့ဘူး။ “ လို့ ပွဲကျင်းပမှု ကွားခြားသွားပုံကို ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

တောထဲမှာ စစ်ရှောင်နေရပေမယ့် လုပ်ထုံးလုပ်စဉ် အတိုင်း ပွဲကျင်းပတဲ့ အဆင့်ဆင့်ကို ၆ရက်တာ ပြုလုပ်ခဲ့ကြပါတယ်။ ပထမရက်မှာ ဒီးကူရွက် ခူးတာ၊ ဒုတိယရက်မှာ နတ်ပူဇော်တာ၊ တတိယရက်မှာ ဧည့်ခံကျွေးမွေးမှု အနည်းငယ်ပြုလုပ်တာ၊ စတုတ္ထ နဲ့ ပဉ္စမ ရက်တွေမှာ ကျေးရွာတွေဆီ ရိုးရာအကဖျော်ဖြေတာ၊ နောက်ဆုံးရက်မှာ ‘သစ်ထျေးမြား’ ကို ခြံတိုင်း မနက်အစောကြီး သွားစိုက်ကြပြီး နေ့ခင်းမှာ ကယားလူမျိုးတွေရဲ့ ခွီး(ဘုရင်) ဖြစ်တဲ့ ဖိုးဒီးကရီးကို သွားကြိုပြီး မေးခွန်းမေးမြန်းပြီး ပြန်လည်ပို့ဆောင်တာတွေ ပြုလုပ်ကြပါတယ်။

စစ်ရှောင်စခန်းမှာပဲ အဲ့ဒိုပေါ်မီ ပွဲကို ကျင်းပကြတာဖြစ်လို့ အိမ်ပြန်ခွင့်ရဖို့အခြေအနေကို ဖိုးဒီးကရီး ကိုမေးကြည့်ရာမှာတော့ ” ဘယ်အချိန်မှ ရွာပြန်နေလို့ရမလဲ လို့မေးကြည့်တော့ နောက်ထပ်၂နှစ်နေမှ ပြန်လို့ရမယ် လို့ပြောတယ်။ ခိုးရားခူ က ‘ဖိုးဒီးက‌ရီး’ ကို ဘယ်သူပဲ မေးမေး အကုန်လုံးအဖြေက အတူတူပဲ။ တခြားရွာက တော့မသိဘူးပေါ။ ရွာကတော့ နောက်ထပ်၂နှစ်နေမှ ပြန်ရမယ်လို့တော့ ပြောတာပေါ့။ ” လို့ ရပ်မိရပ်ဖ တစ်ဦးက ဆက်ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် ရိုးရာပွဲတွေကို လူစည်စည်ကားကားနဲ့ မကျင်းပနိုင်ခဲ့ကြတာ ၂နှစ်ရှိသွားပြီဖြစ်ပါတယ်။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ တောတောင်ထဲ စစ်ရှောင်နေကြရတဲ့ စစ်ရှောင်တွေအနေနဲ့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ရိုးရာဓလေ့ မပျက်ဖို့ ကျင်းပနေကြရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts