spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ရင်း “စစ်ပွဲ” နဲ့ ကြုံရသူများ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

နေရပ်မှာ စစ်ပွဲဖြစ်လို့ ဘေးလွတ်ရာလို့ထင်မဲ့နေရာတွေမှာ တိမ်းရှောင်ကြရင်း “စစ်ပွဲ” နဲ့ နောက်တစ်ကြိမ် ကြုံလို့ ထပ်ဆင့်ပြေးလွှားနေရသူတွေက ဒီးမော့ဆိုမြို့နယ်ထဲက ဒေသခံတွေပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခြောက်မိုင်ကျေးရွာအုပ်စုထဲက ဒေသခံတွေဟာ လက်ရှိမှာတော့ စစ်ပွဲနဲ့ ထပ်ကြုံရတာကြောင့် ထပ်ဆင့်တိမ်းရှောင်နေကြရတာပါ။ ခြောက်မိုင်ကျေးရွာအုပ်စုထဲမှ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ကျည်ဆံနဲ့ကင်းလွတ်တဲ့နေရာတွေမှာ တိမ်းရှောင်လာခဲ့ကြသူတွေက အခုချိန်မှာတော့ သုံးကြိမ်မြောက် စစ်ဘေးရှောင်နေရသူတွေ ဖြစ်လာပါတယ်။

ယခင်တိမ်းရှောင်ခဲ့တဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အခြေချခဲ့ကြပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်နေ့မှာ နီးကပ်လာတဲ့ စစ်ကြောင်း၊ စခန်းထဲကို ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သွားတဲ့ လက်နက်ကြီးကြောင့် ဒုတိယအကြိမ် တိမ်းရှောင်ခဲ့ကြရပါတယ်။ အခုလက်ရှိမှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဝိုင်းဝန်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကြောင့် တဖန် ပြန်လည်ထွက်ပြေးတိမ်းရှောင်ကြရပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချင်တဲ့ အနေအထားမှာ ရှိတဲ့အတွက်ကြောင့် တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်မဲ့အနေအထားမျိုးမှာသာ ရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

“အခြေအနေကတော့ တဖြည်းဖြည်းနဲ့ ပိုဆိုးလာမဲ့အနေအထားမှာတော့ ရှိတာပေါ့။ ပိုဆိုးလာတဲ့အချိန်ဆိုရင်တော့ ကျနော်တို့ မကြာခန ပြောင်းရွေ့နေရတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်တော့ ဒုက္ခတွေမျိုးစုံ၊ ပေါင်းစုံ ကြုံနေရပါတယ်။ အထူးသဖြင့်တော့ စားဝတ်နေရေးပေါ့။ စားဝတ်နေရေးရယ် ကျန်းမာရေးပိုင်းမှာဆိုလို့ရှိရင် ပိုပြီးတော့မှ ဘေးနဲ့ကြုံနေရတယ်ပေါ့နော။ အခက်နဲ့ကြုံတွေ့နိုင်တယ်လို့တော့ မြင်မိတာပေါ့နော။” လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ထပ်ဆင့်ရွေ့ပြောင်းတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတစ်ခုရဲ့ စခန်းကော်မတီဝင်တစ်ဦးက လက်ရှိမှာ သူရင်ဆိုင်မြင်တွေ့ရတာတွေနဲ့ ပတ်သက်ပြီး ပြောပြတာပါ။

စစ်ရှောင်နေရင်း နေရပ်တူတဲ့သူတွေအချင်းအချင်း တစုတစည်းတည်း စခန်းတစ်ခုတည်းမှာ နေထိုင်နိုင်ဖို့ ကြိုးစားပြင်ဆင်နေကြချိန်၊ စစ်ရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အလှူရှင်တွေကနေ ပေးပို့လှူဒါန်းထားတဲ့ မိုးကာတွေဟာ ဆွေးမြေ့လာတဲ့အတွက် တတ်နိုင်သမျှ ဝါးတွေရှာဖွေပြီး
(ဝယ်ယူသုံးစွဲနေရ) တဲထိုးနေထိုင်ကြခြင်း၊ စာသင်ကျောင်းနေရာများ အတည်တကျ ဖြစ်စေရန် ရှိစုမဲ့လေးများပေးဆပ်ပြီး မိဘများမှ တည်ဆောက်ပေးခြင်း၊ စစ်ရှောင်ရာနေရာမှာ သီးစားပင်များ တတ်အားသမျှ စိုက်ပျိုးထားခြင်း စတဲ့ လုပ်ဆောင်မှုမြောက်များစွာကို စစ်ရှောင်လူထုတွေဟာ ရှိတဲ့နေရာကနေ ဆောင်ရွက်ခဲ့ကြပါတယ်။

သို့ပေမယ့် မတ်လအတွင်းမှာ စစ်ရှောင်စခန်းတွေနဲ့ နီးကပ်တဲ့နေရာတွေအထိ ကူးစက်လာတဲ့ စစ်မီးဟာ ရှိစုမဲ့လေးတွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်လေးကို စွန့်ခွာဖို့ နောက်တဖန် ကြုံကြရပြန်ပါတယ်။ ယခင်စစ်ရှောင်စခန်းမှာ စုစည်းနေထိုင်ကြသူတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ဘယ်ကိုရောက်မှန်းမသိ နေရာပြန့်ကျဲပြီး စွန့်ခွာကြရတာပါ။

“ကျနော်တို့ ပစ္စည်းတွေ သယ်နိုင်တဲ့သူတွေက မရှိတဲ့သူတွေကို နည်းနည်းတော့ မျှစားပေးမှာပေါ့။ ကျနော်တို့ မျှစားပြီးရင် ကုန်သွားရင် ကျနော်တို့ စားစရာမရှိတော့ဘူး။ ကျနော်တို့ ဘယ်မှာသွားခိုရမလဲ၊ ဘယ်သူ ကျနော်တို့ကို ကူမလဲဆိုတာလည်း ကျနော်တို့ မသိဘူးလေနော။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကို ကူပေးဖို့ တောင်းဆိုချင်တယ်။”

ကျေးရွာအတွင်း ကူးစက်လာတဲ့စစ်မီးအပါအဝင် နေအိမ်တွေ မီးရှို့ခံထားရတဲ့ ဒေါညေးကျေးရွာထဲက အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးက အထက်ပါ စကားကို ပြောကြားလိုက်တာပါ။

ဒေါညေးခူကျေးရွာကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် စစ်ရှောင်နေကြရသူတွေ ဖြစ်ပါတယ်။ အာဏာသိမ်း နှစ်နှစ်တာကာလအတွင်း ကျေးရွာအတွင်းနဲ့ ကျေးရွာအနီးအနားတစ်ဝိုက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမယ့် ကြောက်ရွံ့မှုများစွာနဲ့ နေရပ်မှာ တောင့်ခံပြီး နေထိုင်လာခဲ့ကြတာပါ။ သို့ပေမယ့်လည်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအပြင်ဖက်ကို ရောက်ရှိလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မဖြစ်မနေ ရွေ့ပြောင်းတိမ်းရှောင်ခဲ့ကြရပါတယ်။

“ကျမတို့ မိသားစုတွေက ကလေးကော လူအိုတွေကော တအားများတဲ့အတွက် စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ဘာမှလည်း မယူလာခဲ့ရဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျမတို့ စားဖို့သောက်ဖို့လည်း တအားခက်ခဲပါတယ်။ ရေလည်း တောင်ပေါ်ရောက်တော့ ရှားပါးတယ်။ ကလေးလည်း ဝမ်းပျက်ဝမ်းလျောနဲ့ ကြုံနေရပါတယ်။ သန့်သန့်ရှင်းရှင်းမထားနိုင်လို့။ ရေမချိုးရတာလည်း လေးရက်ငါးရက်ရှိပြီဆိုတော့ အဆင်မပြေပါဘူး။” လို့ အသက် ၃၀ အရွယ် ကလေးမိခင်တစ်ဦးဟာလည်း သူမရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ လက်တွေ့အခြေအနေကို ပြောပြလာတာ ဖြစ်ပါတယ်။

စစ်မီးဟာ အခုလို လျင်မြန်စွာ ကူးစက်လာမှာကို ထင်မှတ်မထားတာကြောင့် ကြောက်လန့်မှုနဲ့ တိမ်းရှောင်နေရတဲ့အခါ ရရာပစ္စည်းတွေကိုသာ သယ်ဆောင်ခဲ့ကြတာပါ။ အသက်လွတ်ရုံသာ တိမ်းရှောင်နေကြရသူတွေအဖို့ စားနပ်ရိက္ခာကို လုံလုံလောက်လောက် သယ်ဆောင်သွားဖို့ဆိုတာ အတွေးထဲကို ဝင်မလာနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း စစ်ရှောင်ပြည်သူတွေဟာ ဖယ်ထားလို့မရတဲ့ စားနပ်ရိက္ခာကိုတော့ နေ့စဉ်နဲ့အမျှ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ နေရပ်မှာ နေထိုင်ကြတယ် ဆိုပေမယ့် အာဏာသိမ်းပြီးနောက် ကြပ်တည်းစွာ စိုက်ပျိုးလုပ်ကိုင်စားသောက်ရတာကြောင့် နေအိမ်မှာလည်း စားနပ်ရိက္ခာလုံလောက်စွာ ပိုင်ဆိုင်ထားသူတွေ မဟုတ်တာကြောင့်လည်း ပါဝင်ပါတယ်။

“လက်ရှိအခြေအနေမှာကတော့ တချို့သောသူတွေက စိုးရိမ်နေကြတယ်။ တချို့သောသူတွေက မရွေ့သေးပဲနဲ့ အခြေအနေ နားထောင်တဲ့သူတွေက နားထောင်တယ်ပေါ့နော။ ကျန်ခဲ့တဲ့သူတွေကလည်း စိတ်မကောင်းစွာနဲ့ နားထောင်နေကြတယ်။ ထွက်သွားတဲ့သူတွေလည်း မျက်ရည်မျက်ခွက်နဲ့ တချို့လည်း ထွက်သွားနေကြတယ်ပေါ့နော။ အဲ့လောက်ထိဖြစ်နေတဲ့ တချို့သောသူတွေ ရှိတယ်ပေါ့နော။ တချို့သောသူတွေဆိုလို့ရှိရင် နေမတတ်ထိုင်မတတ် အဲ့လိုမျိုးဖြစ်သွားကြတယ်။ တချို့ဆိုလို့ရှိရင် ထမင်းဟင်းတောင် မစားချင်ကြတော့ဘူးပေါ့နော။ ခနခန ရွေ့နေရတဲ့ သူတို့ရဲ့ဘဝကို သူတို့ပြန်တွေးနေကြရင်းနဲ့ မျက်ရည်တွေကျကြတယ်ပေါ့နော” လို့ သူကိုယ်တိုင် မကြာခန ရွေ့ပြောင်းနေရတဲ့ စစ်ရှောင်တစ်ဦးလည်း ဖြစ်သလို ဘဝတူစစ်ရှောင်တွေကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတဲ့ အသက် ၂၅ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောတာပါ။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကနေစတင်ပြီး ယနေ့(မတ်လ ၁၄) ရက်နေ့အထိ ကြောက်လန့်မှုတွေကြားက ရောင့်ယှက်ခတ်စွာ လွတ်ရာလမ်းကနေ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တစ်သောင်းခွဲကျော်သော စစ်ရှောင်ပြည်သူတွေဟာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်ဆိုပေမယ့် ဘယ်နေရာမှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာကိုတော့ မသိရှိနိုင်ကြသေးပဲ အကူအညီတွေ မြောက်များစွာ လိုအပ်နေကြဆဲ ဖြစ်ပါတယ်။

“အခုလိုမျိုး ဒီအတိုင်းဆက်သွားရင်တော့ မြန်မာနိုင်ငံရဲ့ လူဦးရေပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ် ကောင်းကျိုးကို ဖြစ်ပေါ်စေမှာမဟုတ်ဘူးဆိုတာ မက်ဆေ့ပေးလိုပါတယ်။ သံရေး၊တမန်ရေးကတော့ ဆက်သွားနေမှာက တစ်ပိုင်းပေါ့နော။ ဒါပေမယ့် စစ်ကောင်စီက ဒီလိုမျိုးလုပ်လို့ရတဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့်မို့လို့ Crime against Humanity တို့ နောက်ပြီးတော့မှ world crime တွေကို ကျူးလွန်တဲ့ အစိုးရကို ဒီလက်ရှိ စစ်ကောင်စီကိုပေါ့နော ပြင်းပြင်းထန်ထန် ဒီထက် စစ်ရေးအရ လုံးဝကို ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်လာပြီလို့ ကျနော်ကတော့ သုံးသပ်မိပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဆရာဗညားက အခုလက်ရှိ စစ်ရှောင်လူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုသွားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြောင့် ကရင်နီပြည်နယ်မှာတော့ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နှစ်သိန်းဝန်းကျင်သော လူဦးရေတွေဟာ စစ်ရှောင်ဘဝအဖြစ်သို့ ရောက်ရှိသွားရသလို ဒီကနေ့အထိ ပြင်းထန်နေဆဲ စစ်ပွဲတွေကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို လာရောက်ခိုလှုံခဲ့ကြတဲ့ တစ်သောင်းခွဲသော စစ်ရှောင်လူထုတွေဟာ ထပ်ဆင့်ရွေ့ပြောင်း တိမ်းရှောင်ခဲ့ကြရပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရဲ့ ဒေသခံ တစ်သောင်းဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

spot_img
spot_img