spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူငယ်တွေကို သင်ကြားပေးတဲ့ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပီတိအိမ် ဖွင့်ပွဲပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ရှောင်လူငယ်တွေကို သင်ကြားမှုတွေပေးနေတဲ့ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပီတိအိမ် ဖွင့်ပွဲကို ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ဒီကနေ့ ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ပညာသင်ကြားခွင့်အပြည့်အဝမရရှိတဲ့ ကရင်နီပြည်တွင်းက လူငယ်တွေကို အဆင့်မြင့်ပညာရေးဆက်လက်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ဖို့အပြင် လူထုအတွက် ပြန်လည်အကျိုးပြုနိုင်မည့် ပညာရပ်မျိုးရရှိဖို့ ရည်ရွယ်ထားတယ်လို့ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တဲ့ Foundation for Education and Development ( FED) အမှုဆောင် ဒါရိုက်တာ ထူးချစ်က ပြောပါတယ်။

“အဓိက ဒီမှာ ကျနော်တို့ ဖွင့်တာကတော့ ဆယ်တောရိုလူငယ် လေ့ကျင့်ရေးကျောင်း ပေါ့နော။ အခုလိုမျိုး ကျနော်တို့ ဒီ activityကတော့ အများကြီးရှိမယ်။ အခုလိုမျိုး Joy House ဆိုတာလည်းရှိမယ်ပေါ့။ ကလေးတွေ တက္ကသိုလ်ဝင်ခွင့်တွေရအောင် ပြင်ဆင်ပေးတာ နောက်တစ်ခုကတော့ ပိုအရေးကြီးတာက အသက်မွေးဝမ်းကြောင်းပေါ့နော။ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ ကွန်ပျူတာတွေလေ့လာပြီးလို့ရှိရင် တချို့ အဖွဲ့အစည်းတွေမှာလည်း ဝင်လုပ်လို့ရမယ်။ ကျန်တဲ့ ဒီ စစ်ဘေးရှောင်တွေကိုလည်း သူတို့ ကူညီလို့ရအောင် ကျနော်တို့ သင်ပေးတာ။ နောက် စိုက်ပျိုးရေး၊ မွေးမြူရေးတွေမှာ လည်းသင်ဖို့ရှိပါတယ်။” လို့ ဒါရိုက်တာ ထူးချစ်က ပြောပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက ကရင်နီပြည်တွင်းမှာ အခက်အခဲရှိတဲ့ ၇ တန်းကနေ ၁၀ တန်းအထိ ကျောင်းသား(၁၀၀)ကျော်ကို ဘော်ဒါဆောင်အနေနဲ့ ကျောင်းတက်ရောက်နိုင်ဖို့ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်ပွားချိန်မှာတော့ ဆက်လက် မဆောင်ရွက်နိုင်တော့ပဲ ၂၀၂၃ခုနှစ်မှာ ထိုင်း-ကရင်နီနယ်စပ်တစ်နေရာအတွင်း ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကျောင်းသား ၁၅ ယောက်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း တာဝန်ခံဖြစ်တဲ့ အဖြူလေး ကတော့ ပညာရေးလမ်းကြောင်းနဲ့ တတ်နိုင်သမျှ ကူညီလုပ်ဆောင်သွားဖို့ရှိတယ်လို့ ကျောင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

“ပညာရေးကို လုပ်တဲ့အတွက်ပေါ့။ အားလုံးအတူတကွ ဘယ်သူပဲ ဖြစ်နေဖြစ်နေ ပညာရေးကို သွားချင်တဲ့ target က တူတဲ့အတွက်ကြောင့် အားလုံး ပူးပေါင်း ပြီးတော့ ဒီပညာရေးကို တစိုက်မတ်မတ်နဲ့ ကျမတို့ လုပ်သွားကြမယ်ပေါ့။ ပညာရေးက နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးဆုံးပဲလေ။ အရေးကြီးတဲ့ ဒီပညာရေးကို အားလုံး အတူတကွ ပူးပေါင်းပြီးတော့ အရှေ့ကို မြန်မြန်ရောက်အောင် သွားကြရင်တော့ ကောင်းတာပေါ့။ တတ်နိုင်သလောက် လုပ်သွားဖို့တော့ရှိပါတယ်။” လို့ ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာမ အဖြူ‌လေးက ပြောပါတယ်။

လွိုင်ကော်မြို့ကနေ လာရောက်ပြီး ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဒုတိယအသုတ်အနေနဲ့ လာရောက်တက်ရောက်တဲ့‌ မော်ဖျားမြာရဲ့ ရည်မှန်းချက်ကတော့ ဘာသာပြန် (translator) လုပ်ပြီး လိုအပ်တဲ့နေရာတွေကို ကူညီပေးချင်တယ်လို့ ပြောပါတယ်။

“အင်္ဂလိပ်၊ ကရင်နီ၊ သင်္ချာပြီးတော့မှ communication, organizationနဲ့ ပတ်သက်တဲ့ဟာတွေ သင်ပေးမယ်လို့ ပြောထားတယ်ပေါ့။ ကိုယ်ကလည်း ဘာသာစကား စိတ်ဝင်စားလို့ လိုက်Joinတာပေါ့။ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။” လို့ သူက ပြောပါတယ်။

စစ်ဘေးဒဏ်တွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ လူထုတွေကို ကုစားမှုပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ဖြေလျော့နည်းတွေ သင်ကြားပေးနေတဲ့ ပီတိအိမ် နဲ့လည်း ယခုနှစ်မှာ ပူးတွဲဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts