spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
“ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့ အခြေနေကြောင့် တခုခုကြောင့်ဖြစ်တဲ့ ပြသာနာတွေ အဲ့လိုမျိုးသိရအောင် ပြီးတော့ ကြိုပြီးသိရအောင်ပေါ့ အဲ့ဒါတွေလည်းပါတယ်။ ပြီးမှ ကိုယ့်ရဲ့စားဝတ်နေရေးပေါ့ အဲ့လိုမျိုးလည်း ပါတယ်။ ပြီးတော့ ဟိုးရှေ;ခေတ်က လုပ်လာတဲ့တစ်ခုဆိုတော့ မပျောက်ပျက်အောင်ပေါ့ ကိုယ့်ရဲ့ဓလေ့ပေါ့ အဲ့လိုမျိုး မပျောက်ပျက်အောင်လုပ်ထားပါတယ်။ နောက်ပြီးတော့ ဟိုသူက သူ့ရဲ့ ကြက်ရိုးထိုးတယ်ဆိုတာရှိတယ်ပေါ့။ အဲ့လိုမျိုး သူရဲ့ကြက်ရိုးထိုးတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်က ဘယ်လိုမျိုး ကိုယ့်ရဲ့စပါးတွေလယ်တွေယာတွေလုပ်ကြတယ်ဆိုတော့ အခြေနေက အပင်တွေသန်လာ ကောင်းလာ မကောင်းလာ အဲ့လိုမျိုးရှိတာပေါ့။”

ယခုနှစ် ကေးထျိုးဘိုးပွဲတော်ကို ကြက်ရိုးထိုးခြင်း၊ တံခွန်တိုင် တိုင်တော်ခုတ်ယူခြင်း၊ တိုင်ထောင်ထူခြင်းနဲ့ တိုင်ဘေးပတ်လည်တွင် ရိုးရာအကဖြင့် ကပြပူဇော်ခြင်း တွေကိုသာ အကျဥ်းချုပ်ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ရိုးရာမပျက် အစဥ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ကျေးရွာဒေသခံနဲ့ စစ်ရှောင် ၁၀၀၀ ဝန်းကျင်က စုပေါင်းပြီး ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“စစ်ရှောင်လည်း လုပ်လာတယ်။ ဘာဖြစ်လည်းဆို စစ်ရှောင်လည်း သူ့ရဲ့ဘာသာတူလည်း ရှိတယ်။ ပြီးတော့ ဘာသာမတူတာလည်း ရှိတယ်။ ဒါပေမယ့် သူများရွာမှာလာနေတယ် လာခိုတယ်ဆို ဧည့်သည်တွေလည်း လာတယ်လေ။ အဲ့ဒါကြောင့်မလို့ ကိုယ့်ရဲ့ ဧည့်သည်တွေလည်းလာတော့ အသိမိတ်ဆွေတွေလည်းလာတယ်။ ဒါပေမယ့် ဘာသာမတူလည်း ကျမတို့လုပ်မယ်ဆိုတာမျိုးလည်း စစ်ရှောင်တွေလည်း အကုန်လုံးလည်း တစ်ဝက်တော့ ပါဝင်လာတာပေါ့။ “ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ဆက်ပြောပါတယ်။

ကေးထျိုးဘိုး (တံခွန်တိုင်) ပွဲဟာ ကြက်ရိုးထိုးရပြီး ကြက်ရိုးဗေဒင်ကိုကြည့်ရတာဖြစ်ပါတယ်။ ကြက်ရိုးရဲ့အဖြေအရ ကျေးရွာရဲ့ အနာဂတ်ကိုခန့်မှန်းရတာကြောင့် ဒီနှစ်မှာလဲ ကြက်ရိုး၏ ဗေဒင်ဟာ ကောင်းမွန်နေတယ်လို့ ရပ်မိရပ်ဖလူကြီးတစ်ဦးဖြစ်တဲ့ ဦးဖန့်က ပြောပါတယ်။

“ကျနော်တို့ “ဂုံးလတော် ဆော်လထန်”ဆိုတာ လအပိတ် နှစ်အပိတ်မှာ တံခွန်တိုင်ခုတ်နေကျ ရိုးရာတံခွန်တိုင်ပွဲမှာ ကြက်ရိုးအဟောကကောင်းတယ်။ ကြက်ရိုးအဟောဘယ်လိုကောင်းလည်းဆိုတော့ ငှာ့ဆိုတာ ဒီရှေ့ရန်သူဟူသမျှ ရန်ဟူသမျှ ကောက်ကျစ်စဉ်းလှည်းတဲ့အတွက်ကြောင့် အရှုံးပေါ်နေပြီးတော့မှ ကျနော်တို့အိမ်ရှင်က ဒီကျူးကျော်ရန်သူဟာသမျှ တွန်းလှန်နိုင်တယ်ဆိုတတဲ့ ကြက်ရိုးအဟောထွက်နေတဲ့အတွက်ကြောင့် ကျနော်ကိုယ်တိုင်က ပြောပြရခြင်း ရှင်းပြရခြင်းဖြစ်တယ်။ ပြီးတော့ အများပြည်သူကိုလည်း ကျနော်တို့ရိုးရာကိုးကွယ်နေတဲ့ ကရင်နီလူမျိုးကိုလည်း အားလုံးသိစေအပ်ပါတယ်။”

ဘိုးဘွားဘီဘေ လက်ထက်ကတည်းက ယုံကြည်တဲ့ ဓလေ့ရိုးရာပွဲ ဖြစ်တဲ့ ကေးထျိုးဘိုး(တံခွန်တိုင်) ပွဲတော်ကို မတ်လနဲ့ ဧပြီလ အတွင်းမှာ ကျေးရွာအလိုက်သော် လည်းကောင်း၊ စုပေါင်းပွဲတော်သော်လည်းကောင်း နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပါတယ်။

သို့ပေမယ့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ရိုးရာပွဲတော်ကို စည်ကားသိုက်မြိုက်တဲ့ ပွဲတော်ကြီးအဖြစ် မကျင်းပနိုင်ခဲ့တာ ၄ နှစ် ရှိသွားပြီဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ ကေးထျိုးဘိုး ပွဲတော်မှာဆိုရင် လာရောက်ကြတဲ့ ဧည့်သည်တွေ မိတ်ဆွေတွေ ဆွေမျိုးတွေကို ရိုးရာခေါင်ရည်နဲ့ အစားသောက်တွေနဲ့ ဧည့်ခံကျွေးမွေးလေ့ရှိကြပါတယ်။

spot_img
spot_img