spot_img
Monday, March 27, 2023
spot_img

စစ်ရှောင်လူထု ငါးထောင်ကျော် ဒီးမော့ဆိုအရှေ့ခြမ်းမှာ ပိတ်မိနေသေး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်အနက် ငါးထောင်ကျော်ဟာ ပိတ်မိနေတဲ့ ပုံစံမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီစောင့်ရှောက်ပေးနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“လက်ရှိအခြေအခြေအနေက ပိတ်မိတာထက်စာရင် ပိတ်မိနေတဲ့ပုံစံမျိုးပေါ့နော အဲ့လိုဖြစ်နေတယ်။ လမ်းတွေမှာ တိုက်ပွဲဖြစ်တော့ သွားလို့လာလို့ မရတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော။ ဒီနေ့တော့ နည်းနည်းလေး ပြန်သွားလို့ရတယ် ဆိုတဲ့ပုံစံမျိုးတော့ ဖြစ်တယ်ပေါ့နော။ တစ်နေ့နဲ့တစ်နေ့ မတူဘူးပေါ့နော။ မနေ့က ပိတ်မိတယ်။ ဒီနေ့တော့ ပြန်သွားလို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ ပြောလို့ရတယ်။” လို့ ဆရာဗညားက ပြောပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းဝန်းကျင်အထိ ရှိနေပြီး တစ်သောင်းကျော်က တခြားနေရာတွေကို ထပ်မံတိမ်းရှောင်သွားကြပေမယ့် ငါးထောင်ကျော်ခန့်က ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ထပ်မံတိမ်းရှောင်သွားသူတွေအနေနဲ့လည်း နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရုတ်တရက် တိမ်းရှောင်ကြရအတွက် ပစ္စည်းတွေမသယ်ယူနိုင်ခဲ့ဘူးလို့ ဒေါတမကြီးကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့မှာ ဘာမှမရှိတော့ဘူး။ ဘာမှလည်း ပြောစရာမရှိတော့ဘူး။ ကျမတို့ ငိုရင်လည်း မထူးတော့ဘူးလေ။ ကျမတို့ ဘာမှမယူရဘူးလေ။ စပါးဂျီထဲမှာလည်း ရှိတယ်။ မြေကြီးထဲမှာလည်း ထည့်ထားတယ်။ ကျမတို့ ဘာကိုယူရမလဲ မသိတော့ ဘာမှ မယူလာမီဘူးလေ။ ကျမတို့ ဘာသွားစားရမလဲ။ ကျမတို့မှာ ပိုက်ဆံလည်း မရှိဘူး။ တချို့က ကားရှိတော့ နည်းနည်းသယ်လို့ ရသေးတယ်။ ကျမတို့မှာက ဘာမှမရှိတော့ မသယ်ရဘူး။ ကျမတို့ ဆက်သွားရင် ဘာစားရမလဲ။ သူများကျွေးရင်တော်သေးတယ်။ မကျွေးရင် ဘာသွားစားရမလဲ။” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

ကျန်ရှိသေးတဲ့ စစ်ရှောင်တွေအနေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို ဝိုင်းဝန်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ အလယ်မှာ ရှိနေတာဖြစ်လို့ ပိတ်မိနေတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် ဒေါကလော်ဒူအုပ်စုကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ ဘောလခဲမြို့နယ်ကနေ ထိုးစစ်ဆင်ပြီး ဒေါတမကြီးကျေးရွာအုပ်စုအတွင်းကို ရောက်ရှိနေတဲ့ စစ်ကြောင်းတွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီကနေ့ (မတ်လ ၁၃ ) ရက်နေ့ နံနက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အစည်းတချို့နဲ့ ရိန်းဂျားအဖွဲ့တို့ရဲ့ အကူအညီကြောင့် တိမ်းရှောင်လာနိုင်သူတချို့တော့ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်ဖို့ ကား၊ ဆိုင်ကယ်မလုံလောက်တာကြောင့် ကျေးရွာအတွင်းက သက်ကြီးရွယ်အိုတချို့ကိုလည်း အကုန်မခေါ်ဆောင်လာနိုင်ခဲ့ဘူးလို့ ဒေါညေးခူကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“စစ်သားက ကျနော်တို့ရွာထဲကို ရောက်နေပြီလေ ကျနော်တို့ ပြေးတော့ ကျနော်တို့ အများကြီးစိုးရိမ်ပူပန်တယ်။ တအားခက်ခဲတယ်။ ပစ္စည်းတွေလည်း ကျနော်တို့ မသယ်နိုင်ဘူး။ ကျန်ခဲ့ကုန်တယ်။ ကျနော်တို့ တချို့ စားစရာမရှိဘူး။ သက်ကြီးရွယ်အိုတွေကိုလည်း ကျနော်တို့ အကုန်မထမ်းနိုင်ဘူး။ ရွာထဲမှာ တချို့ကျန်ခဲ့ကုန်တယ်။ ကျနော်တို့ အကုန်မထမ်းသွားနိုင်တော့ဘူး။ ”လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ဆင်ရေး ကြာမြင့်လာရင်တော့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေပို့ဆောင်တဲ့ လမ်းကြောင်းတွေ ပြတ်တောက်သွားနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ ဒါရိုက်တာ ဆရာဗညားက သုံးသပ်ပြောဆိုထားပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှ ထပ်ဆင့်ရွေ့ပြောင်းတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေကို အကူအညီပေးချင်ရင်တော့ နီးစပ်ရာ စစ်ရှောင်စခန်းကော်မတီတွေအပြင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ ၊ နွေဦးဂုရုလေးများ စတဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်ကူညီနိုင်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...