spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူဦးရေများလာပြီး အလှူရှင်မရောက်ရှိတာကြောင့် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အတွင်းကို ရောက်ရှိတဲ့ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာပြီး လက်ရှိမှာ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“လူဦးရေပိုတိုးတယ်ဆိုတော့ နေရာထိုင်ခင်း ခက်ခဲတယ်။ ပြီးတော့ စားနပ်ရိက္ခာ အခက်ခဲတွေ အဓိက ပိုကြုံတယ်ပေါ့နော် အလှူရှင်တွေကတော့ သိပ်မရောက်ကြဘူး” လို့ ပင်လောင်းမြို့နယ်က စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ဆင်နွဲနေတဲ့ တစ်လေးလုံးစစ်ဆင်ရေးကြောင့် တိမ်းရှောင်လာသူ နဲ့ လတ်တလော ဖယ်ခုံမြို့ပေါ်တိုက်ပွဲတွေကြောင့် ညောင်ရွှေ၊ ပင်လောင်း၊ ဆီဆိုင်မြို့ကိုရောက်ရှိနေကြတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်ကြပြီး လတ်တလောမှာ စစ်ရှောင်လူဦးရေ ပိုများလာတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ဘာသာရေးအဆောက်အအုံတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ အများစု ခိုလှုံနေထိုင်ကြပြီး နေရာထိုင်ခင်းအတွက် မိုးကာ၊ ဝါး၊ ဝါးကပ် လိုအပ်နေတယ်လို့ သိရပါတယ်။

“အရင်က တစ်ရက်ကို ဆန် ၅အိတ်လောက်ကျွေးရာကနေ ခုဆို ၄အိတ်ပဲ ကျွေးနိုင်တော့တယ်။ ဒေသခံ တွေလည်း တတ်နိုင်သလောက်ကူညီပေးကြပေမဲ့ ခုက ဖယ်ခုံအဖွဲ့တွေပါတိုးလာတော့ စားနပ်ရိက္ခာပိုင်းက ပိုခက်နေပြီ “လို့ ညောင်ရွှေမြို့နယ်မှ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကူညီသူတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးတားဆီးမှုကြောင့် ဆန်အပါအဝင် ရိက္ခာခြောက်၊ အသုံးအဆောင်ပစ္စည်း၊ အနွေးထည် ပို့ဆောင်ကူညီဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ရာသီဥတုအအေးဒဏ်ကြောင့်လည်း သက်ကြီးရွယ်အိုစစ်ရှောင်တွေ ဖျားနာမှုရှိပြီး လေဖြန်းသွားသူ ၃ဦးထိရှိကာ တစ်ဦးသေဆုံးသွားတယ်လို့ ပင်လောင်းမြို့က ကရင်နီစစ်ရှောင်တွေဆီကနေ သိရပါတယ်။

“အဖွားတစ်ယောက် လေဖြန်းသွားတယ်။ အရမ်းအေးတာ ဒီမှာက လွိုင်ကော်နဲ့မတူဘူး။ ပြေးလာတုန်းကလည်း ဘာမှ မပါလာခဲ့တော့ ရာသီဥတုဒါဏ်ကို အတော်လေးခံရတယ် “လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေဟာ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စတဲ့မြို့နယ်အသီးသီးမှာ အများစုစစ်ရှောင်ကြပြီး လူဦးရေ ၅သောင်းဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts