spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့ ရိုးရာယက်ကန်းသင်တန်းပြုလုပ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိူမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့အတွက် ရိုးရာယက်ကန်းသင်တန်းကို Women For Women Foundation (WWF) က စက်တင်ဘာလအစောပိုင်းက ပြုလုပ်ပေးခဲ့ပါတယ်။

“အမျိုးသမီးတွေပေါ့နော စစ်ရှောင်ရင်းနဲ့ဝင်ငွေရအောင် သူတို့ရဲ့ တခြား မရှိသေးတဲ့အရည်အချင်းတွေ မတတ်သေးတဲ့ဟာ တတ်သွားအောင် အဲ့လိုမျိုးစဉ်းစားတယ်။ သူတို့ရဲ့မိသားစုဝင်ငွေ မီးဖိုချောင်သုံးဖို့အတွက် ဝင်ငွေရအောင်ပေါ့ စဉ်းစားပြီးတော့ အဲ့ဒီသင်တန်းကို ဖွင့်ဖြစ်တယ် ဒီယက်ကန်းပေါ့နော။ တစ်ချက်က ဘာလဲဆိုရင် ဒီနောက်ပိုင်းက ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့မှ သက်ကြီးပိုင်းကလွဲပြီး ဒီလုပ်ငန်းကို သိပ်စိတ်မဝင်စားတော့တာရှိတယ် မလုပ်တတ်တော့တာရှိတယ်။ ဒီရိုးရာယဉ်ကျေးမှုကို ဆက်ပြီးထိန်းနိုင်အောင် လက်ဆင့်ကမ်းဖြစ်သွားအောင်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်တာပေါ့။”လို့ WWF တာဝန်ရှိသူဖြစ်တဲ့ ရိုစီကျော်က ပြောပါတယ်။

စက်တင်ဘာလအစောပိုင်းကစပြီး စစ်ရှောင်အမျိုးသမီး သင်တန်းသူ (၁၀)ဦးကို ဆရာတစ်ဦးကနေ ၁၉ရက်ကြာ ပို့ချသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်တန်းသူတွေ ယက်လုပ်ထားတဲ့ ရိုးရာယက်ကန်းအထည်တွေကို ယက်လုပ်တဲ့အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ပြီး WWF ကနေ ပြန်လည်ရောင်းချသွားဖို့ရှိမယ်လို့ ဆိုပါတယ်။

ရိုးရာစောင်၊ လွယ်အိတ်၊ တဘက်၊ တမီ၊ လုံချည်၊ အင်္ကျီ၊ စာလုံးထိုး စတာတွေကို ယက်လုပ်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ ရိုးရာယက်ကန်းယက်သင်တန်းကို အသက် ၃၀ နဲ့ ၄၀ ကြားက စစ်ရှောင်အမျိုးသမီး (၁၀)ဦး တက်ရောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းတစ်နေရာမှာသာ သင်တန်းပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ထပ်မံဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေက တောင်းဆိုကြတာရှိနေပါတယ်။ ယက်လုပ်တဲ့အခါ လိုအပ်တဲ့ကုန်ကြမ်း စုံစုံလင်လင်ကို ရရှိဖို့ခက်ခဲတာကြောင့် လူဦးရေ အကန့်အသတ်ဖြင့်သာ ခေါ်ယူသင်ကြားရတယ်လို့ ဆိုပါတယ်။

“အထောက်အကူအများကြီးဖြစ်တယ်ပေါ့နော။ သူတို့ပြန်ရောင်းလို့လည်းရတယ်ပေါ့ ပြန်ရောင်းရင်လည်း ဝင်ငွေရမယ်။ အလုပ်အကိုင်လည်းရတယ်ပေါ့။”လို့ WWF တာဝန်ရှိသူဖြစ်တဲ့ ရိုစီကျော်က ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတွေအတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိအောင် ဒေသထုတ်ကုန်ဖြစ်တဲ့ မြေအိုးပြုလုပ်နည်း၊ ဆပ်ပြာဖျော်သင်တန်း၊ အိမ်တွင်းမှုလုပ်ငန်း နဲ့ လက်ဖက်ခြောက်၊ ဝက် နဲ့ ကြက် မွေးမြူရေး၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသင်တန်း စတာတွေကို ပြုလုပ်ပေးလျက်ရှိနေပြီး လိုအပ်တဲ့ အထောက်အပံ့ကို WWF ကနေ ကူညီထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိနေပြီး ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်ရောက်ရှိမှုနည်းပါးလာတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရတဲ့အတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေလေးရရှိအောင် ဒေသထုတ်ကုန်တွေကို ပြုလုပ်ပြီး ရောင်းချနေရတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts