spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်သုံ့ပန်းတွေကို မူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး တရားစီရင်ရေးဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေဖြစ်တဲ့ စစ်သုံ့ပန်းတွေကို မူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး တရားစီရင်ရေးဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု – စစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပြည်သူထံ လက်နက်ချမဲ့သူတွေ ပြည်သူ့ထံ ပူးပေါင်းမဲ့သူတွေဆိုရင်တော့ ဒါ ကျနော်တို့ဖက်က နည်းမှန်လမ်းမှန်၊ လူပီသစွာ ကျနော်တို့ စီစဥ်ဆောင်ရွက်ပေးမဲ့ဟာတွေရှိတယ်။ နောက် ဘက်‌ပြောင်းရေး အစီအမံတွေလည်း ကျနော်တို့ သေချာရေးဆွဲပြီးတော့မှ လုပ်ထားတဲ့အတွက်ကြောင့် အမြန်ဆုံးပြည်သူထံ အမြန်ဆုံးပူးပေါင်းဆောင်ရွက်ကြပါလို့လည်း ပြောချင်တယ်ပေါ့လေနော်။ သူတို့ မိသားစုတွေကတော့ စိတ်မပူနဲ့ ဒီလူတွေသည် တစ်ချိန်မှာ မိသားစုထံ ပြန်လာကြတဲ့သူတွေ ဖြစ်လိမ့်မယ်” လို့ ဒု စစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေနဲ့ လက်နက်ချ အညံ့ခံတဲ့ စစ်သုံ့ပန်းတွေဟာ အသက်ရှင်ပိုင်ခွင့်ရှိသူတွေဖြစ်ပြီး တစ်ချိန်မှာ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

၁ လေးလုံးစစ်ဆင်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၈၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ ပြည်ထဲရေးဌာနလက်အောက်က အကျဉ်းထောင်တွေမှာ ထားရှိပြီး စားဝတ်နေရေးအတွက် စီမံဆောင်ရွက်ပေးနေတာရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေထဲက တရားစီရင်မှုမှာ အမိန့်ကျခံပြီးသူရှိသလို တချို့မှာ တရားရင်ဆိုင်နေဆဲဖြစ်တယ်လို့လည်း ဒု – စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။

“စီစဥ်ထားမှုတွေ ကျနော်သိရသလောက်ကတော့ ကျနော်တို့ ဖမ်းဆီးခံရတဲ့ အကျဥ်းသားတွေအနေနဲ့က သူတို့ တရားစီရင်မှု ခံပြီးတဲ့သူလည်းရှိတယ်။ တချို့ အမိန့်မကျသေးဘူးပေ့ါ။ ဒီတရားရင်ဆိုင်ဆဲ အခြေအနေတွေလည်း ရှိတယ်ပေါ့နော်။ သို့သော်လည်း ဖမ်းမိတဲ့ အကျဉ်းသားအားလုံးကတော့ ကျနော်တို့ ဒီသက်ဆိုင်ရာ အကျဥ်းထောင်၊ အချုပ်ထောင်တွေမှာရှိပြီးမှ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်” လို့ ဒု – စစ်ဦးစစ်ချုပ် မာဝီက ဆက်ပြောပါတယ်။

ဒု – စစ်ဦးစီးချုပ် မာဝီ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ တွေ့ဆုံတဲ့ ဗီဒီယိုဖိုင်ထဲမှာ လူသားချင်းစာနာထောက်ထားမှုအညီ စစ်သုံ့ပန်းတွေကို ဆက်ဆံပြောဆိုတာ၊ ဆေးဝါးကုသမှုဆောင်ရွက်ပေးတာတွေ ပြောဆိုထားတာရှိပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအနေနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့လည်း သူက တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေအတွက် ဘက်ပြောင်းရေးအစီအမံကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်နီပြည် တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။ ဘက်ပြောင်းခိုလှုံလာသူတွေကို မူလရာထူးအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ တာဝန်ပြန်လည်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ KNDF ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts