spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကရင်နီလူငယ်တွေရဲ့စိတ်ဓာတ်ရှင်သန်မှုဟာ အမြင့်ဆုံးအနေအထားရှိနေဆဲလို့ KNPP ဥက္ကဌ ပြော

ကန္တာရဝတီတိုင်း(မ်)

လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ ကရင်နီလူငယ်တွေရဲ့ တက်ကြွနိုးကြားမှုနဲ့ စိတ်ဓာတ်ရှင်သန်မှုဟာ အမြင့်ဆုံးအနေအထားမှာရှိနေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ခူဦးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့လူငယ်တွေရဲ့တက်ကြွနိုးကြားမှုနဲ့ စိတ်ဓာတ်ရှင်သန်မှုဟာ ကျနော်မမှားဘူးဆိုရင် ကျနော်သုံးသပ်တာကတော့ အမြင့်ဆုံးအနေအထားမှာရှိနေဆဲပါပဲ။ ကျနော်တို့လူငယ်တွေအနေနဲ့ ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ အချင်းချင်းအကြားမှာ အပြန်အလှန်နားလည်မှုရှိခြင်း၊ ခွင့်လွှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အမျိုးသားအတွက် သံဓိဌာန်ချခြင်းဟာ ကနေ့အထိ တစ်ပြားမှ မလျော့ကျသေးဘူးလို့ ကျနော်ကတော့ တစ်ထစ်ချယုံကြည်တယ်။” လို့ ဥက္ကဌ ခူဦးရယ်က ပြောပါတယ်။

ကရင်နီပြည်အပြင် တခြားသောတိုင်းနဲ့ဒေသတွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ကျရာအခန်းကဏ္ဍကနေ ပံ့ပိုးတိုက်ပွဲဝင်နေကြသူအားလုံးကို ရိုသေ၊ လေးစား၊ အသိအမှတ်ပြုကြောင်း ဥက္ကဌက ဆိုပါတယ်။

“ပံ့ပိုးကူညီကြတဲ့ သူတိုင်းသူတိုင်းကိုလည်း ကျနော်အထူးကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဒီအောင်ပွဲမဆုံးသ၍ မပြီးမြောက်သေးသ၍ကတော့ လိုအပ်မှုကတော့ ဘက်စုံမှာပဲရှိနေအုံးမှာပါ။ ဆက်လက်တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲဝင် တိုင်းသူပြည်သားအားလုံးကိုလည်း စိတ်အားမလျော့ဘဲနဲ့ ဇွဲရှိရှိနဲ့ ကျနော်တို့ကောင်းအတူဆိုးဖက် ဆက်လက်ပြီး အောင်ပွဲကိုအဆုံးတိုင်တိုက်ပွဲဝင်သွားကြဖို့လည်း ကျနော်အားပေးပါတယ်။ လိုအပ်မှုအရပ်ရပ်ပို ဘက်စုံကနေ ပြီး ဆက်လက်ပံ့ပိုးကူညီဖို့ကိုလည်း ဆက်လက်ပံ့ပိုးနေဆဲ ဆက်လက်ပံ့ပိုးအုံးမယ့် ကျနော်တို့ မည်သူ့၊မည်သူ့ကိုမဆို လိုအပ်မှုကို ဆက်လက်ပံ့ပိုးကူညီဖို့ လည်းကျနော်မေတ္တာရပ်ခံပါတယ်။”လို့ ဥက္ကဌ ခူဦးရယ်ကဆက်ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော်အာဏာသိမ်းပြီးနောက် လက်မခံနိုင်တဲ့ ပြည်သူလူထုက လမ်းပေါ်ထွက်ဆန္ဒပြမှု၊ လက်နက်ကိုင်ခုခံတော်လှန်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာပါ။ ကရင်နီပြည်နယ်မှာ ၂၀၂၁ခုနှစ် မေလအတွင်းမှာ ခုခံတော်လှန်ရေးစတင်ခဲ့ပြီး ကနေ့အချိန်ထိ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန် နေပါတယ်။

စစ်ကောင်စီကို တစ်နှစ်နီးပါးကြာ တော်လှန်တိုက်ခိုက်နေပြီး ဆက်လက်ပြီးတော်လှန်သွားမှာဖြစ်သလို သွေးအေးသွားမှာမဟုတ်ဘူးလို့ ရှေ့တန်းရောက် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲတွေလည်းအများကြီးကြုံခဲ့တယ်ပေါ့နော။ ပြီးရင် ကျနော်တို့သူငယ်ချင်းတွေ၊ ကျနော်တို့ရဲဘော်ရဲဖက်တွေလည်း တိုက်ပွဲမှာဒဏ်ရာရတာတွေ ပြီးတော့မှ ကျသွားတာတွေလည်းရှိတယ်ပေါ့နော။ ဒီစစ်တပ်ကနေပြီး ပြည်သူတွေရဲ့အိမ်တွေကို ကျနော်တို့တွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြည်သူတွေကိုသတ်ဖြတ်တာတွေဆိုရင်လည်း သူတို့က လုပ်နေတယ်ပေါ့။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော အချိန်ဘယ်လောက်ပဲကြာကြာ ကျနော်တို့ဒီ စစ်ကောင်စီ စစ်အာဏာရှင်မပြုတ်မချင်း ကျနော်တို့တော်လှန်သွားမှာပဲပေါ့နော။ ဘယ်တော့မှလည်း သွေးအေးသွားမှာမဟုတ်ဘူးပေါ့ ပြီးတော့မှ စိတ်ဓာတ်လည်းကျသွားမှာမဟုတ်ဘူးပေါ့နော။” လို့ အဆိုပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကျဆုံးမှုရှိသလို စစ်ကောင်စီတပ်ဖက်ကလည်း အကျအဆုံးများနေပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှု၊ လက်နက်ကြီးအလွန်အကျွံအသုံးပြုမှုကို လုပ်ဆောင်လျက်ရှိနေပြီး အရပ်သားနေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးတာ ပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်က လူဦးရေ နှစ်သိန်း နီးပါးခန့်ဟာ စစ်ဘေးရှောင်ဖြစ်ခဲ့ရပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်လျက်ရှိနေပါတယ်။

spot_img
spot_img