spot_img
Monday, March 27, 2023
spot_img

“စစ်အာဏာသိမ်းကာလမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုက ပိုများလာပါတယ်။”

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီး ၂နှစ်အတွင်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေ တွေနဲ့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး KyWO ဗဟိုကော်မတီဝင်တစ်ဦးနှင့် ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ကယန်းအမျိုးသမီးအစည်းအရုံးအနေနဲ့ အာဏာသိမ်းကာလ ၂ နှစ်အတွင်းမှာ ဘာတွေလုပ်ဆောင်ခဲ့လဲ။

ဖြေ။ ။ ကျမတို့ ကယန်းအမျိုးသမီး အစည်းအရုံးက စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာဆိုရင် ကျမတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီကို ဦးဆောင်ပါဝင်ခဲ့တယ်။ ပြီးတော့မှ စစ်အာဏာရှင် ဆန့်ကျင်ရေးကို နည်းမျိုးစုံနဲ့ တော်လှန် တိုက်ပွဲဝင်ခဲ့ကြပါတယ်ပေါ့နော။ ပြီးတော့မှ တစ်ချိန်တည်းမှာပဲ ဒီသပိတ်ကော်မတီ ဒီဆန့်ကျင်ရေးသပိတ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာပဲ ကျမတို့ သပိတ်အတွင်းမှာပါဝင်ခဲ့တယ်။ ပြီးတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ဒီ CDM မှာပါဝင်ခဲ့တဲ့လူတွေကို ကျမတို့ ကယန်းအမျိုးသမီး အစည်းအရုံးအနေနဲ့ ထောက်ပံ့မှုတွေပေးခဲ့တယ်။ ထောက်ပံ့ကူညီမှုအချို့တွေပေးခဲ့တယ်။ နောက်ပြီးတော့ ဒီလှုပ်ရှားတက်ကြွတဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွတဲ့ လူတွေကိုလည်း ပံ့ပိုးမှုတွေပြုလုပ်ခဲ့ပါတယ်။ နောက်ပြီးတော့မှ စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာကူညီပံ့ပိုးပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ကျမတို့လုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ စစ်ရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ ဘယ်လိုရှိနေလဲ ဘာတွေတွေ့ရှိရလဲ။

ဖြေ။ ။ အခုလက်ရှိအခြေအနေ အရပေါ့နော။ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ အခြေအနေတွေက အဓိက ဝင်ငွေ ပြီးတော့ အလုပ်အကိုင်ပေါ့နော။ အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိဘူး ဝင်ငွေလည်း မရှိတဲ့အခါကျတော့ စားဝတ်နေရေး အရမ်းကြပ်တည်းတော့ လက်ရှိ အခြေအနေမှာ အမျိုးသမီးအများစုက အိမ်တွင်းအကြမ်းဖက်မှုကို နည်းမျိုးစုံနဲ့ ခါးစည်းခံနေရပါတယ်။ အထူးသဖြင့် ကုန်စျေးနှုန်းကြီးမြင့်တဲ့အပေါ် မှာ ကလေးတွေရဲ့ ပညာရေး အတွက်သော်လည်းကောင်းပေါ့နော။ ပညာရေးမှာလည်း မထောက်ပံ့ပေးနိုင်တဲ့အခါ ကလေးတွေ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ရတယ်။ တချို့တွေခါကျတော့ အမျိုးသမီးတွေက အများအားဖြင့် စစ်ရှောင်စခန်းမှာနေရတော့ အမိုး အကာနဲ့ပဲ နေရတဲ့အခါကျတော့ လုံခြုံမှုလည်း မရှိဘူးပေါ့နော။ အဲ့လိုအခြေအနေတွေရှိနေပါတယ်။

မေး။ ။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေး အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျမတို့ရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကာလမှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုဆိုရင် လုံခြုံမှုကို ပြောရမယ်ဆိုရင် ဘယ်နေရာမှ မလုံခြုံပါဘူးပေါ့နော။ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်ပေါ့နော။ ဘာကြောင့်လဲဆိုရင် ကျမတို့ရဲ့ နိုင်ငံရေး ပဋိပက္ခကြားမှာ အကြမ်းဖက်မှုတွေအများဆုံးခံနေရတာကလည်း အမျိုးသမီးတွေဖြစ်ပါတယ်ပေါ့နော။ လက်ရှိ အခြေအနေအထိ ကျမတို့ အမျိုးသမီးတွေရဲ့ ဘဝက ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် လုံခြုံမှု မရှိဘူးဆိုတဲ့ဟာကို ကျမတို့ မြင်တွေ့နေရပါတယ်။ အမျိုးသမီးနဲ့ လုံခြုံရေးလို့ပြောမယ်ဆိုရင် ကျမတို့ကရင်နီပြည် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်လာတဲ့အပေါ်မှာဆိုရင် စစ်ရှောင်စခန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အပေါ်မှာ အမျိုးသမီးနဲ့ကလေးသူငယ် အများအားဖြင့် သေကြေခဲ့ကြရတယ်ပေါ့။ ရင်နာစွာနဲ့ ကြားသိနေရတယ်ပေါ့လေ။ နောက်တစ်ချိန်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ လေကြောင်း ကနေပြီးတော့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ ပိုပြီးတော့လုပ်လာတယ်။ ကျမတို့ ကရင်နီပြည်မှာ အထူးသဖြင့် စစ်ရှောင်စခန်းမှာ လေယာဉ်သော်လည်းကောင်း လက်နက်ကြီးသော်လည်းကောင်း အများအားဖြင့် အဲ့လိုမျိုး ပစ်ခတ်လာတဲ့အတွက်ကြောင့်မလို့ အများအားဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေက ဒီလက်နက်ကြီးကြောင့်သေဆုံးရတဲ့ဟာတွေ အများကြီးနဲ့ ရှိလာနေတာကို တွေ့နေရပါတယ်ပေါ့နော။

မေး။ ။ အာဏာသိမ်းပြီးကာလမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိစစ်အာဏာသိမ်းကာလမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုက ပိုများလာပါတယ်။ ဘာကြောင့်လို့ အဲလိုပြောလို့ရလဲဆိုရင် ကျမတို့ဒီ အမျိုးသမီးတွေ အများစုက အလုပ်အကိုင်ရှားပါးလာတာတွေနဲ့ ဝင်ငွေမရှိတဲ့ပြဿနာတွေ နောက်တခုက ဘာလဲဆိုရင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့်ပေါ့နော်။ အမျိုးသမီးတွေ ဘဝရိုက်ခတ်မှုတွေ ရှိလာတယ်။ ပြီးတော့မှ အမျိုးသမီးတွေ အပေါ်မှာ အခွင့်အရေးချိုးဖောက်မှုတွေ လုပ်လာတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက အိမ်တွင်း အကြမ်းဖက်မှုတွေကို အများဆုံး ခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မေး။ ။ ဘာကြောင့် အခုလို အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုများလာတာလဲ။

ဖြေ။ ။ ဘာကြောင့်အခုလို အခွင့်အရေးချိုးဖောက်မှုတွေ များလာသလဲဆိုတော့ ခုနက ပြောသလိုပဲ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူး။ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကုန်ဈေးနှုန်း မပြေလည်နိုင်တဲ့အတွက်ကြောင့်မလို ခုနက ပြောတဲ့ အမျိုးသမီးတွေ အခွင့်အရေးချိုးဖောက်ခံရမှု တိုက်ရိုက်ဆက်စပ်နေလို့ အဲလိုပဲမြင်ပါတယ်။

မေး။ ။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို KyWO အနေနဲ့ ဘယ်လို အကူအညီတွေ ပေးနေလဲ။

ဖြေ။ ။ ကျမတို့ ကယန်းအမျိုးသမီးအစည်းအရုံးအနေနဲ့ ကျမတို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ပေးသလဲဆိုရင်တော့ ကျမတို့ ဆွေးနွေးနှစ်သိမ့်မှုတွေ လုပ်ပေးတာတွေ ရှိတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးတယ်။ ဥပမာပေါ့နော် ဘယ်လိုပေးလဲဆိုရင် အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ဆေးရုံသွားမယ်ဆိုရင် ဆေးကုသစရိတ်ထောက်ပံ့ပေးတာရှိပါတယ်။ ပြီးတော့မှ တရားရုံးသွားပြီးတော့မှ တရားရင်ဆိုင်ဖြေရှင်းဖို့ သွားရမယ်ဆိုရင်လည်း ကျမတို့ ခရီးစရိတ်ထုတ်ပေးတာရှိတယ်။ ပြီးတော့ ကျမတို့ ရှေ့နေနဲ့ ချိတ်ဆက်ပေးတာရှိတယ်။ နောက်တခုအနေနဲ့ ကျမတို့ဒီ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု မရှိတော့ဘူးဆိုရင် ကျမတို့က အခြား GBV လုပ်ဆောင်နေတဲ့ဒီ အသင်းအဖွဲ့တွေကို ချိတ်ဆက်ပြီးတော့မှ Safe house ကို လွှဲပြီးတော့မှ လွှဲပြောင်းပေးတာလည်း ရှိပါတယ်။

မေး။ ။ ဒီအကြမ်းဖက်မှုတွေကို ကူညီဖြေရှင်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။

ဖြေ။ ။ အမှုတွေကို ကူညီဖြေရှင်းတဲ့အခါမှာ ကျမတို့ ဘယ်လိုမျိုးကြုံတွေ့ရလဲဆိုတော့ အရင်ဆုံးအကြမ်းဖက်ခံရသူတွေက သူ့ရဲ့ အဖြစ်အပျက်တွေကို သူပွင့်ပွင့်လင်းလင်းမပြောတာကလည်း ကျမတို့အတွက် အရမ်းစိန်ခေါ်မှုဖြစ်တယ်။ နောက်ပြီးတော့မှ ဒီအကြမ်းဖက်ခံရသူတွေကို ကျမတို့ခေါ်ထုတ်ပြီးတော့မှ ကူညီပေးရတာလည်း ကျမတို့အတွက် အခက်အခဲအရမ်းဖြစ်တယ်။ နောက်တစ်ခုက ကျမတို့ရဲ့ တရားစီရင်ရေးက ထိရောက်စွာ မကိုင်တွယ် ဖြေရှင်းတဲ့အခါမှာလည်း အခက်အခဲရှိတယ်။ ကျမတို့အတွက် အများကြီးစိန်ခေါ်မှုဖြစ်တယ်ပေါ့နော။ နောက်တစ်ခုက ဘာသာစကား အခက်အခဲရှိတယ်ပေါ့နော။ ဥပမာ တရားရေးကို သွားတဲ့အချိန်မှာ အရင်က တရားရုံးသွားတဲ့အချိန်မှာ အခက်အခဲသိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်တွေ ထားရှိပေးတာပေါ့နော။ လက်ရှိအခြေအနေမှာတော့ တရားရုံးတွေသွားတဲ့အချိန်မှာ ဘာသာပြန်တွေ မထားရှိပေးတဲ့အချိန်မှာတော့ ဒီကျူးလွန်ခံရတဲ့သူတွေအနေနဲ့ အမှုမှန်ပေါ်ပေါက်နိုင်ဖို့အရေး ပုံမှန်လုပ်ဆောင်ပေးတဲ့ တရားရုံးက မရှိတဲ့အပေါ်မှာ အရမ်းစိန်ခေါ်မှုဖြစ်ပါတယ်။ နောက်တစ်ခုက ကျမတို့အတွက် အဓိက စိန်ခေါ်မှုကြီးက ဒီကျူးလွန်တဲ့သူတွေကိုယ်တိုင်က ကျမတို့ကို ကူညီပေးတဲ့ အသင်းအဖွဲ့ပဲဖြစ်ဖြစ် ကျမတို့ကို ကူညီပေးတဲ့ပုဂ္ဂိုလ်ကို ပြန်ပြီးတော့ ခြိမ်းခြောက်တာတွေ ပြုလုပ်တာတွေလည်း ကြုံတွေ့နေရပါတယ်ပေါ့နော။

spot_imgspot_imgspot_imgspot_img

More from the blog

KNDF ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) မတ်လအတွင်း ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ကရင်နီပြည်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေ၊ တိုက်ပွဲကြောင့် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ရှောင်လူထုတွေရဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။ https://youtu.be/8DLngFbR4J4

ဒီးမော့ဆိုအရှေ့ခြမ်းကနေ အနောက်ခြမ်း ‌ရွေ့ပြောင်းလာရတဲ့ စစ်ရှောင်တွေရဲ့ ‌ပြောစကားတချို့

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေ ဖြစ်ပွားတာတွေ ရှိတဲ့အတွက် စစ်ရှောင်တွေဟာ ဘေးလွှတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီလို ထွက်ပြေးတိမ်းရှောင်ရင်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ရောက်ရှိသွားသူတွေလည်းရှိနေပါတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ရောက်ရှိသွားသူတွေဟာ လက်ရှိမှာ ဘာတွေကြုံတွေ့နေရလဲ။ ဘယ်လို အခက်အခဲတွေရှိနေသလဲ။ သူတို့ရဲ့...

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ထပ်ဆင့်ပြောင်းရွေ့နေကြရတဲ့ စစ်ရှောင်လူထုတချို့ရဲ့ ပြောစကား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်တဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကနေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်လူထုတချို့ရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်မှ တွေ့ဆုံမေးမြန်းထားတာတွကို တင်ဆက်ပေးလိုက်တယ်။ ထပ်ဆင့်ပြောင်းရွေ့တိမ်းရှောင်နေရတဲ့ လူထုတွေဟာ နေရာထိုင်ခင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေဆဲ ဖြစ်ပါတယ်။ https://youtu.be/pFWfwuBvmJI

လက်နက်ကြီးသံကြားက နွေစပါးစိုက်ပျိုးနေရတဲ့ စစ်ရှောင်တောင်သူတို့ရဲ့ စကားသံ

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ရှောင်နေကြရပေမယ့် ရေရှည်စားသောက်ရေးအတွက် လက်ရှိမှာလည်း လက်နက်ကြီးသံကြားကနေ လယ်ယာစပါး စိုက်ပျိုးနေကြရပါတယ်။ လက်နက်ကြီးသံကြားမှာ စပါးစိုက်ပျိုးနေကြတဲ့ ဒီးမော့ဆိုမြို့ စစ်ရှောင်တောင်သူ တချို့ရဲ့ စကားသံတွေကို တင်ပြပေးလိုက်ပါတယ်။ https://youtu.be/JRtwxdlmIhE စစ်ရှောင်တောင်သူတစ်ဦး “စိတ်ထဲမှာ တအားခံစားတာပေါ့။...