spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စည်ကားတဲ့မြို့ငယ်လေး မှ ချောက်ချားစရာ မြို့ တဖြစ်လဲ ” ဒီးမော့ဆို”

Author

Date

Category

မူဖိလစ်စတာ/ ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဒီးမော့ဆိုမြို့ကို ငွေတောင်ပြည်လို့လည်း ခေါ်ဝေါ်သမုတ်၊ လူသိများကြပါတယ်။

ကယော၊ကယန်း၊ကယား စတဲ့ လူမျိုးစုတွေ အများဆုံးနေထိုင်ကြပြီး၊ အနည်းစုမှာတော့ ဂေါ်ရ်ခါး ၊အင်းသား၊ ပအိုး၀် လူမျိုးစုတို့ စုပေါင်းနေထိုင်ကြပါတယ်။ အများစုက တောင်ယာ၊ လယ်ယာ လုပ်ငန်းနဲ့သာ အသက်မွေး၀မ်းကျောင်းပြုကြသူတွေပါ။

ဒီးမော့ဆို မြို့နယ်မှာ တောင်ပေါ်ဒေသ ၊မြေပြန့်ဒေသ ဆိုပြီး ရှိပါတယ်။ တောင်ပေါ်ဒေသမှာ ကယောလူမျိုး အများစုနေထိုင်ကြပြီး၊ ကယန်း၊ ကယားလူမျိုး တို့လည်း အနည်းငယ်နေထိုင်ကြပါတယ်။ မြို့ပေါ် ဒေသခံမှအပ မြို့နယ်အတွင်းရှိ ကျေးရွာများက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။

” ကျမတို့က ပုံမှန်အားဖြင့် လယ်ထဲမှာ စပါး နဲ့ ဟင်းသီးဟင်းရွက်အစုံ စိုက်တယ်။ စားဆီအတွက် မြေပဲစိုက်တယ်။ ကျမတို့စိုက်ပျိုးရာသီကုန်မှပဲ ဟင်းသီးဟင်းရွက်တွေကို ၀ယ်စားရတာပေါ့နော” လို့ ဒေသခံတဦးက ပြောပါတယ်။

ကရင်နီပြည်ရဲ့ ရိုးရာအစားအစာဖြစ်တဲ့ ခေါင်ရည်၊ ၀က်အူချောင်း တို့ကို ဒီးမော့ဆိုမြို့မှာ တွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်သလို အလွယ်တကူရယူနိုင်ပါတယ်။

ကရင်နီရိုးရာ အစားအသောက်၊ ရိုးရာအ၀တ်အထည်တွေ နဲ့ ခရီးသွားတွေရဲ့ စိတ်ကိုညို့ယူ နိုင်တဲ့ ဒီးမော့ဆို မြို့နယ်သေးသေးလေးက တချိန်က လူစည်ကားခဲ့တဲ့ မြို့တမြို့ပါ။

တနှစ်ပတ်လုံး ပွဲလမ်းသဘင် အမျိုးမျိုး ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ ခရစ္စမတ်ပွဲတော်၊ နှစ်သစ်ကူးပွဲတော်၊ တံခွန်တိုင်ပွဲတော်၊ သင်္ကြန်ပွဲတော်၊ ဒီးကူပွဲတော် နဲ့ အခြားသော ရိုးရာပွဲတော်ပေါင်းများစွာနဲ့ လူမျိုး၊ ဘာသာ အသီးသီးတိုင်းရဲ့ပွဲတော်တွေနဲ့ တနှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်နေပါတယ်။

” ဒီပွဲတွေအကုန်လုံးပြန်ပြီးတော့ လွမ်းမိတယ်ပေါ့။ ခရစ္စမတ်ပွဲတွေဆိုလည်း ဒေါငံခါးပွဲတို့ဆိုလည်း အရမ်းလူစည်ကားပြီးတော့ နာမည်ကြီးခဲ့တယ်ပေါ့နော။ အခုချိန်မှာဆို ဒေါငံခါးလည်း မြို့ပျက်ကြီးလို ဖြစ်သွားတဲ့သဘော မျိုးပေါ့” လို့ ဒီးမော့ဆို မြို့ခံ တဦးကပြောပါတယ်။

လူမျိုးစု သို့မဟုတ် ဘာသာ တခုရဲ့ ပွဲတော်နေ့မှာ တခြားမတူညီတဲ့ လူမျိုးစု သို့မဟုတ် ဘာသာ၀င်တွေက အလည်လာကြပြီး ၀ိုင်းဖွဲ့စကားပြောကြဆိုကြရင်း ရင်းနှီးမှုရယူကြလေ့ရှိပါတယ်။

စည်ကား သာယာတဲ့ ဒီးမော့ဆို မြို့နယ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီး လေးလအကြာမှာပဲ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

ထိုအချိန်ကစလို့ ဒီးမော့ဆိုမြို့ဟာ ကောင်းကင်ဘုံမှ ငရဲဘုံအလား တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်ရဲ့ လူဦးရေ ၆၀% လောက်ဟာ စစ်ဘေးဒုက္ခသည်အဖြစ်သို့ရောက်သွားပါတယ်။ ဒီးမော့ဆိုမြို့အတွင်းက ကျေးရွာအသီးသီးမှ အကုန်လုံးနီးပါးသော လူငယ်များကလည်း လက်နက်ကိုင်တော်လှန်ကြပါတော့တယ်။

ကိုယ်လွတ်ရုန်း စစ်ပြေး ပြေးခဲ့ကြရပြီးနောက် ကျေးရွာတခုထဲရှိ ရွာသားအချင်းချင်းတောင် ပြန်ဆုံတွေ့ဖို့ဆိုသည်ကလည်း မလွယ်လှတော့။

တိုင်းရင်းသား လူမျိုးစုတွေရဲ့ပွဲတော်တွေကိုလည်း မပပျောက်ရုံတမယ် ကျင်းပနိုင်ကြပါတော့တယ်။ အခုဆိုရင် စည်ကားသိုက်မြိုက်ခဲ့တဲ့ ပွဲလမ်းသဘင်တွေလည်း မကြုံရ မကြားရသလောက် ဆိတ်ငြိမ်သွားခဲ့ပါပြီ။

အချိန်တွေကြာလာတာနဲ့အမျှ တမြို့နယ်လုံး သုသာန်တစပြင်အလား၊ လူသူ အသွားအလာမရှိတော့။ လက်နက်ကျည်ဆံတွေကြောင့် နေအိမ်တွေ ပျက်စီးနေသလို၊ အသွားအလာ မပြတ်ခဲ့တဲ့ အဓိက လမ်းမကြီးတွေမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့လို့ ကျန်နေရစ်တဲ့ ချိုင့်ခွက် တွေက ဒုနဲ့ ဒေးပါ။

မြို့ပေါ် ရပ်ကွက် နဲ့ ကျေးရွာတွေရဲ့ ရွာလယ်လမ်းတွေ၊ လူနေအိမ်ခြံဝန်းတွေ စတဲ့ နေရာတိုင်းမှာ လူတရပ်စာ ထက်မက မြင့်တဲ့ ခြုံနွယ် ပိတ်ပေါင်း ထူထပ်နေပါတယ်။ အိမ် ၊ အဆောက်အဦး တော်တော်များများကလည်း လက်နက်ကြီးကျည် ၊ လေယာဥ်ဗုံး ကြောင့် အမြင်မတော်အောင် ပျက်စီးနေပါတယ်။

” စစတုန်းက အိမ်နဲ့ယှဥ်ရင်တော့ အိမ်တိုင်းပျက်တယ်။ တချို့အိမ်တွေဆိုရင် မပျက်ဘူးလို့ထင်ရပေမဲ့ တချို့အိမ်တွေကျတော့ လက်နက်ကြီးတွေ ကျည်ဆံရာတွေ။ အရမ်းမပျက်ရင်တောင်မှ ကျည်ဆံရာတွေရှိကြတယ် အဲလိုမျိုးပေါ့နော” လို့ ဒီးမော့ဆိုမြို့ခံ တဦးက ပြောပါတယ်။

ခြံ၀န်း အုတ်တံတိုင်းတွေဟာလည်း ကျည်ဆံတွေကြောင့် အပေါက်ကြီး၊ အပေါက်ငယ် စသဖြင့် စုံအောင် အပေါက်တွေဖြစ်နေပါတယ်။ ဒီးမော့ဆို မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေဟာ နှစ်နှစ်ကြာ တပ်စွဲနေထိုင်ခဲ့ပါတယ်။

ဒေသခံ လက်နက်ကိုင် နဲ့ စစ်ကောင်စီကြား တိုက်ပွဲမကြာမကြာဖြစ်ပေမဲ့ စစ်ကောင်စီတပ်တွေကို အပြီးအပိုင် ဆုတ်ခွာစေတဲ့ အနေအထားထိ တကြိမ်တခါမျှ မရှိခဲ့ပါဘူး။

၂၀၂၃ ခုနှစ် နို၀င်ဘာလမှာ လွိုင်ကော်မြို့တွင်း ပြင်းထန်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေး စစ်မီးဟာ ဒီးမော့ဆို မြို့ထိကူးစက်လာပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ကလည်း သက်ဆိုင်ရာ စစ်စခန်းဆီ ပြန်လည်တပ်ဆုတ်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဆုတ်ခွာသွားခဲ့ပေမဲ့လည်း ၎င်းတို့တပ်စွဲခဲ့တဲ့ နေရာအနှံ့က နေအိမ်ခြံ၀င်း အတွင်း ‘မြေမြုပ် မိုင်း’ တွေကို မရေမတွက်နိုင်အောင် ထောင်ထားခဲ့ပြန်ပါတယ်။ စစ်ကောင်စီတပ်သားမရှိတော့ပေမဲ့ မိမိနေအိမ် ဆီပြန်ဖို့ ဒေသခံတွေက ကြောက်လှန့်နေကြဆဲပါ။

ညိုမှိုင်းနေတဲ့ မိုးတိမ်အောက်က မီးလောင်ပြာကျသွားတဲ့ အိမ်တွေကို မြင်တွေ့ရတဲ့ခံစားချက်ဟာ ထူးဆန်းနေပါတယ်။ ဘယ်ကမှန်းမသိ အခဲလိုက်ဖြစ်နေတဲ့ သောကတွေ တပြိုင်ထဲ လာရောက်ပြီး သက်ပြင်း ရှည်ကြီးချရတဲ့ အခိုက်အတန့်။

” တွေ့နေရတယ်။ မီးလောင်ပြာကျသွားတဲ့အိမ်တွေ အများကြီးပဲ။ အဲ့တာတွေ့တဲ့ခါ ကျမ ရင်ထဲဘယ်လိုမှ မပျော်ရွှင်နိုင်ဘူး။ ကိုယ့်အိမ် မဟုတ်ပေမဲ့ တော်တော် ပုံပျက်ပန်းပျက် ပြာကျသွားတဲ့ အိမ်တွေတွေ့ရင်၊ အော ငါတို့မြို့က ဒီလိုပျက်စီးနေပြီပဲ လို့တွေးမိရင်း စိတ်မကောင်းဖြစ်တာ။” လို့ ဒီးမော့ဆိုမြို့ခံတဦးက ပြောပါတယ်။

ချောက်ချားစရာကောင်းတဲ့ ဒီးမော့ဆိုမြို့မှာ တဖြူးဖြူးဖြတ်တိုက်နေတဲ့ လေအေးအေးကြောင့် မြို့တွင်းလမ်းမပေါ် ရှိနေတဲ့ စာရေးသူကို ကြက်သီးမွေးညှင်းတွေ ထစေတဲ့ အထိပါပဲ။ ယခုနေတော့ တချိန်က စည်ကားပြီး နွေးထွေးလုံခြုံမှုအပြည့်ရှိခဲ့တဲ့ ဒီးမော့ဆိုမြို့ဆီက လုံခြုံမှု တစုံတရာကို မရနိုင်တော့ပါဘူး။

စားသောက်ဖွယ်ရာပေါများပြီး ခရီးသွားတွေနဲ့ အတူ ဒေသခံတွေနဲ့စည်ကားခဲ့တဲ့ မြို့ငယ်လေး ” ဒီးမော့ဆို”ရဲ့ အသွင်ကို တနေ့နေ့မှာ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ မြို့ခံဖြစ်တဲ့ စာရေးသူအပါအဝင် ကျန်တဲ့ ဒီးမော့ဆိုမြို့ ခံတွေမှာ ရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts