spot_img
Thursday, February 22, 2024
spot_imgspot_imgspot_imgspot_img

စာသင်ကျောင်းမှာ ‘စွန်း’ တဲ့ ကျောင်းသားငယ်လေးတို့ရဲ့ ‘သွေး’

မူဖိလစ်စတာ / ကန္တာရ၀တီတိုင်း (မ်)

ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ခင်းလေးရဲ့ အေးစိမ့်စိမ့်ရာသီဥတုလေးနဲ့အတူ မနက် ၉ နာရီ ကျောင်းတက်ခေါင်းလောင်းထိုးပြီ။ ကွင်းပြင်မှာ ပြေးလွှားဆော့ကစားနေကြတဲ့ ကျောင်းသားငယ်လေးများကလည်း သက်ဆိုင်ရာ အတန်းထဲ ပြေး၀င်ကုန်ကြပြီ။ အလယ်တန်းကျောင်း ဖြစ်လို့ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကျောင်းသားတွေ ၂၀၀ ကျော် ပြည့်နှက်နေတဲ့ စာသင်ကျောင်း။

ကျောင်းစာသင်ခန်းတိုင်းကလည်း ကလေးငယ်များ စာဖတ်သံ၊ ဆော့ကစားသံတွေနဲ့ ဆူညံနေပါတယ်။ ကလေးငယ်များအပါအ၀င် ကျောင်းဆရာ၊ ဆရာမ တွေမှာလည်း တစုံတရာကို အထူးတလည် စိုးရိမ်နေမှုမရှိခဲ့။ အရာအားလုံးက သာမန်ဖြစ်နေခဲ့ပါတယ်။

၉ နာရီခွဲ ၀န်းကျင်ရောက်သွားခဲ့ပြီ။ လေစိမ်းတွေလည်း တိုက်ခတ်လာပြီး စာဖတ်သံ နဲ့ ဆူညံနေခဲ့တဲ့ ကျောင်းအတန်းတွေအကြား ကျယ်လောင် စူးရှတဲ့ အသံတခု “ရွှီး” ခနဲ ကြားရပါတော့တယ်။

ကောင်းကင်ယံကလာတဲ့ အသံတခုဟာ အလွန်မြန်ဆန်နေပြီး စာဖတ်သံတွေနဲ့အတူ လုံးထွေးနေခဲ့ပါတယ်။ လျှပ်စီးလက်သလိုပဲ မြန်လွန်းလှတဲ့ အသံဟာ ကျယ်သည်ထက် ကျယ်လာပါတယ်။ သေချာပါပြီ.. အလွန်မြန်ဆန်ပြီး အဝေးကနေကြားရုံတင် ကြက်သီးမွေးညင်း ထစေတဲ့ ‘တိုက်လေယာဥ်’ အသံပါ။

” ၉ နာရီကျော်မှာ။ ကျမတို့က ကလေးတွေကို စာသင်မယ်လုပ်နေတဲ့အချိန်မှာ အသံ၀ုန်းဒိုင်းကြားတာနဲ့ ပုန်းဖို့တောင် အချိန်မရတော့ဘူး။ အသံကြားတာနဲ့ လက်နက်က ကျနေပြီ။ တချို့တော့ ပုန်းတော့ပုန်းတယ်။ တချို့က ပုန်းမမီတော့ဘူး။ အငယ်တန်း ကလေးတွေကတော့ ဆက်သွယ်ရေးမြောင်းမှာတော့ တချို့တော့ ပြေးတော့ပြေးတယ်။ အကြီးတွေကတော့ ပြေးပေမဲ့လည်းမမီတော့ အဲ့မှာပဲ တန်းလန်းကြီးနဲ့ ဖြစ်သွားတော့။ ကျမကလည်း ဘယ်ကနေဘယ်လို သွားကာကွယ်ရမှန်းမသိတော့ဘူး ကလေးတွေကို။ ဖြစ်တဲ့အဖြစ်က မြန်တယ်။ မြန်ဆန်တယ်”

အလယ်တန်းကျောင်းမှာ စာသင်နေတဲ့ ဆရာမတဦးက ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြတာပါ။

ဗုံးသီးကြီးကိုချတော့မဲ့ တိုက်လေယာဥ်တစင်းက လင်းယုန်ကသားကောင်ဖမ်းဖို့ ကောင်းကင်ယံမှ ထိုးဆင်းလာသလို ကျောင်းခေါင်မိုးပေါ်ကို ထိုးဆင်းလာတာပါ။ အသံက ကျယ်လောင်ရာမှ စူးထွက်သွားပြီး ပေါင် ၅၀၀ ဗုံးသီး၂ လုံးက ကျောင်းဆောင်ခေါင်မိုးပေါ်တည့်တည့်မှာ တလုံး၊ ကျောင်းဆောင်နောက်ဘက်မှာ တလုံး ကျလာပါတေ့ာတယ်။

ကလေးငယ်တွေမှာလည်း ပြာယာခတ်ပြီး ကျောင်းအနားက တူးထားတဲ့ ကာဗာကျင်းထဲ ပြေး၀င်ဖို့ အလူးအလိမ့် ဖြစ်ကုန်ပါတော့တယ်။

“ဆရာမက မအားလို့ စာကျက်ခိုင်းတာ၊ စာနည်းနည်းလေးကျက်တော့ လေယာဉ်လာတယ်။ လေယာဉ်လာတော့ လာ…ပြေး ဆိုပြီးတော့ ကျင်းပုန်းထဲ သွားပုန်းတာ။ တချို့ဆို မဝင်မီတော့ဘူးလေ။ တချို့ထိသွားတယ်။”

ဗုံးကြဲမှုဖြစ်စဉ်မှာ ရှိနေတဲ့ အမျိုးသမီးငယ်လေးတဦးက ပြန့်ကျဲပျက်စီးနေတဲ့ သူမအတန်းထဲကလို့ ယူဆရတဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးပျက်ထဲမှာ စာအုပ်လေးတွေကို ကောက်ယူရင်း သူမ ဘယ်လောက်ကြောက်နေရှာမလဲဆိုတာကို တွေးဆမိမှာပါ။ အထက်ပါစကားကို သူမပြောနေချိန်မှာတော့ မျက်ရည်မကျရုံသာ ထိန်းပြီး တုန်ရီနေတဲ့အသံနဲ့ ပြောပြနေရှာပါတယ်။

ပြေးလွှားတဲ့ကြားက ကျောင်းသား သုံးဦးဟာ အရုပ်ကြိုးပြတ်လှဲကျပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ နောက်တဦးမှာတော့ ဆေးရုံအသွားလမ်းမှာ အသက်သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ကျောင်းသားတွေဟာ ခွန်းဆန်းလှိုင် ၁၄ နှစ်၊ ခွန်းအေဒိုထူး ၁၄နှစ်၊ ခွန်းအယ်လယ်သ ၁၄ နှစ်၊ ခွန်းခရစ္စတိုဖာ ၁၂ နှစ် တို့ဖြစ်ပြီး ခန္ဓာကိုယ်တစစီနဲ့ သွေးမြေခခဲ့ရပါတော့တယ်။

အလယ်တန်းကျောင်းကို ပစ်ခတ်မှုအပြီးမှာပဲ လွိုင်နန်းဖကျေးရွာက အထက်တန်းကျောင်းဆီ တန်းတန်းလှည့်ကာ ပေါင် ၁၂၀ ဗုံး၊ ပွိုင့် အိတ် (.8 ) တွေနဲ့ ၁ နာရီကြာ တရစပ် ပစ်ခတ်ပါတော့တယ်။ ပေါင် ၅၀၀ ဗုံး လည်း ကြင်နာမှုမရှိ ကြဲချလိုက်ပါတယ်။ လေယာဥ်တလှည့် လက်နက်ကြီးတလှည့် အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ ကျောင်းသူတဦးက ပြောပြပါတယ်။

ကျောင်းသားတွေကလည်း လေယာဥ်သံကြောင့် သတိလစ်မေ့မြောသွားသူနဲ့၊ အော်ဟစ်ငိုယို သူတို့ကလည်းငိုနေနဲ့ ထိတ်လန့်တုန်လှုပ်နေခဲ့ရပါတယ်။ ပြတင်းပေါက်ကတဆင့် ခုန်ထွက်ဖို့ အလုအယက် ကြိုးစားကြသလို၊ တချို့ကလည်း စာသင်ခုံအောက်မှာပဲ ၀ပ်နေရင်း၊ တချို့ကလည်း ကာဗာကျင်းထဲအချိန်မီပြေးနိုင်ခဲ့ပြီး၊ အဲ့ဒီမနက်ခင်းဟာ သွေးပျက်နေတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဦးတည်ရာမဲ့၊ ကူရာကယ်ရာမဲ့နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ မိဘတွေအပြင် အဝေးက မြင်သူတွေမှာလည်း မကူနိုင်မကယ်နိုင် အော်ဟစ်ရုံသာ တတ်နိုင်ခဲ့ကြပါတယ်။

ဗုံးကြဲမှုကြား ပြေးလွှားရင်းသေဆုံးသွားခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာကိုမြင်ယောင်မိတဲ့ မြင်ကွင်းဟာ မီးတောင်ထဲမှချော်ရည် ပေါက်ထွက်လာသလို ဆရာမတယောက်ရဲ့ရင်ထဲကို ပူလောင်စေပြီး ထိန်းမရ တားမရတဲ့မျက်ရည်တွေ တသွင်သွင်စီးကျလာစေပါတယ်။

“ညညဆို ဘယ်လိုဖြတ်သန်းရလဲဆို သူတို့ ဒီမသမာမှုလုပ်ရပ်ကြောင့် ကျမတို့ အရမ်းခံစားရတယ်။ ပိုဆိုးတာက ဒီလိုမျိုး ကိုယ့်တပည့်လေးတွေက အသက်ဆုံးရှုံး ရတာတွေ့ရတော့ ပိုခံစားရတယ်။ အိပ်လို့မရဘူး။ အိပ်လို့မပျော်ဘူး။ သူတို့ကိုမြင်ယောင်တိုင်း မျက်ရည်ကျမိပါတယ်။ အရမ်းခံစားရတယ်”

ဒါဟာ ဗုံးကြဲခံရမှုဖြစ်စဥ်အတွင်း ပြေးလွှားအော်ဟစ်နေတဲ့ ကျောင်းသားတွေရဲ့ အသံ သူတို့ရဲ့ပူပန်မှုကို မြင်တွေ့ခဲ့ရတဲ့ ကျောင်းဆရာမတဦးရဲ့ ရင်ဖွင့်သံပါ။

“ကျနော် ဘာကိုမှ ဘယ်လိုမှ မပြောတတ်တော့ဘူး။ ကလေးတွေ စာသင်ဆောင်ကို အဲ့လိုပစ်မှတ်ထားပြီးမှ အဲ့လိုလာတိုက်ခိုက်တာ တကယ်ကို တအားခံစားရတယ်။
နှလုံးရောဂါ ရမတတ်ဘဲ ဆရာရေ”

အဲ့ဒီဖြစ်စဉ်မှာ ရှိနေတဲ့ ကျောင်းဆရာတဦးက ဆရာဖြစ်နေတာကြောင့် မျက်ရည်မကျရုံတမယ် ထိန်းထားပြီး သူ့တပည့်လေးတွေရဲ့ ဖြစ်စဉ်အတွက် စကားလုံးတွေ မဲ့နေရပါတယ်။

‘စာသင်ကျောင်း’ ဟာ ကလေးတွေကို လူမှုသဟဇာတဖြစ်အောင် သင်ကြားပေးတဲ့နေရာတခုဖြစ်သလို ကလေးတွေကို အကာအကွယ်ပေးနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။

စစ်ဥပဒေမှာလည်း စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦး၊ အရပ်သားလူထု နေထိုင်အရာအရပ်တွေကို တိုက်ခိုက်ခြင်းနှင့် စစ်လက်နက်ပစ္စည်းသိုလှောင်မှုများ မပြုလုပ်ရန် ပါ၀င်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်မည်ဆိုပါက စစ်ရာဇ၀တ်မှုမြှောက်တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားက ပြောပါတယ်။

“လူတွေ ကလေးတွေကြားမှာ အပြန်အလှန်သင်ယူမှု။ အပြန်အလှန်လေးစားသမှုပြုမှုက ကျောင်းကနေစကြတယ်။ ပညာရေးစနစ်ဆိုတာ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာ။ ပြီးတော့ ကျား၊မ တန်းတူမှုကို အာမခံပေးတဲ့နေရာလည်း ပညာရေးစနစ်တွေ ကျောင်းကနေသွားတာ။ အဲ့ကြောင့်မို့ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် ကျောင်း ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို ကျနော်တို့ ကြည့်ရုံတင် မကသေးဘူး။ လူတွေရဲ့ ကလေးတွေရဲ့အနာဂတ် အတူတကွပေါင်းသင်းနေနိုင်မှု၊ လူ့အခွင့်အရေး အပြန်အလှန်လေးစားသမှုပြုမှု ဆိုတဲ့ လူအခွင့်အရေး အခြေခံ စဥ်းစားချက်တွေ။ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးကို အာမခံတဲ့နေရာ အတူတကွ သင်ယူတဲ့နေရာကို ပျက်စီးသွားတဲ့အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းမှုကို ဖျက်ဆီးတယ်”လို့ ဦးဗညားက ပြောပါတယ်။

စာသင်ကျောင်းဟာ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးတဲ့နေရာဖြစ်လို့ အခုလို ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းက ငြိမ်းချမ်းရေးကို ဖျက်ဆီးတာလို့ ပြောဆိုသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးလာနေတဲ့ ပညာရေးတခုကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့လည်း ဦးဗညားက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ လွိုင်နန်းဖက အထက်တန်းကျောင်းနဲ့ ဒေါဆီးအီမှ အလယ်တန်းကျောင်း နှစ်ကျောင်းလုံးဟာ ပုံပျက်ပန်းပျက် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

စာသင်နေရင်းတန်းလန်း ဘု မသိ၊ ဘ မသိ ၀ရုန်းသုန်းကား ထပြေးကြရတဲ့ကျောင်းသားတွေရဲ့ စိတ်မကောင်းစရာ မြင်ကွင်း၊ ကာဗာကျင်းထဲမှာ နားပိတ်ရင်း ငိုနေတဲ့ ကျောင်းသားလေးများမှာ မြင်ရသူတိုင်းရဲ့ ရင်ကိုတဆစ်ဆစ်နာကျင်အောင် ထုနှက်နေခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားပေါင်း ၈၀၀ ကျော်ဟာ ပညာဆက်လက်သင်ကြားနိုင်ခြင်း မရှိတော့ပဲ စိတ်ဒဏ်ရာတပွေ့တပိုက်နဲ့သာ နေ့ရက်ကို ဖြတ်သန်းနေရပါတော့တယ်။

အဆိုပါ ကျောင်းသား ၈၀၀ ကျော်ထဲက တချို့ကို စာသင်ကြားပေးနေစဉ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ထဲ တပည့်ကလေးတွေနဲ့အတူ သွေးပျက်ခဲ့ရတဲ့ ကျောင်းဆရာမတဦးကတော့ “ဒီလိုအပြစ်မဲ့တဲ့ ကလေးတွေကို လာရောက်ဦးတည်တိုက်ခိုက်ခြင်းအားဖြင့် သူတို့အတွက်ကော ဘာအကျိုးရလဒ်တွေ ရှိသွားလို့လဲပေါ့နော။ အဲ့ဒါကြောင့် နောက်နောင်ကျရင် ဒီလိုအပြစ်မဲ့တဲ့ ကလေးတွေကို မပြုလုပ်ဖို့ ကျမက တောင်းဆိုချင်တယ်။ သက်ဆိုင်ရာလူကြီးတွေကိုလည်း ထိထိရောက်ရောက် အရေးယူခိုင်းစေချင်ပါတယ်။” လို့ တောင်းဆိုသွားပါတယ်။

spot_img
spot_img