spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စာသင်ကြားနေချိန် လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲခံရမှာကို ကရင်နီက ကျောင်းဆရာတွေစိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် စာသင်ကြားနေချိန်မှာ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို ကရင်နီပြည်က ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ ကလေးငယ်တွေ ပညာရေးအဆက်ပြတ်မသွားဖို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားကြပေမဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုဒဏ်တွေကို မကြာခဏ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာမတွေက ပြောပါတယ်။

“လက်နက်ကြီးကလည်း အရင်ကကျောင်းမှာထိထားပြီးသားပေါ့နော။ ထိထားပြီးသားဆိုတော့ အခုက ပိုပြီးတော့ စိုးရိမ်တယ် လေယာဉ်သံကြားပြီဆိုလို့ရှိရင်လည်း ဘယ်နားပြေးရမလဲပေါ့နော။ အမြဲထိတ်လန့်နေရတယ် စာသင်လို့ရှိရင်လည်း ကလေးတွေလည်း လေယာဉ်သံကြားပြီ လက်နက်ကြီးသံကြားပြီဆိုလို့ရှိရင် သူတို့က စာကိုစိတ်မဝင်စားတာရှိတယ် ကြောက်လန့်နေကြရတယ်ပေါ့နော။ ကလေးတွေလည်း ဘယ်နားပြေးရမလဲ ဘယ်ကိုလုပ်ရမလဲ ဆရာမ အဲ့လိုမျိုးစိုးရိမ်စိတ်နဲ့ပဲဖြစ်နေရတယ်ပေါ့နော။”လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းမြင်ကွင်းတချို့။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

စစ်ကောင်စီဟာ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုတွေကိုပြုလုပ်နေတာဟာ ကလေးတွေရဲ့ ပညာသင်ယူမှုအခွင့်ကို နှောင့်နှေးစေပြီး ကလေးတွေကို ကျောင်းမသွားရဲအောင်၊ မိဘတွေက သူတို့ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ပစ်ခတ်မှုတွေဟာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လအတွင်းမှာ အများဆုံးဖြစ်ပြီး ညသန်းခေါင်ယံအချိန်နဲ့ မနက်စောပိုင်းမှာ တိုက်ခိုက်လေ့ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“အကြမ်းဖျင်းအားဖြင့် မူကြိုတစ်ကျောင်းထိတယ်ပေါ့နော။ ဖရူဆိုအနောက်ဘက်ခြမ်းမှာ နောက်ပြီးတော့ အလယ်တန်းတစ်ကျောင်းထိတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ အဲ့ဒီဟာတွေရှိတယ်။ နောက်ပြီးတော့ တချို့ကျောင်းနဲ့နီးတဲ့ ဧရိယာတွေမှာ ဗုံးကြဲခံရတာတွေရှိတယ်။ ရွာတွေဗုံးကြဲခံရတာရှိတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က ရည်ရွယ်ချက်ရှိရှိ လုပ်တယ်။ အဲ့ဒါက တစ်ကြိမ်ပဲလုပ်လုပ် နှစ်ကြိမ်ပဲလုပ်လုပ် အဲ့ဒီဟာရဲ့ ဆက်စပ်မှုက ဖရူဆိုအနောက်ဘက်ခြမ်းမှာ အခုချိန်ထိ မသေချာ၊ မရေရာစွာနဲ့ ကျောင်း ၄ ၊ ၅၊ ၁၀ ကျောင်းကလည်း တက်ရင်ကောင်းမလား မတက်ရင်ကောင်းမလား ဆိုပြီး ပြဿနာတက်နေသေးတယ်။ နောက်ပြီးတချို့နေရာမှာ ကျောင်းထဲမှာ မသင်ရတော့ဘူးပေါ့ တဲလေးတွေထိုးပြီးတော့မှ အိမ်ကြိုအိမ်ကြားမှာ ဖြန့်ကျဲထားပြီးတော့မှ ကျောင်းတက်နေရတာရှိတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်းဆောင် ၂ဆောင်ရဲ့ အနီးအနားကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ပါသေးတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းသားကလေးတချို့ဟာ ကျောင်းသွားဖို့ ကြောက်လန့်နေခဲ့ရတယ်လို့ သိရှိရပါတယ်။

“ကလေးတွေမှာအပြစ်မရှိပါဘူး ကလေးတွေကို ငြိမ်းချမ်းစွာပညာသင်ကြားခွင့်တော့ ပေးစေချင်တယ်။ ကျမတို့ပြည်သူတွေကိုလည်း ပစ်မှတ်မထားစေချင်ဘူးပေါ့နော။”လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။

ကရင်နီပြည် ကြားကာလကောင်စီ(IEC) ရဲ့စာရင်းအရ ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားနိုင်တယ်လို့ သိရပါတယ်။ အဲဒီ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ဆရာ၊ ဆရာမ ဦးရေ ၃၀၀၀ ကျော်၊ ကျောင်းသားကျောင်းသူဦးရေ ၄သောင်းဝန်းကျင်နဲ့လည်ပတ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ပညာရေးကဏ္ဍရဲ့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Coalition to Protect Education to Attack ရဲ့ စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ်အတွင်း ကမ္ဘာမှာ ပညာရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်ပေါင်း ၃၀၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယအများဆုံးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts