spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စာသင်ခန်းမလုံလောက်သဖြင့် စာသင်ချိန်ကို ခွဲဝေအသုံးပြုနေရတဲ့ စစ်ဘေးရှောင်စာသင်ကျောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် တစ်နေရာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတခုမှ စာသင်ကျောင်းတစ်ကျောင်းဟာ စာသင်ဆောင် လုံလောက်မှုမရှိတဲ့အတွက် စာသင်ချိန်ကို ခွဲဝေ အသုံးပြုနေရတယ်လို့ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“ စာသင်ဆောင်က မြင်တဲ့အတိုင်းပဲ တစ်ဆောင်ပဲ ရှိတယ်။ တစ်ဆောင်တည်းကိုမှ အခန်းက လေးခန်းပဲ ရှိတယ်ပေါ့။ တစ်ခန်းရဲ့ အကျယ်က ကိုးပေပဲ ရှိတော့ ဥပမာ Grade 4 လိုမျိုး အယောက် ၂၀ ရှိတဲ့ကလေးဆိုရင်တော့ လုံးဝကြပ်ကြပ်ညှပ်ညှပ်ပါ့ သင်ရတယ်။ ပြီးတော့ ဆရာ၊ဆရာမ အင်အားရော ဒီလိုကျောင်းဆောင်အခက်အခဲရော သင်ပုန်းရောပေါ့ နေရာအခက်အခဲရော အဲ့ဒီအတွက်ကြောင့် ကျနော်တို့က မူလတန်းကို သုံးရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်တနေကုန် အပြည့်သင်တယ်ပေါ့နော။ ကြာသပတေး၊ သောကြာ၊ စနေ သုံးရက်ကတော့ အလယ်တန်းကို သင်တယ် တစ်ပတ်ကို သုံးရက်သုံးရက်နှုန်းနဲ့ပဲပေါ့။” လို့ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာမ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ မိခင်ဘာသာစကားကို ဦးစားပေးသင်ကြားပေးနေပြီး ကျန်ဘာသာရပ်တွေကိုတော့ အလျင်းသင့်သလို ထည့်သွင်းသင်ကြားပေးတယ်လို့ သိရပါတယ်။

လက်ရှိစစ်ဘေးရှောင်စခန်းအတွင်း ကျောင်းသားဦးရေမှာ မူလတန်း ၆၀ ဦး၊ အလယ်တန်း ၂၃ ဦးနဲ့ အထက်တန်း ၈ ဦး ရှိတယ်လို့ သိရပါတယ်။ အထက်တန်းကိုတော့ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားနိုင်ခြင်း မရှိတာကြောင့် နီးစပ်ရာမှာ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီစာသင်ကျောင်းဟာ အမိုးကို မိုးကာ၊ အကာနဲ့ အခင်းကို ဝါးသက်ပြား၊ စာသင်ခန်း တစ်ခန်းနဲ့တစ်ခန်းအဆက်ကို ဇကာပိတ်စ အစိမ်းရောင်ဖြင့်သာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် စာသင်ကြားချိန်မှာလည်း တစ်ခန်းနဲ့တစ်ခန်း အသံမလုံပဲ ဆူညံနေတဲ့အတွက် တစ်ခန်းမှဆရာမ စာသင်နေချိန်မှာ ကျန်အခန်းတွေက တခြားလှုပ်ရှားမှု( ပန်ချီဆွဲခြင်း၊ စာရေးခြင်း၊ စာဖတ်ခြင်း) စတဲ့ လှုပ်ရှားမှုတွေကို ရွေးချယ်ဆောင်ရွက်ပေးရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

စာသင်ဆောင်ကို ထပ်မံတိုးချဲ့လိုပေမယ့် အလှုရှင်မရှိတာကြောင့် ယနေ့အချိန်ထိ မတိုးချဲ့နိုင်သေးဘူးလို့ ဆရာမက ဆက်ပြောပါတယ်။

“ဆရာမတွေကလည်း CDM လုပ်လာတဲ့သူတွေရှိတယ်။ Volunteer တွေ ရှိတယ်။ ကျနော်တို့လည်း သူတို့ကို ထောက်ပံ့မှု မပေးနိုင်ဘူးပေါ့။ သူတို့ရဲ့ စားဝတ်နေရေး နောက်ပြီး ဒီမှာနေတယ်ဆိုရင် ရေသွားခပ်ရမယ်။ ဟင်းရှာရမယ် စသဖြင့် သူတို့ရဲ့ အိမ်မှုကိစ္စတွေ ရှိမယ်ပေါ့။ အဲ့ဒီလိုတွေ လုပ်လို့ရအောင် ဆိုပြီးတော့ ကလေးလည်း စာသင်ခွင့်ရအောင် ဆရာ၊ ဆရာမလည်း သူ့ရဲ့ ဝမ်းစာရှာဖို့ အချိန်ရအောင် နောက် ဒီလိုမျိုး အခက်အခဲလည်း ရှိတဲ့အခါကျတော့ သုံးရက်စီပဲ သင်ပေးနိုင်တာပေါ့။” လို့ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာမက ဆက်ပြောပါတယ်။

ယခုလို မိုးရာသီ စာသင်ကြားချိန်မှာ မိုးယိုတာကြောင့် မိုးကြီးရင်တော့ စာသင်ချိန်ကို ရပ်နားထားရတာတွေ ရှိခဲ့တယ်လို့ ဆရာမက ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းနေရာမှာ ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် အလှူရှင်တွေလည်း အလွန်နည်းပါးနေတဲ့ စစ်ရှောင်စခန်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်လူထုတွေ စုပေါင်းခိုလှုံလာတာ ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပါတယ်။

ယခု စာသင်ကျောင်းမှာ ပညာသင်ကြားနေရတဲ့ ကလေးတွေဟာ ယခင်နှစ် ဒီဇင်ဘာလအတွင်းမှာ တိုက်ပွဲကြောင့် စတင်တိမ်းရှောင်ရတာ ဖြစ်ပြီး ယခုနေရာကိုတော့ ဒုတိယအကြိမ် ရွေ့ပြောင်းနေထိုင်ရတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts